
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
အမိန့်ကြော်ငြာစာအမှတ် ( ၁၂ / ၂၀၂၄ )
၁၃၈၅ ခုနှစ် ၊ တပို့တွဲလပြည့်ကျော် ၁၀ ရက်
( ၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက် )
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၆ အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အောက်ပါနည်းဥပဒေ များကို ထုတ်ပြန်လိုက်သည်။
၁။ ဤနည်းဥပဒေများကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ ဟု ခေါ်တွင်စေ ရမည်။
၂။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ နည်းဥပဒေ ၁၃ နည်းဥပဒေခွဲ(က)၊ ပုံစံ(င) အပိုဒ် ၂ အပိုဒ်ခွဲ(ည)၊ ပုံစံ(င-၁) အပိုဒ် ၁ အပိုဒ်ခွဲ(စျ) တို့တွင်ပါရှိသော “ရက်ပေါင်း ၉၀” ဆိုသည့် စကားရပ် များကို “ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်မတိုင်မီ အနည်းဆုံး ရက်ပေါင်း ၉၀ ကြိုတင်၍ ကော်မရှင်က အမိန့်ကြော်ငြာစာဖြင့်ထုတ်ပြန်သည့် နေ့ရက်” ဆိုသည့် စကားရပ်များဖြင့် အသီးသီးအစားထိုးရမည်။
၃။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ နည်းဥပဒေ ၁၃ နည်းဥပဒေခွဲ(က)၊ ပုံစံ(င) အပိုဒ် ၂ အပိုဒ်ခွဲ(ည)၊ ပုံစံ(င-၁) အပိုဒ် ၁ အပိုဒ်ခွဲ(စျ)၊ ပုံစံ (စ) အပိုဒ် ၃ တို့တွင်ပါရှိသော “ပါတီဝင်ဦးရေအနည်းဆုံး ၁၀၀၀၀၀” ဆိုသည့်စကားရပ်များကို “ပါတီဝင်ဦးရေအနည်းဆုံး ၅၀၀၀၀” ဆိုသည့် စကားရပ်များဖြင့် အသီးသီးအစားထိုးရမည်။
၄။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများ နည်းဥပဒေ ၂၀ ကို အောက်ပါအတိုင်း အစားထိုးရမည် -
“၂ဝ။ (က) ပါတီတစ်ခုသည် ဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ (က) ပုဒ်မခွဲ ငယ် (၄)၊ (၅)၊ (၆) သို့မဟုတ် (၇) ပါ အချက်တစ်ရပ်ရပ် နှင့်ငြိစွန်း၍ မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ခံရပါက ပါတီပိုင်ပစ္စည်းများကို နိုင်ငံတော်အစိုးရက သတ်မှတ် ပေးသည့် ဌာန၊ အဖွဲ့အစည်းသို့ သတ်မှတ်သည့် နည်းလမ်းအတိုင်း အပ်နှံရမည်။
( ခ ) ပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားခြင်းမရှိ သဖြင့် နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်ဟု မှတ်ယူခံရသောပါတီ သို့မဟုတ် ယင်းပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဆင့်ထက် မနိမ့်သူတစ်ဦးဦးသည် ဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၄)၊ (၅)၊ (၆) သို့မဟုတ် (၇) ပါ အချက်တစ်ရပ်ရပ်နှင့်လည်း ငြိစွန်းမှုရှိကြောင်း စိစစ် တွေ့ရှိရပါက ပါတီပိုင်ပစ္စည်းများကို နိုင်ငံတော်အစိုးရ က သတ်မှတ်ပေးသည့် ဌာန၊ အဖွဲ့အစည်းသို့ သတ်မှတ် သည့် နည်းလမ်းအတိုင်း အပ်နှံရမည်။
( ဂ ) နည်းဥပဒေခွဲ(က)နှင့် (ခ) တို့အရ အပ်နှံသည့်ပစ္စည်း နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းသည် နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက်ရမည်။
(ဃ) ကော်မရှင်တွင် မှတ်ပုံတင်ထားပြီးဖြစ်သော နိုင်ငံရေး ပါတီများသည် ပါတီနှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသောပါတီများပူးပေါင်း၍ ပါတီတစ်ခုတည်းအဖြစ် မှတ်ပုံတင်ခွင့်ရရှိပါက ယခင်ပယ်ဖျက်လိုက်သည့် သက်ဆိုင်ရာ ပါတီအသီးသီး၏ ပါတီပိုင်ပစ္စည်းများကို ပူးပေါင်းဖွဲ့စည်းလိုက်သည့်ပါတီက ဆက်ခံခွင့်ရှိ သည်။”
၅။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ နည်းဥပဒေ ၂၂ ကို အောက်ပါအတိုင်း အစားထိုးရမည် -
“၂၂။ ပါတီတစ်ခုသည် -
(က) မိမိ၏ နှစ်စဉ်ငွေစာရင်းရှင်းတမ်းကို ဘဏ္ဍာရေးနှစ် အလိုက်ရေးဆွဲခြင်း၊ ပါတီပိုင်ပစ္စည်းများနှင့် စပ်လျဉ်း သည့် နှစ်ချုပ်စာရင်းပြုစုခြင်း၊ ယင်းစာရင်းများကို ပါတီတွင်း စာရင်းစစ်ကော်မတီတစ်ရပ် ထားရှိစစ်ဆေး စေခြင်း၊ ပါတီစည်းမျဉ်း၊ စည်းကမ်း၊ ဘဏ္ဍာရေး စည်းမျဉ်းများနှင့်အညီ အတည်ပြုချက်ရယူခြင်းတို့ကို နှစ်စဉ် ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီးနောက် သုံးလ အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ထားရှိရမည်။
( ခ ) ဥပဒေပုဒ်မ ၅ ပုဒ်မခွဲ(ဆ)အရ ငွေစာရင်းဖွင့်လှစ်ထား သည့် ပါတီရန်ပုံငွေကို ကော်မရှင်ကထုတ်ပြန်သည့် အမိန့် သို့မဟုတ် ညွှန်ကြားချက်နှင့်အညီ သုံးစွဲရ မည်။”
၆။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ ပုံစံ(င) အပိုဒ် ၂ အပိုဒ်ခွဲ(ဋ)၊ ပုံစံ(င-၁) အပိုဒ် ၁ အပိုဒ်ခွဲ(ည) တို့တွင်ပါရှိသော “ရက်ပေါင်း ၁၈၀” ဆိုသည့်စကားရပ်များကို “ရွေးကောက်ပွဲ ကျင်းပ မည့်နေ့ရက်မတိုင်မီ အနည်းဆုံးရက်ပေါင်း ၉၀ ကြိုတင်၍ ကော်မရှင် က အမိန့်ကြော်ငြာစာဖြင့်ထုတ်ပြန်သည့်နေ့ရက်” ဆိုသည့် စကားရပ် များဖြင့်လည်းကောင်း၊ “မြို့နယ်အားလုံး၏ အနည်းဆုံးထက်ဝက်” ဆိုသည့်စကားရပ်များကို “မြို့နယ်အားလုံး၏ အနည်းဆုံးသုံးပုံတစ်ပုံ” ဆိုသည့် စကားရပ်များဖြင့်လည်းကောင်း အသီးသီးအစားထိုးရမည်။
၇။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ ပုံစံ(စ) အပိုဒ် (၃) ပါ “ရက်ပေါင်း ၉၀ ပြည့်သည့်နေ့ရက်ထက် နောက်မကျစေဘဲ” ဆိုသည့်စကားရပ်ကို “ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်မတိုင်မီ အနည်းဆုံး ရက်ပေါင်း ၉၀ ကြိုတင်၍ ကော်မရှင်က အမိန့်ကြော်ငြာစာ ဖြင့် ထုတ်ပြန်သည့် နေ့ရက်ထက်နောက်မကျစေဘဲ” ဆိုသည့်စကားရပ် ဖြင့် အစားထိုးရမည်။
၈။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ ပုံစံ(ဇ) အပိုဒ်(၁)ပါ “ပါတီဝင်ဦးရေ ၁၀၀၀၀၀” ဆိုသည့်စကားရပ်ကို “ပါတီဝင်ဦးရေ ၅၀၀၀၀” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
(ပုံ) ကိုကို
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်