
နေပြည်တော် မတ် ၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာတင်ထွဋ် သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၂၉ ရက်က ပဲခူး တိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ဒိုးတန်းကျေးရွာ တောင်သူ ဦးမောင်စိုး၏ စနစ်တကျ လယ်ယာမြေ ၁၅ ဧက၌ စက်မှု လယ်ယာဦးစီးဌာနမှ ကောက်စိုက် စက်ဖြင့် နွေစပါးစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးပြီး သီးထပ် စွမ်းအား တိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရန် အချိန်မီ ထွန်ယက်စိုက်ပျိုးနိုင် ရေးအတွက် စက်မှုလယ်ယာဦးစီး ဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ သုတေသနနှင့် နည်းပညာပြန့်ပွားရေးကို အဓိက ထား လုပ်ဆောင်ကြရန် ဆွေးနွေး ပြောကြားကာ ရှမ်းစုကျေးရွာရှိ Healthy first သဘာဝမြေဩဇာ ထုတ်လုပ်မှု လုပ်ငန်းခွင်ကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး သည် ပျဉ်းမလွင်ကျေးရွာ တွင် လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားရှိသော တစ်ဆက် တစ်စပ်တည်း နွေစပါး ဧက ၅၀၀ စိုက်ခင်း၏ အောင်မြင်ဖြစ်ထွန်း နေမှုကို ကြည့်ရှုအားပေးကာဒေသခံတောင်သူများနှင့် ရင်းရင်း နှီးနှီး တွေ့ဆုံ၍ စိုက်ပျိုးရေး ဆိုင်ရာ နည်းပညာများနှင့် ပတ်သက်ပြီး ဆွေးနွေးပြောကြား သည်။
ထို့နောက် ဒုတိယဝန်ကြီး သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တွေ့ဆုံပြီး ပဲခူး တိုင်းဒေသကြီးအတွင်း စပါးနှင့် ဆီထွက်သီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရန် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြ သည်။
ယင်းနောက် ဒုတိယဝန်ကြီး သည် သနပ်ပင်မြို့ ရွှေဗျိုင်းဖြူ ကုမ္ပဏီ၌ ဒေသခံတောင်သူများ နှင့်တွေ့ဆုံပြီး လယ်မြေဧရိယာ များကို ထိန်းသိမ်းစောင့်ရှောက် ကြရန်၊ ရေနက်ကွင်းများတွင် စိုက်ပျိုးရေးသုတေသနနှင့် ပူးပေါင်း ၍ သင့်တော်သည့် စပါးမျိုးများ စမ်းသပ်စိုက်ပျိုးကြရန်၊ ရေသွင်း ရေထုတ်နည်းများကို ပညာရှင်များ နှင့်တွဲဖက်၍ လက်လှမ်းမီ သုတေ သနပြုလုပ်ကြရန် လိုအပ်ချက် များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်