အက်ဖ်အေဖလားပြိုင်ပွဲ ပဉ္စမအဆင့်မှ ဖေဖော်ဝါရီ ၂၉ ရက် နံနက် ၂ နာရီ ၁၅ မိနစ် က ယှဉ်ပြိုင်ကစားခဲ့သည့် နော်တင်ဟမ် ဖောရက်စ်နှင့် မန်ယူအသင်းပွဲစဉ်တွင် မန်ယူ အသင်းက အကြိတ်အနယ်ကစားပြီး ကက် စမီရို၏ နောက်ကျသွင်းဂိုးဖြင့် အနိုင်ရရှိ ကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင် ခဲ့သည်။
နော်တင်ဟမ်အသင်းသည် မန်ယူအသင်း ဘက်သို့  ဂိုးရရှိရန်  နီးစပ်သည့်အခွင့်အရေး အချို့  ဖန်တီးနိုင်ခဲ့သော်လည်း  မန်ယူအသင်း ခံစစ်နှင့် ဂိုးသမား အိုနာနာတို့ အကောင်းဆုံးဟန့်တားနိုင်ခဲ့သည့်အတွက် သွင်းဂိုးရရှိရေး အခက်တွေ့ခဲ့ရသည်။ 
မန်ယူအသင်းသည်   ပထမပိုင်းပွဲချိန်တွင်   ပြိုင်ဘက်အသင်း၏ တုံ့ပြန်ကစားပုံကောင်းမွန်မှုကြောင့်   အသင်းချိတ်ဆက်ကစားမှုပိုင်း ဟန်ချက်ပြက်ခဲ့သော်လည်း ဒုတိယပိုင်းတွင် မန်ယူအသင်း၏  ကစားအား  သိသိသာသာတက်လာခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းမှု အသာဖြင့် နော်တင်ဟမ်အသင်းကို ဖိအားပေးကစားလာနိုင်ခဲ့သည်။ 
မန်ယူအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန်ပြည့် ခါနီးတွင် အသင်းခေါင်းဆောင် ဖာနန်ဒက်စ်၏ ဖန်တီးမှုမှ ကက်စမီရိုက သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ နော်တင်ဟမ်ကို အနိုင်ယူကာ နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့သော  မန်ယူအသင်းသည်    အက်ဖ်အေဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် အသင်းကြီး လီဗာပူးအသင်းနှင့် ယှဉ်ပြိုင်ကစား သွားရမည်ဖြစ်သည်။ အက်ဖ်အေဖလားပြိုင်ပွဲ ပဉ္စမအဆင့်မှ ဖေဖော်ဝါရီ ၂၉ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် အခြားပွဲစဉ်ရလဒ်များတွင် ချယ်ဆီးက လိဒ်စ်ကို သုံးဂိုး-နှစ်ဂိုး၊ ဝုဖ်က ဘရိုက်တန်ကို တစ်ဂိုး-ဂိုးမရှိ၊ လီဗာပူးက ဆောက်သမ်တန်က သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။          
                                                                  
အောင်ဇော်
      


