သာယာဝတီထောင်တွင် ထောင်ပိုင်ရဲရင့်နိုင်က နိုင်ငံရေးအကျဉ်းသားများကို အတင်းအဓမ္မအလုပ်ခိုင်းစေပြီး အလုပ်မလုပ်လိုလျှင် ငွေပေးရန် မိသားစုထံငွေညှစ်တောင်းခံနေဟု မဟုတ်မမှန် လုပ်ကြံရေးသား

 

နေပြည်တော်  ဖေဖော်ဝါရီ   ၂၉


သာယာဝတီထောင်တွင်  ထောင်ပိုင်  ရဲရင့်နိုင်က  နိုင်ငံရေးအကျဉ်း သားများကို    အတင်းအဓမ္မအလုပ်ခိုင်းစေပြီး  အလုပ်မလုပ်လိုလျှင်  ငွေပေးရန်  မိသားစုထံ ငွေညှစ်တောင်းခံနေ ခေါင်းစဉ်ဖြင့်  Khit Thit Media အမည်ခံ Facebook Page က ဖေဖော်ဝါရီ ၂၅ ရက်တွင်    ပြည်သူလူထုမှ အထင်အမြင်  လွဲမှားစေရန်  မဟုတ်မမှန်  လုပ်ကြံ ရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။
Khit Thit Media  အမည်ခံ Facebook Page က မဟုတ်မမှန် လုပ်ကြံရေးသားရာတွင် ပဲခူးတိုင်း သာယာဝတီဗဟိုအကျဉ်းထောင်တွင် ထောင်ပိုင် ရဲရင့်နိုင်အပါအဝင်  ထောင်အာဏာပိုင်များက  နိုင်ငံရေး အကျဉ်းသားများကို အတင်းအဓမ္မအလုပ်ခိုင်းစေနေပြီး     အလုပ်မလုပ် လိုပါက ငွေကျပ် ၅ သိန်းမှ ၁၀ သိန်းအထိပေးရန်  တောင်းခံနေကြောင်း ဖော်ပြထားသည်။
ဖြစ်စဉ်အား   စိစစ်ရာတွင် သာယာဝတီဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားဟူ၍မရှိဘဲ တည်ဆဲဥပဒေတစ်ခုခုကို ချိုးဖောက် ၍   ပြစ်ဒဏ်ကျခံနေရသူများသာရှိကြောင်း၊   အကျဉ်းထောင်တွင် အတင်းအဓမ္မအလုပ်ခိုင်းစေခြင်းမရှိဘဲ  အကျဉ်းထောင်ဥပဒေအရ    အကျဉ်းသားများ   မဖြစ်မနေလုပ်ရသည့် သန့်ရှင်းရေး၊   ထမင်းချက်၊   ဟင်းသီးဟင်းရွက်စိုက်ခြင်းလုပ်ငန်းများကို  ခွဲဝေတာဝန်ပေးခြင်းသာ ရှိကြောင်း၊ ကျန်းမာရေးမကောင်းသူ၊ အသက်အရွယ်ကြီးရင့်သူမှအပ    ကျန်အကျဉ်းသားများ အလုပ်မလုပ်၍မရကြောင်း၊ အကျဉ်းထောင် ပြင်ပတွင် စပါးစိုက်ခြင်း၊  ပဲစိုက်ခြင်းလုပ်ငန်းများရှိပြီး ကျန်းမာရေး ကောင်းမွန်၍ သတ်မှတ်အချက်အလက်များနှင့် ကိုက်ညီသည့်သူများ ကိုသာ  တာဝန်ပေးထားကာ  ထို့အတွက်   သတ်မှတ်လုပ်အားခရရှိ ကြောင်း၊ အကျဉ်းထောင်တွင် အကျဉ်းသားများအပေါ်   ပြုမူဆက်ဆံရန်  ဥပဒေ၊ နည်းဥပဒေများ တိကျစွာ  ပြဋ္ဌာန်းထားပါကြောင်း၊ တင်ပြ တိုင်ကြားချက်မှန်သမျှကို စုံစမ်းစစ်ဆေးပါကြောင်း၊ ဝန်ထမ်းများက ဥပဒေကို ကျူးလွန်ဖောက်ဖျက်ကြောင်း စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့် အညီ  အရေးယူအပြစ်ပေးကြောင်း  အကျဉ်းထောင်တာဝန်ရှိသူ၏   ပြောကြားချက်အရ သိရသည်။
Khit Thit Media အမည်ခံ Facebook Page က ဖော်ပြမှုသည်       အကျဉ်းထောင်၏ လုပ်ရိုးလုပ်စဉ်လုပ်ငန်းများကို  ထင်ယောင်ထင်မှား   ဖြစ်စေလိုသော သတင်းဖော်ပြမှုများသာဖြစ်ပြီး ပြည်သူအများ အထင် အမြင်လွဲမှားစေရန်နှင့် ထင်ယောင်ထင်မှားဖြစ်စေရန် အဖျက်အမှောက်    ရည်ရွယ်ချက်ဖြင့်   မဟုတ်မမှန်    လုပ်ကြံရေးသားထားခြင်းသာ ဖြစ်သည်။                                                     

 လှမိုး