
ရန်ကုန် ဖေဖော်ဝါရီ ၂၉
နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်များ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ် မတ်လ အတွင်း အားအသင့်အတင့်ရှိသော အယ်လ်နီညို အခြေအနေတွင် ဆက်လက်တည်ရှိနိုင်သည်ဟု ခန့်မှန်း ထားမှုကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနမှ အသိပေးထားရာ မြန်မာနိုင်ငံအတွင်းရှိ ငါး၊ ပုစွန် မွေးမြူရေးတောင်သူများအနေဖြင့် မိမိတို့ ငါးမွေးကန်များတွင် အရန်ကန်များထားရှိ၍ ရေသိုလှောင်ထားရှိကာ ရေလှယ်သောစနစ်ကို အထူး ဂရုပြုဆောင်ရွက်သွားရန် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က တိုက်တွန်းထားသည်။
အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်လေ့ရှိသည့်ဖြစ်စဉ်ဖြစ်သော်လည်း အကျိုး သက်ရောက်မှုကို လွန်ခဲ့သောလေးနှစ်ကျော်က မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ ကြုံတွေ့ခဲ့ရ ပြီး မိုးရွာသွန်းမှုမူမမှန်ခြင်း၊ နေ့အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့်အစွန်းရောက် မိုးလေဝသဖြစ်စဉ်များကို
ဖြစ်ပေါ်လေ့ရှိရာ မွေးမြူရေးကဏ္ဍကို ထိခိုက်မှုမရရှိ စေရန် ငါးလုပ်ငန်းဦးစီးဌာန၊ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်နှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနတို့မှ ကြိုတင်အသိပေးလျက်ရှိသည်။
မြန်မာ့ရေချိုထွက်ကုန် ဘဏ္ဍာတိုက်များဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ငါး၊ ပုစွန်ကန်များမှ ရေထွက်ကုန်များကို ပြည်တွင်းစားသုံးမှုနှင့် ပြည်ပ ပို့ကုန်အဖြစ် မွေးမြူထုတ်လုပ်လျက်ရှိရာ နွေရာသီ တွင် ငါးကန်အများစုသည် ကန်ဖော်၍ ရေထွက်ကုန် များကို ထုတ်ယူရောင်းချလေ့ရှိကြောင်း သိရသည်။
ရေချိုမွေးမြူရေးကဏ္ဍတွင် ငါးမြစ်ချင်းကို အများဆုံးမွေးမြူလျက်ရှိပြီး တစ်ဧကလျှင် သားပေါက် ကောင်ရေ ၇၀၀ မှ ၁၀၀၀ အထိ ကန်ကျယ်စနစ်ဖြင့် မွေးမြူလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ရေချိုငါး၊ ပုစွန်၊ ကဏန်း ဧက ၄၆၀၀၀၀ ကျော် မွေးမြူထားရာ တွင် ငါးကို အများဆုံးမွေးမြူလျက်ရှိပြီး ကဏန်းကို ဧက ၂၀၀၀ ကျော် မွေးမြူထားသည်။
“ဒီနှစ်နွေရာသီမှာ အယ်လ်နီညိုဖြစ်စဉ်ကလည်း ရှိနေတော့ ငါးမွေးတောင်သူတွေ ပိုပြီးဂရုစိုက်နေကြ ပါတယ်။ နေပြင်းရင် ကန်ထဲကိုရေမောင်းသွင်းတာ၊ ရေလှယ်တာကာအစ လုပ်ဆောင်ဖို့လိုပါတယ်။ တိုင်းဒေသကြီးသုံးခုက ငါးမွေးတောင်သူတွေဟာ အတွေ့အကြုံလည်းရှိနေကြပါပြီ။ ဖြစ်သွားရင် ဆုံးရှုံးမှု တန်ဖိုးကြီးမားတယ်ဆိုတာ သူတို့သိနေကြပါတယ်။ အပူရှိန်ပြင်းလာရင် ရောဂါဖြစ်ပွားတတ်တဲ့သဘောလည်းရှိတာကြောင့် ကန်ရေကို အထူးသတိပြု စောင့်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ ကန်အကျယ်မွေးတဲ့စနစ်ကိုအသုံးပြု တာကြောင့် အရန်ကန်ထားရှိပြီး ရေသိုလှောင်ထား ပြီးတော့ ရေလှယ်တဲ့စနစ်ကို ကြပ်မတ်ဆောင်ရွက် သွားမယ်ဆိုရင် ဒီနွေရာသီမှာ မွေးမြူရေး တောင်သူ တွေအားလုံး အဆင်ပြေပြေနဲ့ ကျော်ဖြတ်သွားနိုင်မှာ ပါ။ နွေရာသီမှာ ရာသီဥတုဘယ်လောက်ပြင်းထန်ပြီး မွေးမြူရေးတောင်သူတွေထံက ဘာအသံကြားရ မလဲဆိုတာလည်း အမြဲနားစွင့်နေပါတယ်” ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်းဒုတိယ ဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။
ယခုနွေရာသီတွင် ငါးမွေးကန်များထိခိုက်မှုမရှိစေရန် ကန်အခြေအနေနှင့် ရေအရည်အသွေး ပြောင်းလဲမှုအခြေအနေများကို နေ့စဉ်နံနက် ၆ နာရီ တွင် ပုံမှန်စစ်ဆေးရန်၊ မွေးမြူရေးကန်တွင် ရေအသစ် လဲလှယ်နိုင်ရေးအတွက် ရေကောင်း၊ ရေသန့်သိုလှောင် သည့် အရန်ကန်များစီစဉ်ထားရှိပြီး ရေရနိုင်သမျှ သိုလှောင်ထားရန်၊ ကန်ရေအပူချိန်မြင့်မားချိန်တွင် ရေထုညစ်ညမ်းမှုဖြစ်စေသည့် ကစော်ဖတ်ကျွေးခြင်းကို ရှောင်ကြဉ်ကာ ပုံမှန်အစာများကိုသာ ချိန်ဆကျွေးရန်၊ ရေသစ်သွင်းရန်အခက်အခဲရှိသော ကန်များအနေဖြင့် ငါးအရေအတွက် လျှော့ချမွေးမြူရန်၊ အပူချိန်ပြင်း သည့်အချိန်တွင် ငါးများကန်ပြောင်းရွှေ့ခြင်း မပြုလုပ် ရန်၊ နံနက်ပိုင်းမိုးအုံ့သောရက်၊ နှင်းကျသောရက်များ တွင် ငါးများခေါင်းထောင်လျက် ကူးခတ်ခြင်း၊ ကမ်းစပ်သို့ စုပြုံလာခြင်းကြုံရပါက ကန်အတွင်း အောက်ဆီဂျင်လျော့နည်းမှုဖြစ်ပွားနေသဖြင့် ကန် အတွင်း ရေသစ်သွင်းခြင်း၊ ရေပန်းချခြင်း၊ ရေဒလက် များ မောင်းပေးခြင်းနှင့် ကန်အတွင်း လှေလှော်ပေး ခြင်း နည်းလမ်းများဖြင့် ရေတွင် ပျော်ဝင်အောက်ဆီဂျင် မြင့်တက်လာစေရေး ဆောင်ရွက်ပေးရန်၊ ငါးအစာ လွန်ကဲစွာကျွေးခြင်းကြောင့် စားကြွင်းစားကျန်များ မှတစ်ဆင့် ရေထုညစ်ညမ်းပြီး ငါးရောဂါကျရောက် တတ်သဖြင့် ဩဇာဓာတ်ထည့်သွင်းခြင်းနှင့် ငါးအစာ အလွန်အကျွံကျွေးခြင်းကို လျှော့ချပေးရန် စသည့် နည်းလမ်းများဖြင့် ငါးမွေးမြူရေးကန်များ ရာသီဥတု ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်နိုင်ရန် ငါးမွေးတောင်သူများကို တိုက်တွန်းထားကြောင်း သိရသည်။
ညိမ်းသူ( သတင်းစဉ် )၊ဓာတ်ပုံ-ကနူး