
နိုင်ရိုဘီ ဖေဖော်ဝါရီ ၂၈
အာဖရိကဦးချိုဒေသတွင် လူပေါင်း ၅၈ ဒသမ ၁ သန်းခန့်မှာ စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်နေရ ကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ (အက်ဖ်အေအို)နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစိုးရအချင်းချင်းပူးပေါင်း ဆောင်ရွက်ရေး (အိုင်ဂျီ အေဒီ) အဖွဲ့တို့က ဖေဖော်ဝါရီ ၂၇ ရက်တွင် ထုတ်ပြန် သည့် ပူးတွဲအစီရင်ခံစာတွင် ဖော်ပြထားသည်။
၎င်းတို့ထဲမှ ၃၀ ဒသမ ၅ သန်းမှာ အိုင်ဂျီအေဒီအဖွဲ့ဝင်နိုင်ငံများအနက် ခြောက်နိုင်ငံဖြစ်သည့် ဂျီဘူတီ၊ ကင်ညာ၊ ဆိုမာလီယာ၊ တောင်ဆူဒန်၊ ဆူဒန်နှင့် ယူဂန္ဓာနိုင်ငံတို့မှဖြစ်ကြောင်း အက်ဖ် အေအိုနှင့် အိုင်ဂျီအေဒီက ပြောသည်။ အခြား ၂၇ ဒသမ ၆ သန်းမှာ ဘူရွန်ဒီ၊ ဗဟိုအာဖရိက၊ ကွန်ဂိုနှင့် တန်ဇန်းနီးယားနိုင်ငံတို့မှဖြစ်ကြောင်း သိရသည်။
စားနပ်ရိက္ခာမဖူလုံသူအများစုဖြစ်သည့် ၂၃ ဒသမ ၄ သန်းမှာ ကွန်ဂိုနိုင်ငံမှဖြစ်ပြီး ၎င်းနောက်တွင် ဆူဒန် နိုင်ငံက ၁၇ ဒသမ ၇ သန်းနှင့် တောင်ဆူဒန် နိုင်ငံက လေးသန်းဖြင့် အများဆုံးဖြစ်ကြောင်း အက်ဖ်အေအိုနှင့် အိုင်ဂျီအေဒီက ပြောသည်။
ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး၏ ထုတ်ပြန်ချက်အရ ကင်ညာ၊ ဆိုမာလီယာ၊ ယူဂန္ဓာ၊ ဘူရွန်ဒီနှင့် အီသီယိုးပီးယား နိုင်ငံတို့၌ ၂၀၂၃ ခုနှစ် အောက်တိုဘာလနှင့် ဒီဇင်ဘာလကြားတွင် အယ်နီညိုရာသီဥတုနှင့် ဆက်စပ်သော ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် လူပေါင်း ၅ ဒသမ ၂ သန်းကျော် ရေဘေးသင့်ခဲ့ပြီး ၄၇၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရ သည်။
ဆင်ဟွာ