
နေပြည်တော် ဖေဖော်ဝါရီ ၂၈
မြန်မာနိုင်ငံကြက်ခြေနီအသင်း (၈၆) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဌာနချုပ်၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယ ဝန်ကြီး ဒေါက်တာအေးထွန်း၊ မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (ငြိမ်း)၊ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့်နှင့် ဒုတိယဥက္ကဋ္ဌ၊ အချိန်ပြည့်၊ အချိန်ပိုင်း အလုပ်အမှုဆောင်များ၊ နှီးနွှယ်ဝန်ကြီးဌာနများမှ ဖိတ်ကြားထားသူများ၊ ကြက်ခြေနီဗဟိုကောင်စီဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ နှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ တာဝန်ရှိ သူများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
စနစ်တကျသုံးသပ်ဆွေးနွေး
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပိုမိုအားကောင်း ပြီး အရေးကြီးသည့် မူဝါဒများနှင့် လမ်းညွှန်ချက် များကို ချမှတ်နိုင်ရန် ယခုညီလာခံသက်တမ်းတွင် တာဝန်ယူ ဆောင်ရွက်ပေးနေကြသည့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့်တကွ အလုပ်အမှုဆောင် များ၊ ကောင်စီဝင်များအားလုံးအနေဖြင့် မိမိတို့ တာဝန်ယူဆောင်ရွက်မည့် ကြက်ခြေနီလုပ်ငန်းများ အတွက် အားသာချက်၊ အားနည်းချက်များကို ယခု အစည်းအဝေးတွင် စနစ်တကျ သုံးသပ်ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ကြရန်လိုအပ် ကြောင်း၊ နိုင်ငံတော်မှ အတည်ပြုပြဋ္ဌာန်းပေးထား သည့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥပဒေပါ လူသားချင်းစာနာထောက်ထားမှုနယ်ပယ်တွင် နိုင်ငံ တော်၏ အရန်အင်အားဖြစ်သည်ဟု ပြဋ္ဌာန်းထား သည့်အတိုင်း နိုင်ငံအတွင်းဖြစ်ပွားခဲ့သည့် ကမ္ဘာ့ ကပ်ရောဂါ ကိုဗစ်-၁၉ အချိန်ကာလများနှင့် သဘာဝ ဘေးအန္တရာယ်ဖြစ်သည့် ဆိုင်ကလုန်းမုန်တိုင်းမိုခါ ကဲ့သို့သော ဘေးအန္တရာယ်များအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရာတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဒေသ အလိုက် ပါဝင်ကူညီ လှုပ်ရှားဆောင်ရွက်ပေးနေကြသည်ကိုလည်း တွေ့မြင်ခဲ့ရကြောင်း။
ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုများ တွင် ဆက်လက်ကူညီနိုင်ရန်အတွက် ကြက်ခြေနီ စေတနာလုပ်အားရှင်အင်အား ပိုမိုတိုးပွားရန် လိုအပ် သကဲ့သို့ လူငယ်ကြက်ခြေနီ စေတနာလုပ်အားရှင်များ တိုးပွားပါဝင်လာရန်လည်း အလွန်လိုအပ်ကြောင်း၊ လူငယ်များကို အခြေခံဖွဲ့စည်းထားသည့် အသင်း ဖြစ်သည်နှင့်အညီ လူငယ်အားကိုယူရမည်ဖြစ်သည့် အတွက် နှီးနွှယ်ဝန်ကြီးဌာနများဖြစ်သည့် အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန တို့နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားရန် မှာကြား လိုကြောင်း၊ ထို့ပြင် မြို့နယ်ကြက်ခြေနီ အသင်းခွဲ များသည်လည်း အခြေခံပညာကျောင်းများတွင် အသင်း၏နည်းဥပဒေပါ ကျောင်းကြက်ခြေနီ အသင်းခွဲ ဖွဲ့စည်းပုံအတိုင်း ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်ရာ အခြေခံပညာကျောင်းများနှင့် ချိတ်ဆက် ဆောင်ရွက်နေကြောင်းသိရှိရပြီး လူငယ်ရေးရာဦးစီး ဌာနမှ ပြုလုပ်သည့် အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲများ၊ နိုင်ငံတကာဆွေးနွေးပွဲများတွင် လူငယ်ကြက်ခြေနီစေတနာလုပ်အားရှင်များ ပါဝင် တက်ရောက်ဆွေးနွေးခွင့်ရခြင်းသည်လည်း လူငယ် များအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ နေပြည် တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကြက်ခြေနီစေတနာလုပ်အားရှင်အင်အား တိုးပွား အောင် စည်းရုံးသွားရန် လိုအပ်ကြောင်း၊ စည်းရုံးသည့် အခါတွင်လည်း စေတနာလုပ်အားရှင် (Volunteer) စိတ်ဓာတ်ကိုအခြေခံသည့် အသင်းသူ၊ အသင်းသား များကို ရွေးချယ်သွားရန် အရေးကြီးကြောင်း။
တတ်နိုင်သည့်ဘက်က ဝိုင်းဝန်းဆောင်ရွက်ပေး
ယနေ့ခေတ် ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေး အန္တရာယ်များသည် ပိုမိုဖြစ်ပွားလာပြီး ထိခိုက်ပျက်စီး ဆုံးရှုံးမှုများသည်လည်း ကြီးမားသည့်အတွက် အသင်း အဆင့်ဆင့်တိုင်းတွင် ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာ ရေးအသိပညာ ဗဟုသုတတိုးပွားရေးအပိုင်းများကို ပိုမိုဆောင်ရွက်ရန်လိုအပ်သဖြင့် ဗဟိုကောင်စီဝင် များအနေဖြင့် မိမိတို့တတ်နိုင်သည့်ဘက်က ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း၊ လူမှု ကရုဏာလုပ်ငန်းဆိုသည် အပြောလွယ်သလောက် လုပ်ဆောင်မှုအပိုင်းတွင် အလွန်လေးနက်ကျယ်ပြန့် ပါကြောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် NGO၊ INGO မဟုတ်သော နိုင်ငံအတွင်း သက်တမ်း အရှည်ဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်း (Humanitarian Organization) ဖြစ် သည်နှင့်အညီ အများအကျိုးအတွက် အစီအစဉ်ကောင်း များ ချမှတ်ကာ စည်းစနစ်ကျကျ ထိရောက်စွာ ကူညီ ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ သို့မှသာ အသင်း ၏ ပုံရိပ်လည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း။
ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များအောင်မြင်အောင်
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အမျိုးသား အဆင့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် မိမိတို့က ဦးဆောင်ရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက မူလအခြေခံကြက်ခြေနီ စိတ်ဓာတ်များ လျော့ပါး သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်းများကို ဆောင်ရွက်သည့်အခါ တွင် နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးရှေးရှု၍ ဒို့တာဝန် အရေး (၃) ပါးကို အမျိုးသားရေးတာဝန်အဖြစ် မှတ်ယူကာ အထူးအလေးထား လိုက်နာဆောင်ရွက် သွားကြရန် တိုက်တွန်းလိုကြောင်း၊ ကြက်ခြေနီ အသင်းကြီးသည် နိုင်ငံတော်၏အရေး (နိုင်ငံ့အရေး) ကို ဆောင်ရွက်နေရသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်း (Humanitarian Organization) ဖြစ်သည့်အပြင် အသင်းက အကောင် အထည်ဖော် ဆောင်ရွက်နေသည့်၂၀၂၁-၂၀၂၅ မဟာ ဗျူဟာကိုလည်း ပြန်လည်သုံးသပ်ပြီး လိုအပ်ချက် နှင့်အညီ ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ ဗဟိုကောင်စီဝင် ကြီးများ၏ အတွေ့အကြုံများ၊ အသိအမြင်များကို တွန်းအားအဖြစ် အသုံးပြုပြီး အသင်းသူ အသင်း သား၊ ကြက်ခြေနီစေတနာလုပ်အားရှင် လူငယ်များ၏ ခွန်အားဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များကို ပိုမိုအောင်မြင် အောင် ပုံဖော်ကြိုးပမ်း အားထုတ်ပေးကြစေလို ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က အသင်း၏ လူမှုကရုဏာလုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် (၈၆) ကြိမ်မြောက် ကြက်ခြေနီဗဟို ကောင်စီ အစည်းအဝေးကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိ ခရိုင်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက “အများအတွက် ကြက်ခြေနီ” သီချင်းကို စုပေါင်း သီဆိုပြီး ကြက်ခြေနီလှုပ်ရှားမှု မှတ်တမ်းဗီဒီယိုကို ပြသကာ ပြည်ထောင်စုဝန်ကြီးသည် အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ နှီးနွှယ်ဝန်ကြီး ဌာနတစ်ခုဖြစ်သော ပညာရေးဝန်ကြီးဌာန အောက်ရှိ အခြေခံပညာကျောင်းများနှင့် ပူးပေါင်းပြီး ကျန်းမာ ရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသည့် ရှေးဦး ပြုစုခြင်း (အခြေခံ) သင်တန်းများကို အခြေခံပညာ ကျောင်းများရှိ ကျောင်းသူ ကျောင်းသား လူငယ်များ ၁၁၂၆၃ ဦးအတွက် ရှေးဦးပြုစုခြင်း အတတ်ပညာ များကို သင်ကြားပေးလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တက္ကသိုလ်၊ ကောလိပ်များတွင် တက္ကသိုလ်၊ ကောလိပ် ကြက်ခြေနီအသင်းခွဲ ၇၉ သင်း ဖွဲ့စည်းထားရှိကာ အသင်းဝင်အင်အား စုစုပေါင်း ၁၁၂၂၃ ဦးရှိကြောင်းနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (၈၆) ကြိမ်မြောက် ကြက်ခြေနီ ဗဟိုကောင်စီ အစည်းအဝေးကို ဖေဖော်ဝါရီ ၂၉ ရက် အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်