
နေပြည်တော် ဖေဖော်ဝါရီ ၂၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနသည် ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုး တိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ (၂၉) ကြိမ်မြောက် မြန်မာ - ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံ ခန့်ခွဲမှုညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ရန်ကုန် မြို့ Park Royal Hotel ၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ညွှန်ကြား ရေးမှူးချုပ်များ၊ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ နှင့် ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသား လုံခြုံရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် Ms. Sara Binyoh ဦးဆောင်သော ထိုင်းကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းနိုင်ငံ များအကြား စံပြနမူနာကောင်းဖြစ်ခဲ့ကြောင်း၊ ယနေ့ ကျင်းပပြုလုပ်သော အစည်းအဝေးသည် မြန်မာ-ထိုင်း နှစ်နိုင်ငံ လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ၏ အဓိကအပိုင်းတွင် ပါဝင်သော ကတိကဝတ်များကို အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီး ဌာနသည် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံ ရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး လူကုန်ကူးခံရသူများကို တစ်ဦး လျှင် အမေရိကန်ဒေါ်လာ ၅၀၀ ခန့်နှင့်ညီမျှသော ပြန်လည်ထူထောင်ရေးထောက်ပံ့မှုများကို ဆောင် ရွက်ပေးလျက်ရှိကြောင်း၊ ထိုင်းနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံသား လူကုန်ကူးခံရသူများကို ဂေဟာတွင် လက်ခံစောင့်ရှောက်ခြင်း၊ ပြင်ပအလုပ်အကိုင်များ ရှာဖွေပေးခြင်း၊ ထောက်ပံ့ငွေနှင့် လျော်ကြေးငွေများ ရရှိအောင် ကူညီဆောင်ရွက်ပေးခြင်းတို့အတွက် လူကုန်ကူးခံရသူများကိုယ်စား မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံအစိုးရကို အထူးပင် ကျေးဇူးတင်ရှိ ကြောင်း၊ မြန်မာ - ထိုင်း နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုနှင့် နီးကပ်သော ပူးပေါင်းဆောင်ရွက်မှု များကို ဆက်လက် တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက် ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန ဒုတိယအမြဲ တမ်းအတွင်းဝန် MS. Sara Binyoh က လူကုန် ကူးမှုပြဿနာသည် လူသားများ၏ အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာချိုးဖောက်စေသည့် ပြဿနာဖြစ်သည့် အတွက် ထိုင်းနိုင်ငံအစိုးရအနေဖြင့် လူကုန်ကူးမှု ပြဿနာ မဖြစ်ပေါ်စေရေးအတွက် ကာကွယ်တားဆီး နိုင်မည့် နည်းလမ်းများနှင့် ဖြစ်ပေါ်လာသည့် လူကုန်ကူးမှုပြဿနာများကို ဖြေရှင်းဆောင်ရွက် နိုင်မည့် နည်းလမ်းများကိုပါ ကဏ္ဍအလိုက်ပြင်ဆင် မွမ်းမံဆောင်ရွက်လျက်ရှိသည့်အပြင် လူကုန်ကူးခြင်း ခံရသူများကို ထိုင်းနိုင်ငံအစိုးအနေဖြင့် ဥပဒေ၊ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းနှင့်အညီ ကြည့်ရှုစောင့်ရှောက်ထားလျက်ရှိကြောင်း ပြော ကြားသည်။
ထို့နောက် (၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများကို ပြန်လည်လက်ခံရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံ ခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပပြီး အစည်းအဝေးဆုံးဖြတ်ချက် (၁၃) ချက်ကို အတည်ပြု နိုင်ခဲ့သည်။
ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ညှိနှိုင်းအစည်းအဝေး အောင်မြင်ခြင်း အထိမ်းအမှတ် အဖြစ် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်များကို အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်