ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအား ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် စုဆောင်းနေသည်ဟူသော သတင်းများ လုံးဝမှန်ကန်မှုမရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူပြောကြား

 

ရန်ကုန်   ဖေဖော်ဝါရီ   ၂၇
ရခိုင်ပြည်နယ်တွင်ရှိသော ဘင်္ဂါလီများအား စစ်မှုထမ်း ရန်  SAC  က   စာရင်းကောက်ယူနေသည်ဆိုသော သတင်းမှာ   လုံးဝမှန်ကန်မှုမရှိဘဲ   လုပ်ကြံဖန်တီး ရေးသားထားခြင်းသာဖြစ်ကြောင်း   ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ဘင်္ဂလားဒေ့ရှ်မီဒီယာတစ်ခုဖြစ်သည့်       The Business Standard ၏ ဝက်ဘ်ဆိုက်သတင်းတစ်ခု တွင် မြန်မာအစိုးရက ဒုက္ခသည်စခန်းများရှိ  အကန့် အသတ်ခံထားရသည့် ဘင်္ဂါလီများကို လွတ်လပ်စွာ သွားလာခွင့်ပေးမည်ဟု   ကမ်းလှမ်းပြီး   စစ်မှုထမ်း စေရန်  လုပ်ဆောင်နေသည်ဟု   သတင်းရေးသား ထားခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်သတင်းဌာနအချို့က  တရားမဝင် မြန်မာမီဒီယာအချို့၏ ရေးသားချက်ကို  ကိုးကား၍ ရေးသားနေကြခြင်းဖြစ်ကြောင်းနှင့်    RFA ၏ အခြေ အမြစ်မရှိသောသတင်းကို  ကိုးကားရေးသားခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“အဲဒီလိုမျိုး မရှိပါဘူး။ ဘင်္ဂါလီတွေက နိုင်ငံသား လည်းမဟုတ်ဘူး။    ပြီးတော့     စစ်မှုထမ်းဥပဒေ ကလည်း အခုအချိန်ထိ တိုင်းဒေသကြီး၊  ပြည်နယ်၊ ဦးစီးအဖွဲ့တွေပဲ  ဖွဲ့ရသေးတယ်။  ခရိုင်၊  မြို့နယ်၊ ရပ်ကျေး    စတဲ့အဖွဲ့တွေ    အများကြီးဖွဲ့ရဦးမှာ။ နည်းဥပဒေလည်း   ထုတ်ပြန်ရဦးမှာ။   အဲဒါတွေ လုပ်ရဦးမှာဆိုတော့  အခုထွက်နေတဲ့  သတင်းတွေ က မဟုတ်ပါဘူး။ ဒီမှာတော့ အဲဒီလိုတွေမရှိဘူး”ဟု ၎င်းကပြောသည်။
ဘင်္ဂလားဒေ့ရှ်အခြေစိုက် ဒါကာထရီဗျူးသတင်း ဌာနက  “နယ်စပ်ဒေသရှိ ထောင်နှင့်ချီသော ဘင်္ဂါလီ ဒုက္ခသည်များအား  လက်ရှိဖြစ်ပွားနေသော တိုက်ပွဲ တွင်   ပါဝင်တိုက်ခိုက်ရန်  ခေါ်ဆောင်သွားသည် ” ဟု     အတည်မပြုနိုင်သေးသော   သတင်းများ ထွက်ပေါ်နေကြောင်းလည်း    မဟုတ်မမှန်  ရေးသား ဖော်ပြထားသည်။
တရားမဝင်မီဒီယာများက    ပြည်သူ့စစ်မှုထမ်း ဥပဒေ    အသက်ဝင်ကြောင်း    ကြေညာပြီးသည့် နောက်ပိုင်းတွင် ပြည်သူများနှင့်ဒေသခံများ စိုးရိမ် ပူပန်မှုကြီးထွားစေရန်အတွက်  မဟုတ်မမှန်သတင်း များကို  အမျိုးမျိုးလုပ်ကြံရေးသားခဲ့ပြီးနောက် ယခု သတင်းတုကိုလည်း  ပုံစံတစ်မျိုးဖြင့်   ထုတ်လွှင့် လာကြခြင်းဖြစ်ကြောင်း       ရန်ကုန်အခြေစိုက်   မီဒီယာစောင့်ကြည့်လေ့လာသူတစ်ဦးက    ပြောကြား  သည်။ 
မျိုးခိုင်