
မင်းဘူး ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား အကြိမ် (၂၅၉၀) မြောက် ဗုဒ္ဓပါဒပူဇနိယ ဘုရားပွဲတော် ဖွင့်ပွဲအခမ်း အနား နှင့် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း ဖွင့်လှစ်ခြင်း ငါးနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဖေဖော်ဝါရီ ၁၄ ရက်က ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ကြီးများ၊ မန်းရွှေစက်တော်ဘုရား ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်မှ ဗိုလ်မှူးချုပ် ထွန်းဝင်း၊ ဗိုလ်မှူးချုပ် မျိုးသန့်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နယ်မြေခံတပ်မှ ဗိုလ်မှူးချုပ် ထွန်းဝင်းနှင့် ဗိုလ်မှူးချုပ် မျိုးသန့်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းဌေးတို့က ဗုဒ္ဓပါဒပူဇနိယပွဲတော် ဖွင့်ပွဲအထိမ်းအမှတ် မင်္ဂလာမုခ်ဦး ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဘဒ္ဒန္တခမာစာရတို့က မင်္ဂလာမုခ်ဦး ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများက ဇီဝိတဒါနအဖြစ် ငှက်လွှတ်ခြင်းနှင့် ငါးလွှတ်ခြင်းများ ဆောင်ရွက်သည်။
မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီး ကို ဖေဖော်ဝါရီ ၁၄ ရက် (တပို့တွဲလဆန်း ၅ ရက်)မှ မြန်မာနှစ်ဆန်း ၁ ရက်အထိ ရက်ပေါင်း ၆၄ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ကြောင်း၊ ဘုရားဖူး ရဟန်းရှင်လူ မိဘပြည်သူများ ညအိပ် တည်းခိုနားနေနိုင်စေရန် တည်းခိုဆောင်အခန်းပေါင်း ၁၀၀၀ ခန့်နှင့် ဈေးဆိုင် ခန်းပေါင်း ၈၀၀ ကျော်ကို ဆောက်လုပ်ပေးထားကြောင်း သိရသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး မင်းဘူးသစ်ထုတ်ရေးဒေသ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းဖွင့်ပွဲနှင့် ဆင်စခန်း ဖွင့်လှစ်ခြင်း ငါးနှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို မွန်းလွဲပိုင်း တွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးသည်။
မောင်မောင်(မင်းဘူး)