
နေပြည်တော် ဖေဖော်ဝါရီ ၈
လက်နက်ကိုင်သောင်းကျန်းသူများ၊ အစွန်းရောက် အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင် လျက်ရှိသော အပြစ်မဲ့အရပ်သားပြည်သူများနှင့် ရိုးသားစွာစီးပွားရှာဖွေလုပ်ကိုင်လျက်ရှိသော စီးပွား ရေးလုပ်ငန်းရှင်များအား လက်နက်အားကိုး၍ နိုင့်ထက်စီးနင်းပြုကာ အကြမ်းဖက်မှုများ လုပ်ဆောင်ခြင်း၊ သတ်ဖြတ်ခြင်း၊ လုယက်ဓားပြ တိုက်ခြင်းနှင့် အခွန်ကောက်ခံသည်ဟု အကြောင်းပြ ကာ မတရားဆက်ကြေးကောက်ခံခြင်းများ ပြုလုပ် လျက်ရှိပြီး ၎င်းတို့၏လိုလားချက်အပေါ် လိုက်ပါ ဆောင်ရွက်ခြင်းမရှိပါက လူပြန်ပေးဆွဲခြင်း၊ လုပ်ကြံ သတ်ဖြတ်ခြင်းနှင့် မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဖေဖော်ဝါရီ ၇ ရက် ညနေ ၄ နာရီ မိနစ် ၄၀ တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရပ်ကွက်(၇) နယ်မြေ(၁၁) သုခလမ်းရှိ စန်းရွှင်ဟိုတယ်ရှေ့တွင် ဒေသန္တရမိုင်းဟုယူဆရသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ မိုင်းပေါက်ကွဲမှုကြောင့် အဆိုပါဟိုတယ် မှ လုံခြုံရေးဝန်ထမ်းဖြစ်သူ ဦးဆေးပလယ်(၂၇)နှစ်၊ ရပ်ကွက်(၇) နယ်မြေ(၁၀)နေသူတွင် ယာလက်ကောက် ဝတ် မိုင်းစထိမှန်ဒဏ်ရာ တစ်ချက်နှင့် ဟိုတယ်ရှေ့မှ ဖြတ်သန်းသွားလာသူ မချောစုအောင် (၁၈)နှစ်၊ ရပ်ကွက်(၅) နယ်မြေ(၄)နေသူတွင် လည်ပင်းအရှေ့ ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ဝဲဘက်ညိုသကြီး ဖောက်ဝင်ဒဏ်ရာ တစ်ချက်တို့ ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဆေးဝါးကုသနိုင်ရေး လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့သည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အနီးပတ်ဝန်းကျင်ရှိ မျက်မြင်သက်သေများ၏ ထွက်ဆိုချက်နှင့် လုံခြုံရေး အထောက်အကူပြုမှတ်တမ်းများအား စိစစ်ချက်အရ အမျိုးသား နှစ်ဦးသည် KENBO 110 ဆိုင်ကယ်ဖြင့် ဟိုတယ်ရှေ့သို့ရောက်ရှိလာပြီး ဆိုင်ကယ်အား ဟိုတယ် ရှေ့လမ်းဘေးတွင် ရပ်ထားခဲ့ကာ ၎င်းတို့ နှစ်ဦး ပြန်လည်ထွက်ခွာသွားပြီးမကြာမီ အဆိုပါဆိုင်ကယ်မှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သည်။
စိစစ်ချက်အရ ဖေဖော်ဝါရီ ၃ ရက် ရက်စွဲဖြင့် KIO/KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် စန်းရွှင်ဟိုတယ်သို့ လိပ်မူပြီး ၎င်းတို့အဖွဲ့ထံ ဖေဖော်ဝါရီ ၅ ရက် မတိုင်မီ အခွန်ငွေအား မပျက်မကွက်လာရောက်ပေးသွင်းရန်နှင့် လာရောက်ဆက်သွယ် ပေးသွင်းခြင်းမရှိ ပါက ပြင်းထန်စွာအရေးယူမည်ဟု ခြိမ်းခြောက် ရေးသားထားသော ဆက်ကြေးကောက်ခံသည့် အကြောင်းကြားစာအား လာရောက်ပေးပို့ခဲ့ပြီး ဟိုတယ်မှပေးသွင်းခြင်းမရှိသဖြင့် ယခုကဲ့သို့ အကြမ်း ဖက်မိုင်းထောင်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ် သိရှိရသဖြင့် အဆိုပါ KIO/ KIA လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့မှ အကြမ်းဖက်ဖောက်ခွဲခဲ့သူ အမျိုးသား နှစ်ဦးအား လားရှိုးမြို့မရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၀ (ဈ)/၅၄ နှင့် အမှုဖွင့်လှစ်ပြီး တရားခံများ ဖမ်းဆီးရမိ ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်