နေပြည်တော် ဖေဖော်ဝါရီ ၈
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော် အနီးရှိ တပေါင်းကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ အဆိုပါ ပွဲတော်ကြီးတွင် ပါဝင်ပြသကြမည့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြခန်းတာဝန်ရှိသူများက သက်ဆိုင်ရာပြခန်းများအလိုက် မိမိတို့ဒေသ ထွက်ကုန်ပစ္စည်းများနှင့် ရိုးရာအစားအစာများကို ပြည်သူများအား ခင်းကျင်းပြသရောင်းချနိုင်ရေး စိတ်အားထက်သန်စွာဖြင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
ထိုကြောင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ပြခန်းတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပွဲတော်အတွင်းပါဝင်ပြသနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေနှင့် ခင်းကျင်းပြသ ရောင်းချသွားမည့် ဒေသထွက်ထုတ်ကုန်များ၊ ရိုးရာအစားအစာများနှင့် စပ်လျဉ်း၍ ပြည်သူများသိရှိနိုင်ရန် တွေ့ဆုံမေးမြန်းရေးသားတင်ပြလိုက်ရပါသည်။
ဒေါ်ရီရီသန်း(စီးပွားရေးရာဝန်ကြီး၊
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့)
ကျွန်မတို့ စစ်ကိုင်းတိုင်းဒေသကြီး MSME ထုတ်ကုန်အရောင်းပြခန်းမှာ လုပ်ငန်းရှင် ၃၃ ဦး ပါဝင်ပါတယ်။ ကျွန်မတို့ စစ်ကိုင်းစက်မှုဇုန်က တီထွင် ထုတ်လုပ်တဲ့ နှစ်ဘီးဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ် တို့ကို ပြသသွားမှာဖြစ်ပါတယ်။ NCY ကုမ္ပဏီက တီထွင်ထုတ်လုပ်ထားတဲ့ သီးနှံအခြောက်ခံစက်ကို လည်း ပြသသွားမှာဖြစ်ပါတယ်။ ကျွန်မတို့ တိုင်းဒေသ ကြီးက ထွက်ရှိတဲ့ ပဲမျိုးစုံနဲ့ နနွင်းမှုန့်၊ ငရုတ်သီးမှုန့် တွေကိုလည်း နိုင်ငံခြားကို တင်ပို့ရောင်းချပါတယ်။ အသေးစား စက်မှု၊ လက်မှုနဲ့ ပတ်သက်လို့ အညာ ဒေသထွက်ရှိတဲ့ ဖျင်ကြမ်း၊ ဖျင်ထည်၊ စားပွဲခင်း၊ အိပ်ရာခင်း၊ လက်သုတ်ပဝါ၊ အညာစောင်တွေကို လည်း ခင်းကျင်းပြသ ရောင်းချသွားမှာ ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးတိုင်းနှစ်သက်တဲ့ ရွှေဘိုနဲ့ အရာတော် ကထွက်ရှိတဲ့ သနပ်ခါးတွေကို တန်ဖိုးမြင့် ထုတ်ကုန် အနေနဲ့ ၂၉ မျိုး ခင်းကျင်းပြသရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ One Region One Product အနေနဲ့ ဟုမ္မလင်းဒေသထွက်ကုန်ဖြစ်တဲ့ လက်ဖက်စို၊ လက်ဖက်ခြောက်ရယ်၊ နာမည်ကြီးတဲ့ ရွှေဘိုပေါ်ဆန်း ဆန်ရယ်၊ စစ်ကိုင်းစက်မှုဇုန်က ထုတ်လုပ်တဲ့ ပလတ် စတစ်ပစ္စည်းအမျိုးမျိုးတို့ကိုလည်း ပြသသွားမှာ ဖြစ်ပါတယ်။ ရိုးရာအစားအသောက်အနေနဲ့လည်း ကျွန်မတို့ တိုင်းဒေသကြီးကထွက်ရှိတဲ့ အစားအစာ မျိုးစုံကိုလည်း ခင်းကျင်းပြသရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ အခုလို တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေက ဒေသထွက်ကုန်တွေကို ခင်းကျင်းပြသတဲ့ အတွက် ဒေသထွက်ကုန်ချင်း ဖလှယ်လို့ရသလို တခြားဒေသတွေရဲ့ ထွက်ကုန်တွေကိုကြည့်ပြီး နည်းပညာနဲ့ တီထွင်ဆန်းသစ်မှုဗဟုသုတတွေ ရရှိ စေပါတယ်။
ဦးတင်လှ (တိုင်းရင်းသားရေးရာဝန်ကြီး ၊
ရခိုင်ပြည်နယ်အစိုးရအဖွဲ့)
ကျွန်တော်တို့က One Region One Product ဖြစ်တဲ့ ရခိုင်ပြည်နယ်ရဲ့ ဆန်စပါး၊ ရက်ကန်းအထည်နဲ့ ရေထွက်ပစ္စည်းတွေကိုလည်း ဒီအရောင်းပြခန်းမှာ ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။ ရခိုင်ကမ်းရိုးတန်း ဒေသမှာထွက်ရှိတဲ့ ဓနိတွေကို ယခင်ကဆိုရင် အမိုး အဖြစ်ပဲ အသုံးပြုခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ဆေးဝါးအမျိုးမျိုးနဲ့ လက်ဖက်ခြောက်တို့ကို တန်ဖိုး မြင့်ထုတ်ကုန်အဖြစ် အသုံးပြုနေပြီဖြစ်ပါတယ်။ ဓနိဝိုင်ကိုလည်း စမ်းသပ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အခုလို ပြခန်းမှာ ခင်းကျင်းပြသရောင်းချခွင့်ရတဲ့အတွက် တိုင်းဒေသ ကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ MSME လုပ်ငန်းရှင် တွေအနေနဲ့ ထုတ်ကုန်ပစ္စည်းနည်းပညာတွေ အချင်းချင်းဖလှယ်နိုင်မယ်လို့ ယုံကြည်ပါတယ်။
ဦးမျိုးလွင် (တာဝန်ခံ၊ ရှမ်းပြည်နယ်
MSME ထုတ်ကုန်များအရောင်းပြခန်း)
ကျွန်တော်တို့က စိုက်ပျိုးရေးအခြေခံတဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့အတွက် One Region One product ဖြစ်တဲ့ လက်ဖက်၊ ကော်ဖီနဲ့ ထောပတ် တို့ကို အခြေခံပြီး ထုတ်လုပ်ထားရှိတဲ့ ကုန်စပ္စည်းတွေ ကို လာရောက်ပြသခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ရိုးရာအဝတ်အထည်၊ ဒေသထွက်အသီးအနှံများနဲ့ ထုတ်လုပ်ထားတဲ့ ဝိုင်၊ ဂျုံခေါက်ဆွဲ၊ ရှမ်းခေါက်ဆွဲ၊ ကန်စွန်းဥခေါက်ဆွဲတို့ကို ခင်းကျင်းပြသရောင်းချ ပေးသွားမှာဖြစ်ပါတယ်။ အင်းလေးဒေသရှိ ကျွန်းမျော တွေက ထွက်ရှိတဲ့ သဘာဝမြေဩဇာဆိုရင်လည်း စိုက်ခင်းတွေမှာ ရောင်းချနေတာ အောင်မြင်နေပြီဖြစ် တဲ့အတွက်လည်း ပြသရောင်းချသွားမှာ ဖြစ်ပါတယ်။ ထောပတ်ကနေထွက်ရှိတဲ့ ထောပတ်ဆီ၊ အလှကုန် ပစ္စည်းများကိုလည်း ပြသရောင်းချသွားမှာ ဖြစ်ပါ တယ်။ လက်ဖက်၊ ကော်ဖီနဲ့ ထောပတ်တို့ကို တန်ဖိုး မြင့်ထုတ်ကုန်အဖြစ် နိုင်ငံခြားကို တင်ပို့ရောင်းချနိုင် ပါတယ်။ ရိုးရာစားသောက်ခန်းမှာဆိုရင်လည်း ရှမ်းရိုးရာနဲ့ပတ်သက်တဲ့ အစားအစာအားလုံးကို ဈေးနှုန်းချိုသာစွာနဲ့ ခင်းကျင်းရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ဒီလိုပြခန်းတွေမှာ ပြသရောင်းချခြင်း အားဖြင့် ရှမ်းပြည်ဒေသထွက်ကုန်တွေအားလုံးကို သိရှိသွားပြီး ဈေးကွက် ပိုမိုတွင်ကျယ်လာမယ်လို့ ထင်ပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ် အရောင်း ပြခန်းတွေမှာ ဒေသထွက်ကုန်တွေနဲ့ ရိုးရာအစား အစာတွေကို ခင်းကျင်းရောင်းချပေးသွားမှာ ဖြစ်တဲ့ အတွက် လာရောက်ဝယ်ယူသုံးဆောင်ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။
ဦးဆန်းထွဋ်ကို(အတွင်းရေးမှူး၊
မန္တလေးတိုင်းဒေသကြီး MSME ထုတ်ကုန်များ
အရောင်းပြခန်း)
ကျွန်တော်တို့အနေနဲ့ ဒီပြပွဲကြီးမှာ MSME ပြခန်းတစ်ခန်းနဲ့ လုပ်ငန်းရှင်တွေ ပူးပေါင်းပါဝင်ပြသ တဲ့ အခန်းခုနစ်ခန်း၊ ဒေသထွက်ရိုးရာစားသောက်ဆိုင် နှစ်ခန်းနဲ့ စိန်ပန်းစက်မှုဇုန်က ထုတ်လုပ်တဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ၊ အခြားစက်မှုလုပ်ငန်း တွေကထုတ်လုပ်တဲ့လယ်ယာနဲ့ လူသုံးကုန်စက်ပစ္စည်း တွေကို ခင်းကျင်းပြသရောင်းချသွားမှာ ဖြစ်ပါတယ်။ အဓိကအနေနဲ့ကတော့ One Region One Product ထုတ်ကုန်ပစ္စည်းတွေ၊ နိုင်ငံခြားကိုတင်ပို့ရောင်းချ တဲ့ပစ္စည်းတွေ၊ တန်ဖိုးမြင့်ထုတ်ကုန်တွေနဲ့ သွင်းကုန် အစားထိုးထုတ်ကုန်တွေဆိုတဲ့ ခေါင်းစဉ်လေးမျိုးနဲ့ ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။ ထုတ်ကုန်ပစ္စည်း ပေါင်း ၁၂၅ မျိုးနဲ့ ပစ္စည်းအရေအတွက်ပေါင်း၁၀၀၀၀ ကျော်ပြသရောင်းချသွားမှာဖြစ်ပါတယ်။ ဒီလိုပြပွဲ ကျင်းပပေးတဲ့ အကျိုကျေးဇူးအနေနဲ့ ကျွန်တော် တို့နဲ့အတူ လုပ်ငန်းရှင် ၄၀ ကျော်လောက်ပါလာပါ တယ်။ ဒီလုပ်ငန်းရှင်တွေကထုတ်လုပ်တဲ့ ပစ္စည်းတွေ ကို တခြားတိုင်းဒေသကြီးနဲ့ပြည်နယ်က လုပ်ငန်းရှင် တွေက ကြည့်ကြမယ်။ ကျွန်တော်တို့ကလည်း သူတို့ ကုန်ပစ္စည်းတွေကို ကြည့်ရှုလေ့လာကြမယ်။ ဒါဆိုရင် တစ်ယောက်နဲ့တစ်ယောက် ကုန်ပစ္စည်းတွေဖလှယ် ကြမယ်၊ ရောင်းဝယ်ကြမယ်၊ နည်ပညာတွေ ဖလှယ် ကြမယ်ဆိုရင် MSME လောကအတွက် အင်မတန် အားဖြစ်စေတဲ့ ပြပွဲတစ်ရပ်ပဲဖြစ်ပါတယ်။ ဒီပြပွဲကြီး မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးကလာ ရောက်ကြပြီး ဒေသထွက်ထုတ်ကုန်တွေကို ခင်းကျင်း ပြသတဲ့အတွက် တစ်နေရာတည်းမှာ စုံစုံလင်လင် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒေသထွက်အစား အသောက်တွေကိုလည်း အဆင်ပြေချောမွေ့စွာ စားသုံးနိုင်မှာလည်းဖြစ်ပါတယ်။
ဦးကျော်မြင့်(တွဲဖက်အတွင်းရေးမှူး၊ ကယား
ပြည်နယ် MSME ထုတ်ကုန်များအရောင်းပြခန်း)
လက်ရှိပြခန်းဖွင့်လှစ်ပြသဖို့ စီစဉ်နေတာ ရာနှုန်း ပြည့်ပြီးစီးပြီး အဆင်သင့်ဖြစ်နေပါပြီ။ ကယား ပြည်နယ်အနေနဲ့ One Region One Product ထုတ်ကုန်တွေ၊ ပြည်ပပို့ကုန်တွေ၊ ဒေသထွက်ကုန် တွေကို ပြသသွားမှာဖြစ်ပါတယ်။ နောက်ပြီး သစ် အချောထည်လုပ်ငန်းတွေ၊ အထည်အလိပ်လုပ်ငန်း တွေကိုလည်း ပြသသွားမှာဖြစ်ပါတယ်။ MSME ပြခန်းအနေနဲ့ လွိုင်ကော်စက်မှုဇုန်မှာ ဆောင်ရွက် နေတဲ့ စက်မှုလက်မှုလုပ်ငန်းတွေကိုလည်း ပြသသွား မှာဖြစ်ပါတယ်။ ဒေသထွက်ကုန်တွေကို ဒီလိုပြခန်း ဖွင့်လှစ်ပြသခြင်းအားဖြင့် ပြည်တွင်းမှာရော ပြည်ပ မှာပါ ထင်ထင်ရှားရှား သိရှိသွားမှာဖြစ်တဲ့အတွက် ကယားပြည်နယ်မှာရှိတဲ့ လုပ်ငန်းရှင်တွေနဲ့ ဒေသခံ ပြည်သူတွေအတွက် အကျိုးစီးပွားတွေ အများကြီးရရှိ မှာဖြစ်ပါတယ်။ နိုင်ငံတော်အတွက်လည်း များစွာ အကျိုးရှိစေမှာဖြစ်ပါတယ်။ MSME ကဏ္ဍအတွက် လည်း လက်ရှိအခြေအနေထက် များစွာ တိုးတက် သွားမှာလည်းဖြစ်ပါတယ်။ ဒါကြောင့် ကယား ပြည်နယ်က ထွက်ရှိတဲ့ စိုက်ပျိုးမွေးမြူရေးဆိုင်ရာပစ္စည်းတွေနဲ့ စက်မှုလက်မှုလုပ်ငန်းတွေကို ပြခန်း ဖွင့်လှစ်ပြသသွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေ နဲ့ လာရောက်လေ့လာကြည့်ရှုကြဖို့ဖိတ်ခေါ်ပါတယ်။
ဒေါ်နွယ်နီထွန်း(ပြခန်းများ
နေရာချထားရေးတာဝန်ခံ)
ပြပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကတော့ ကျွန်မတို့မြန်မာနိုင်ငံအတွင်းမှာ MSME ထုတ်ကုန်တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တစ်ခုနဲ့တစ်ခု ကျယ်ကျယ် ပြန့်ပြန့်ဖလှယ်နိုင်ပြီး နိုင်ငံတော်ရဲ့စီးပွားရေးကဏ္ဍ တိုးတက်လာစေရေးအတွက် ဖြစ်ပါတယ်။ ပြခန်း တွေအနေနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်ပြခန်းတွေရယ် ဝန်ကြီးဌာနနှစ်ခုရဲ့ ပြခန်းတွေအပါအဝင် စုစုပေါင်းပြခန်း ၁၉ ခန်း တည်ဆောက်ထားပါတယ်။ နောက်ထပ်ပြခန်းတွေ ထပ်ပြနိုင်ဖို့အတွက်လည်း ပြခန်း ၁၇ ခန်း တိုးချဲ့တည်ဆောက်ထားပါ တယ်။ စားသောက်ဆိုင်ခန်းတွေကတော့ ၁၉ ခန်း တည်ဆောက်ထားပါတယ်။ ဒါကြောင့် တပေါင်း ကွင်းအပြည့် ပြည့်ပြည့်စုံစုံ ဆောက်လုပ်ပေးထား ပါတယ်။ ဒီလိုပြပွဲတွေ ပြုလုပ်ပေးခြင်းအားဖြင့် နိုင်ငံတော်အတွက် အကျိုးကျေးဇူးများစွာရရှိစေမှာဖြစ်ပါတယ်။ ပြပွဲကတစ်ဆင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ထုတ်ကုန်တွေကို လေ့လာခွင့် ရရှိမှာပဲဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်း - အောင်ရဲသွင်
ဓာတ်ပုံ - ဖိုးပြည့်စုံ