ပြည်တွင်းစားသုံးဆီဖူလုံသုံးစွဲနိုင်ရေးအတွက် ဆီထွက်သီးနှံများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်   ဖေဖော်ဝါရီ  ၈
ပြည်တွင်းစားသုံးဆီ     ဖူလုံသုံးစွဲနိုင်ရေးအတွက်   ဆီထွက်သီးနှံများ  တိုးမြှင့်ထုတ်လုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့  မွန်းလွဲပိုင်း တွင်  နေပြည်တော် ရုံးအမှတ်(၁၅)၌ ကျင်းပပြုလုပ်ရာ  အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒေါက်တာ ကံဇော်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးထွန်းအုံနှင့်  ဒုတိယဝန်ကြီးများ၊  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ တက်ရောက် ကြသည်။ 
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ  စိုက်ပျိုးထုတ်လုပ်သော ဆီထွက်သီးနှံများကို ကြိတ်ခွဲရရှိလာသည့်  စားသုံးဆီများ ပြည်တွင်း ဖူလုံမှုရှိစေရန် လိုအပ်ချက်များ    ပူးပေါင်းဆောင်ရွက်ပေးနိုင်ရန် ရင်းနှီး မြှုပ်နှံမှုနှင့်    နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန၊  သမဝါယမနှင့်  ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးများ   ဦးဆောင်ပါဝင်သော   စားသုံးဆီဖူလုံရေး အတွက်  ဆီထွက်သီးနှံများ   တိုးချဲ့စိုက်ပျိုးရေးကော်မတီကို   နိုင်ငံတော် အစိုးရက လုပ်ငန်းတာဝန်(၉)ရပ်သတ်မှတ်၍  ဖွဲ့စည်းပေးခဲ့ပြီး ၂၀၂၃ ခုနှစ်တွင်  ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးအား နေကြာသီးနှံကို အဓိက သတ်မှတ်ဆောင်ရွက်ခဲ့သည်။     ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု    ပိုမိုအားကောင်းစေရန်နှင့် နိုင်ငံတစ်ဝန်းရှိ တောင်သူများအားလုံး ပါဝင် လုပ်ကိုင်နိုင်ကြစေရေးအတွက်   ယခုနှစ်မှစတင်ကာ   မြေပဲ၊   နှမ်း၊  နေကြာဆီထွက်သီးနှံ သုံးမျိုးလုံးအတွက်  စီမံကိန်းရေးဆွဲဆောင်ရွက်ခဲ့ပြီး နိုင်ငံစီးပွားမြှင့်တင်ရေး   ရန်ပုံငွေဖြင့်   မြေပဲတစ်ဧက သုံးသိန်း၊ နှမ်း တစ်ဧက ၁ ဒသမ ၅ သိန်းနှင့်  နေကြာတစ်ဧက နှစ်သိန်းနှုန်းနှင့်   ညီမျှ သော သွင်းအားစုကိုထောက်ပံ့ပြီး    ဆီစက်လုပ်ငန်းရှင်များနှင့်    သီးနှံ ပေးသွင်းမှုစာချုပ် ချုပ်ဆိုဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏   လမ်းညွှန်ချက်နှင့်အညီ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှစတင်၍ ပြည်တွင်းဆီထွက်သီးနှံများမှ  ကြိတ်ခွဲရရှိသည့် စားသုံးဆီများဖြင့်  ပြည်တွင်းလိုအပ်ချက် လုံလောက် စေရေး    ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်  ဆည်မြောင်းဝန်ကြီးဌာနက ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက် စေရန်နှင့်      ပြည်တွင်းစားသုံးဆီလုံလောက်စေရန်  ဆောင်ရွက်ရမည့် အထူးအစီအမံများ၊ လျာထားဆောင်ရွက်ချက်များအား အ စည်းအဝေး တွင် တင်ပြဆွေးနွေးခဲ့ကြပြီး ဝန်ကြီးဌာနများနှင့်  ကော်မတီဝင်များ၏           သုံးသပ်အကြံပြုဆွေးနွေးခဲ့ကြကာ  တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့ များ၊ အဆင့်ဆင့်သော  စိုက်ပျိုးရေးဦးစီးဌာနမှူးများ၊  ဆီထွက်သီးနှံ တောင်သူများအားလုံး ပူးပေါင်းပါဝင်အကောင်အထည်ဖော်  ဆောင်ရွက် သွားမည်ဖြစ်ကြောင်း   သတင်းရရှိသည်။    
သတင်းစဉ်