လယ်မြေ ၁၀ ဧကအထက်ပိုင်ဆိုင်သော တောင်သူကြီးများအား ချေးငွေထုတ်ချေးခြင်းကို လာမည့်အပတ်တွင် စတင်မည်

 

ရန်ကုန်   ဖေဖော်ဝါရီ    ၇


လယ်မြေ ၁၀ ဧကအထက်ပိုင်ဆိုင်သောတောင်သူကြီးများအား ချေးငွေထုတ်ချေးပေးသွားမည်ဖြစ်ရာ  အဆိုပါလုပ်ငန်းစဉ်ကို လာမည့် ရက်သတ္တပတ်အတွင်း စတင်မည်ဖြစ်ကြောင်း       မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။


ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက်တောင်သူလယ်သမားကြီးများအား ချေးငွေ လျှောက်ထားရန်  ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှစ၍ ခွင့်ပြုပေးခဲ့ပြီး   ယခုနှစ်  ဇန်နဝါရီလကုန်ပိုင်းအထိ လယ်ဧက     ခြောက်သောင်းခန့်အထိ    ချေးငွေ လျှောက်ထားခဲ့ပြီး ယင်းထဲမှ ရန်ကုန်တိုင်းဒေသကြီး အပါအဝင်    တိုင်းဒေသကြီးအချို့သို့  ဖေဖော်ဝါရီ ၁၅ ရက်မတိုင်မီ ထုတ်ချေးပေးနိုင်ရန် စီစဉ်နေကြောင်း လည်း ၎င်းက ဆိုသည်။


“ပြီးခဲ့တဲ့အပတ်က    ချေးငွေလျှောက်ထားတဲ့ ဧက ငါးသောင်း၊ ခြောက်သောင်းလောက်ရှိပါတယ်။ အဲဒီထဲက  စပြီးထုတ်ပေးလို့ရတဲ့နေရာတွေကို လာမယ့် အပတ်ထဲ စထုတ်ပေးပါမယ်။ ဒီနေရာမှာ မြန်မာနိုင်ငံ အထက်ပိုင်း နေပြည်တော်ကောင်စီနယ်မြေ  မန္တလေး တိုင်း​ဒေသကြီး အစရှိသဖြင့် အပေါ်ပိုင်းမှာ နောက်မှ ထုတ်ပေးရမယ့်အနေအထားရှိပါတယ်။ ဧရာဝတီ၊ ပဲခူး၊  ရန်ကုန်တိုင်းဒေသကြီး အစရှိတဲ့နေရာတွေကို ဖေဖော်ဝါရီ ၁၅ ရက်မတိုင်ခင်မှာ ထုတ်ပေးနိုင်အောင် စီစဉ်နေပါတယ်” ဟု ဦးရဲမင်းအောင်က ဆိုသည်။


ထိုသို့ ဆောင်ရွက်ရာတွင် တစ်ဧကလျှင် လေးသိန်း နှုန်းဖြင့် တစ်ဦးချင်း ပိုင်ဆိုင်မှုဧကအလိုက် စိုက်ပျိုး စရိတ်   ချေးငွေထုတ်ချေးပေးရန်     အစီအစဉ်မျိုး လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။


“ဆန်စပါးစိုက်ပျိုးထုတ်လုပ်တဲ့တောင်သူတွေအတွက် နိုင်ငံတော်ဘက်ကနေ  စိုက်ပျိုးစရိတ်ချေးငွေပေးတာရှိတယ်။  ပုဂ္ဂလိကဘဏ်တွေနဲ့ ချိတ်ဆက် ပြီးတော့စတင်ပြီး   ပုဂ္ဂလိကဘဏ်ကနေ  တစ်ဧကကို လေးသိန်းနှုန်းနဲ့ပေးဖို့၊   တောင်သူကြီးတွေ   ၁၅ ဧကရှိတယ်၊    ဧက ၂၀  ရှိတယ်   စသဖြင့် ဧက ရှိသလောက်ကို    စိုက်ပျိုးစရိတ်ချေးငွေပေးဖို့ အစီအစဉ်မျိုးလည်း    လုပ်နေတာတွေရှိပါတယ်” ဟု ဦးရဲမင်းအောင်က ဆိုသည်။


မြန်မာနိုင်ငံ    ဆန်စပါးအသင်းချုပ်အနေဖြင့် ပုဂ္ဂလိဘဏ်များနှင့်ချိတ်ဆက်၍     ကာလတို ချေးငွေကို  ဧကစုစုပေါင်းတစ်သိန်းအထိ ထုတ်ချေး ပေးရန်      လျာထားဆောင်ရွက်ခြင်းဖြစ်ကြောင်း လည်း  သိရသည်။            
    

MT