
နေပြည်တော် ဖေဖော်ဝါရီ ၆
၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေတင်ဆက်ရန် နေပြည် တော်၌ ရောက်ရှိနေကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များသည် ယနေ့ နံနက်ပိုင်းတွင် အဖွဲ့ နှစ်ဖွဲ့ခွဲ၍ နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက် လေ့လာကြသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို
ဦးစွာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့သည် ပြည်ထောင်စု နယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော် တွင် တည်ထားပူဇော်ထားသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြရာ ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက မာရဝိဇယဘုရားကြီး တည်ထား ကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှုအခြေအနေတို့ကို ရှင်းလင်း ပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။
အသေးစိတ်ပြန်လည်ရှင်းလင်းဖြေကြား
ထို့နောက် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ အုပ်ချုပ်သူတစ်ဦးက ယခုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာ လာရောက် ဖူးမြော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးမှုများနှင့် ရုပ်ပွားတော် မြတ်ကြီး တည်ဆောက်ပူဇော်ခဲ့မှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေး စိတ် ရှင်းလင်းပြောကြားပေးမှုများအပေါ် ကျေးဇူးတင်စကားပြောကြား ပြီး ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု အခြေ အနေနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိ သူများက အသေးစိတ်ပြန်လည်ရှင်းလင်းဖြေကြားသည်။
ယင်းနောက် လေ့လာရေးအဖွဲ့က အလှူငွေများ ပေးအပ်လှူဒါန်း ကြရာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဂေါပကအဖွဲ့က လက်ခံရယူ ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဂန္ဓကုဋိတိုက်များအတွင်း လေ့လာကြည့်ရှု
ဆက်လက်၍ လေ့လာရေးအဖွဲ့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော် ပတ်လည်၌ စကျင်ကျောက်များအသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း လေ့လာကြည့်ရှုကြသည်။
ထို့နောက် လေ့လာရေးအဖွဲ့သည် ဗုဒ္ဓဥယျာဉ်တော်အတွင်း ခမ်းနား ထည်ဝါစွာ တည်ထားပူဇော်ထားသော အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော် ကြီး၊ အဋ္ဌကထာဋီကာကျမ်းစာများကို စကျင်ကျောက်များပေါ်၌ ခေတ်မီ ကိရိယာများအသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ထွင်းထုထည့်သွင်းတည်ဆောက်ထားသည့် ကျောက်စာရုံစေတီတော် များနှင့် အခြားသာသနိက အဆောက်အအုံများကို ဆက်လက်ဖူးမြော် လေ့လာကြည်ညိုကြသည်။
ယင်းနောက် လေ့လာရေးအဖွဲ့များသည် Junction Center ၊ ကျောက်မျက်ရတနာပြတိုက်၊ လွှတ်တော်အဆောက်အအုံတို့ကို သွားရောက်လေ့လာကြပြီး နေပြည်တော် ဗုဒ္ဓဂယာနှင့် ဥပ္ပါတသန္တိ စေတီတော်တို့ကို သွာရောက်ဖူးမြော်ကြည်ညို၍ နေပြည်တော် ရေပန်း ဥယျာဉ်သို့ သွားရောက်လေ့လာကြသည်။
အမျိုးသားအထိမ်းအမှတ်ဥယျာဉ် လေ့လာကြမည်
အဆိုပါလေ့လာရေးအဖွဲ့(၁)တွင် ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ အုပ်ချုပ်သူ ဆရာ ဆရာမများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ၊ အဖွဲ့(၂)တွင် ဧရာဝတီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ အုပ်ချုပ်သူဆရာ ဆရာမများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့ဝင်များပါရှိပြီး လေ့လာရေးခရီးစဉ် ဒုတိယနေ့အဖြစ် ဖေဖော်ဝါရီ ၇ ရက်တွင် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ စစ်သမိုင်းပြတိုက်၊ အမျိုးသားပြတိုက်၊ တိရစ္ဆာန်ဥယျာဉ်၊ နက္ခတ်တာရာပြခန်းနှင့် နေပြည်တော် မြို့မဈေးတို့သို့ သွားရောက်လေ့လာကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်