ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားများအနေဖြင့်လည်း MSME လုပ်ငန်းများအောင်မြင်ရေးကို အလေးထားဆောင်ရွက်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ
(၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်
 

 

ချစ်ခင်လေးစားအပ်ပါသော ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျား-


ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သော (၇၇)နှစ် မြောက် ရှမ်းပြည်နယ်နေ့ အခါသမယမှစ၍ ရှမ်းပြည်နယ်နှင့် နိုင်ငံ တစ်ဝန်းရှိ တိုင်းရင်းသားမိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်းနှင့်  အေးချမ်းသာယာကြပါစေ ကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။


ရှမ်းပြည်နယ်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး အနက်  ဧရိယာအကျယ်ပြန့်ဆုံးဖြစ်ပြီး   တိုင်းရင်းသားမျိုးနွယ်စု အများဆုံးနေထိုင်လျက်ရှိသည့် ပြည်နယ်ကြီးလည်း  ဖြစ်ပါသည်။ ရှမ်းမျိုးနွယ်စုများဖြစ်သော ရှမ်း၊ ပလောင်၊ ပအိုဝ်း၊ ဝ၊ ဓနု၊ ကိုးကန့်၊ လားဟူ၊ အာခါ၊ အင်းသား စသည့်ရှမ်းတိုင်းရင်းသားများနှင့်အတူ ကချင်၊ ကယား၊ လီဆူးစသည့်တိုင်းရင်းသားများစွာတို့သည် ကိုယ်ပိုင် ယဉ်ကျေးမှုဓလေ့ထုံးစံတို့ဖြင့် ကာလရှည်ကြာ စည်းလုံးညီညွတ်စွာ အတူယှဉ်တွဲ  စုပေါင်းနေထိုင်လျက်ရှိသော  တောတောင်ရေမြေ သဘာဝအလှအပများနှင့် ပြည့်စုံသည့်ပြည်နယ်ဖြစ်ပါသည်။ 


သဘာဝရာသီဥတု သင့်တင့်မျှတပြီး ခရီးသွားတောင်ပေါ် အပန်း ဖြေ မြို့များ တည်ရှိလျက်ရှိသော သာယာလှပသည့် ပြည်နယ်ကြီး လည်း ဖြစ်ပါသည်။ ထို့အပြင် ကျောက်ခေတ်ယဉ်ကျေးမှုများဖြစ်သည့် ပြဒါးလင်းဂူ၊ လွယ်ဝန်းဂူနှင့် ထုံးကျောက်ဂူများ အများအပြား နှင့် သဘာဝအင်းအိုင်များ၊ သမိုင်းရှည်ကြာသော မြို့ပြယဉ်ကျေးမှု ထွန်းကားခြင်းနှင့်အတူ တိုင်းရင်းသားမျိုးနွယ်စုများ၏ ယဉ်ကျေးမှု ဓလေ့စရိုက်များ စုံလင်စွာနှင့် သဘာဝသယံဇာတများ ပေါကြွယ်ဝ လျက် အဘက်ဘက်မှ သာယာပြည့်စုံသည့် ပြည်နယ်ဖြစ်ပါသည်။ 


ရှမ်းပြည်နယ်နေ့ ပေါ်ပေါက်လာခဲ့ခြင်းမှာ နိုင်ငံလွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလ  တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဖော်ပြခဲ့ သည့် သမိုင်းနှင့် ဆက်စပ်လျက်ရှိပါသည်။ ဗြိတိသျှတို့သည် မြန်မာ နိုင်ငံအား မဖြစ်မနေ လွတ်လပ်ရေးပေးရလျှင်သော်မှ တောင်တန်း ဒေသများကို  ချန်လှပ်ပြီး ဆက်လက်သွေးခွဲအုပ်ချုပ်ရန်   ကြိုးစားခဲ့ ကြသည်။  
ဗြိတိသျှတို့သည်  ၁၉၄၇   ခုနှစ်တွင်   ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော  မြန်မာကိုယ်စားလှယ်အဖွဲ့အား လန်ဒန်သို့ဖိတ်ခေါ်၍ မြန်မာနိုင်ငံ၏   အနာဂတ်အရေးကို   ဆွေးနွေးခဲ့ရာ   မြန်မာနိုင်ငံ ကို   လွတ်လပ်ရေးပေးသည့်အခါတွင်    ရှမ်းပြည်နယ်အပါအဝင် တောင်တန်းဒေသအားလုံးကိုပါ တစ်ပြိုင်တည်း လွတ်လပ်ရေးပေး ရန်   ဗိုလ်ချုပ်အောင်ဆန်းက   တောင်းဆိုခဲ့ပါသည်။    ရှမ်းပြည် ပဒေသရာဇ်ကောင်စီ၏  အမှုဆောင်ကောင်စီက ဗိုလ်ချုပ်အောင်ဆန်း သည် စော်ဘွားများ၏  ကိုယ်စားလှယ်မဟုတ်ကြောင်း   ကန့်ကွက် ခဲ့သော်လည်း       ရှမ်းပြည်        ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်မှ        
ခေါင်းဆောင်များကလည်း တောင်ကြီးမြို့၌ လူထုအစည်းအဝေး ကြီးကျင်းပကာ   ဆုံးဖြတ်ချက်များချပြီး   ဗိုလ်ချုပ်အောင်ဆန်းသာလျှင် တောင်တန်းသားများအတွက်  ကိုယ်စားလှယ်ဖြစ်ကြောင်း၊ ဗိုလ်ချုပ် အောင်ဆန်းကို အပြည့်အဝထောက်ခံကြောင်း ပြန်လည်ကြေးနန်းပေးပို့လိုက်မှသာလျှင်  သဘောတူစာချုပ် (အောင်ဆန်း - အက်တလီ စာချုပ်)ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။


၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ ကောင်စီ အမှုဆောင်အဖွဲ့ဝင်စော်ဘွားများနှင့် ရှမ်းပြည်လူထုကိုယ်စားလှယ် များပါဝင်သည့်ဆွေးနွေးပွဲကို စတင်ကျင်းပခဲ့ပြီး ဖေဖော်ဝါရီလ ၇ ရက် နေ့တွင် ရှမ်း၊ ကချင်၊ ချင်းကိုယ်စားလှယ်များက ဆပ်ကော်မတီဖွဲ့စည်း ကာ ပြည်မနှင့်အတူ လွတ်လပ်ရေးရယူရန် ဆွေးနွေးဆုံးဖြတ်ချက် များကို သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။


ထိုကဲ့သို့ ရှမ်းပြည်နယ်အတွင်းရှိ ရှမ်း၊ ကချင်၊ ချင်းတိုင်းရင်းသား ခေါင်းဆောင်များသည် ပြည်မနှင့်အတူပူးပေါင်း၍ လွတ်လပ်ရေးအရ ယူမည့် သဘောတူဆုံးဖြတ်ချက်များကို ဆုံးဖြတ်ချမှတ်နိုင်ခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်နေ့ အဖြစ် ကျင်းပပြုလုပ်လာခဲ့သည်မှာ (၇၇)နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။ ထို့ကြောင့်  ရှမ်းပြည်နယ်နေ့သည်   သမိုင်းဝင်ပြည်ထောင်စုနေ့၏ အခြေခံ၊ ပင်လုံစာချုပ်၏ ပဋိညာဉ်များကို ချမှတ်နိုင်ခဲ့သည့် တိုင်းရင်း သားအားလုံး၊ မြန်မာတစ်မျိုးသားလုံးနှင့် သက်ဆိုင်သော၊  ထူးခြား လေးနက်သော နေ့ထူးနေ့မြတ်ဖြစ်ပါသည်။


မိမိတို့နိုင်ငံ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့်   ဖွံ့ဖြိုး တိုးတက်ရေးအတွက်  အတိတ်က  တွေ့ကြုံခဲ့ရသည့်ဖြစ်စဉ်များကို သင်ခန်းစာယူပြီး လမ်းကြောင်းမှန်ပေါ်တွင် တက်ညီလက်ညီ လျှောက် လှမ်းရတော့မည့် အချိန်အခါရောက်နေပြီ ဖြစ်ပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင်  မတူကွဲပြားသည့်   တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးသည် နှစ်ကာလကြာရှည်စွာ ကမ္ဘာ့အလယ်တွင် တည်တည်ငြိမ်ငြိမ်၊ သိက္ခာရှိရှိနေထိုင်လာခဲ့ကြပါသည်။ သို့သော်လည်း မတရားကျူးကျော်စစ် သုံးကြိမ်ဆင်နွှဲပြီး တစ်နိုင်ငံလုံး ကိုလိုနီနယ်ချဲ့ လက်အောက်ကျရောက်ကာ နှစ်ပေါင်း (၁၀၀)ကျော်   ကုပ်သွေးစုပ် အမြတ်ထုတ်ခံရခြင်းနှင့်အတူ သွေးခွဲအုပ်ချုပ်မှုကို ခံခဲ့ကြရပါသည်။


လွတ်လပ်ရေးရပြီးနောက်   နှစ်ပေါင်း (၇၀)ကျော်   ကြာခဲ့ပြီ ဖြစ်သော်လည်း  နယ်ချဲ့တို့၏  သွေးခွဲအုပ်ချုပ်ခဲ့သည့်   အမွေဆိုးကို ယခုထိ ခံစားနေရဆဲဖြစ်ပါသည်။  ကိုလိုနီလက်အောက်တွင်  ဖိနှိပ် အုပ်ချုပ်မှုကို   ရှမ်းတိုင်းရင်းသားများအပါအဝင်    နိုင်ငံနှင့်အဝန်း တိုင်းရင်းသားပြည်သူအားလုံးက မျိုးချစ်စိတ်ဓာတ်ဖြင့် အသက်သွေး ချွေးများစွာ  ပေးဆပ်တိုက်ပွဲဝင်ပြီး  လွတ်လပ်ရေးကို  ရယူနိုင်ခဲ့သော် လည်း သွေးခွဲအုပ်ချုပ်သည့် အမွေဆိုးကြောင့် ပြည်ထောင်စုအတွင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပြိုကွဲကာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ယနေ့အထိ ဖြစ်ပွားလျက်ရှိသည်မှာ သတိထားသင့်သည့် အချက်ဖြစ်ပါသည်။


အထူးသဖြင့် ရှမ်းပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများဖော်ဆောင်နေခြင်း၊ တိုက်ပွဲများ ဖြစ်နေ ခြင်း၊ ဆူပူအကြမ်းဖက်ဖျက်ဆီးနှောင့်ယှက်တိုက်ခိုက်မှုများကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများ  ဒုက္ခများစွာခံစားနေကြရပါသည်။ ထို့အပြင်   ဒေသတည်ငြိမ်အေးချမ်းရေးနှင့်   ဖွံ့ဖြိုးတိုးတက်ရေးပါ  ပျက်ပြားလာသည့်အပြင် နိုင်ငံအတွက်ပါ အန္တရာယ်ရှိလာနိုင်သည်ကို  အားလုံးက သိရှိလက်ခံကာ စဉ်းစားသုံးသပ်ကြရန်လိုပြီဖြစ်ပါသည်။
အကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းတို့  အကျိုးစီးပွား ကိုသာ  ဦးတည်ဆောင်ရွက်နေရုံသာမက  ဒေသတွင်း  တည်ငြိမ် အေးချမ်းမှုပျက်ပြားအောင် ဆောင်ရွက်ခြင်း၊ စေတီပုထိုးများအပါအဝင် လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံ၊ အဆောက်အဦ  စသည်တို့ကိုပါ  ဖျက်ဆီးခြင်းမှာ လွန်စွာအကျည်းတန်အရုပ်ဆိုးပြီး ဒေသခံပြည်သူများ ဆင်းရဲဒုက္ခများစွာ ဖြစ်ပေါ်စေလျက်ရှိပါသည်။ ထို့ကြောင့် သက်ဆိုင် သူအားလုံးနှင့် တိုင်းရင်းသားပြည်သူအပေါင်းတို့အနေဖြင့် တည်ငြိမ် အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးဖြစ်ထွန်းလာအောင် အလေး အနက်ထားစဉ်းစားဆောင်ရွက်သင့်သည့်  အချိန်ကာလဖြစ်ကြောင်း နှင့် နောက်ကျလျှင် နောက်ကျသလောက် အကျိုးယုတ်နိုင်ပြီး နိုင်ငံ အတွက် အန္တရာယ်ရှိသည်ကို သတိပြုကြရမည်ဖြစ်ကြောင်း အသိပေး တိုက်တွန်းအပ်ပါသည်။


ယနေ့အချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေး၊ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို အလေး ထားကြိုးပမ်းလျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် စစ်မှန်စည်းကမ်း ပြည့်ဝသည့်  ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့်   ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို   အခြေခံသည့်    ပြည်ထောင်စုတည်ဆောက်ရေး ဆိုသည့် နိုင်ငံရေးရည်မှန်းချက် (၂)ရပ် ချမှတ်ဆောင်ရွက်လျက် ရှိပါ သည်။
ပြည်ထောင်စုအတွင်းရှိ   တိုင်းရင်းသားလူမျိုးအားလုံးတို့သည် အချင်းချင်း သွေးမကွဲကြဘဲ  ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တစ်ဦးနှင့် တစ်ဦး  နားလည်ခွင့်လွှတ်မှု၊ ရိုင်းပင်းကူညီမှုတို့ဖြင့်  ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်   ပြည်ထောင်စုကြီးကို  ဖော်ဆောင် ကြရမည်ဖြစ်ပါသည်။  မိမိတို့နိုင်ငံသည်   ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ထားသည့် နိုင်ငံဖြစ်၍ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးသည် အဓိကကျပါသည်။  တိုင်းရင်းသားအချင်းချင်း  စည်းလုံး ညီညွတ်စေရန်အတွက် အရေးကြီးဆုံးနှင့်အလိုအပ်ဆုံးမှာ ပြည်ထောင်စု စိတ်ဓာတ်မွေးမြူကြရေးပင်ဖြစ်ကြောင်း အသိပေးတိုက်တွန်းမှာကြား လိုပါသည်။ 


မြန်မာနိုင်ငံအတွင်း စုစည်းနေထိုင်လျက်ရှိကြသော တိုင်းရင်းသား ပြည်သူအားလုံး၏ ဆန္ဒအမှန်မှာ အေးချမ်းသာယာဝပြောရေး၊ တရား ဥပဒေစိုးမိုးရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် စားဝတ်နေမှုဖူလုံ ရေးပင် ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို အမျိုးသားရေးရည်မှန်းချက် အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူအားလုံး အကျုံးဝင် သော စိုက်ပျိုးရေးနှင့်  မွေးမြူရေးတို့ကို   ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်လျက်ရှိပြီး အခြားစီးပွားရေးကဏ္ဍများကို လည်း ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် အကောင်အထည်ဖော်လျက် ရှိပါသည်။ အဓိကအားဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် အသေး စား၊ အငယ်စား၊ အလတ်စား  စီးပွားရေးလုပ်ငန်းများ ယခုထက်  ပိုမို အားကောင်းလာရန်လိုအပ်သဖြင့် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားများ အနေဖြင့်လည်း MSME လုပ်ငန်းများ အောင်မြင်ရေးကို အလေးထား ဆောင်ရွက်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင် ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုပါသည်။


တိုင်းရင်းသားမိဘပြည်သူများ ခင်ဗျား-


ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် လူငယ်များအပါအဝင် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးသည် အသိပညာ၊ အတတ်ပညာနှင့် စဉ်းစားတွေးခေါ်နိုင် သည့် စွမ်းရည်များ ပြည့်စုံရန်လိုအပ်ပါသည်။ နိုင်ငံတော်အစိုးရအနေ ဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့်  လူ့စွမ်းအားအရင်းအမြစ်များ   မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အခြေခံ အုတ်မြစ်ဖြစ်သဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူ နိုင်ရေး၊ အနည်းဆုံး အလယ်တန်းအဆင့် (KG+9) ပြီးမြောက်သည် အထိ သင်ယူနိုင်ရေး၊ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး စသည့်အသက် မွေးဝမ်းကျောင်းပညာများကို အထက်တန်းအဆင့်တွင် သင်ယူနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။ 


အထူးသဖြင့် ကျေးလက်ဒေသများ၊ နယ်စပ်ဒေသများအပါအဝင် တိုင်းရင်းသားဒေသများတွင် ပညာသင်ယူနိုင်မှု အခွင့်အလမ်းနည်းပါး နေကြောင်းတွေ့ရပါသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းလုံး  ပညာရေးကဏ္ဍကို  မြှင့်တင်ပေးလျက်ရှိပါသည်။ လူငယ်များကို အသိပညာ၊  အတတ်ပညာနှင့်အတူ   နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ရှိလာစေပြီး အမှန်နှင့်အမှား၊ အကောင်းနှင့်အဆိုးကို ခွဲခြားသိမြင်နိုင်စွမ်းရှိသည့်  စွမ်းဆောင်ရည်မြင့်မားသော   အနာဂတ် သားကောင်းရတနာများဖြစ်အောင် ပြုစုပျိုးထောင်ပေးရန်မှာ အရေး ကြီးသောအချက်ဖြစ်ပါသည်။ ထို့ကြောင့် လူငယ်များအား အနာဂတ် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသော မျိုးဆက်သစ်များ ဖြစ်အောင်  ပြုစုပျိုးထောင်ပေးကြရန်ကိုလည်း  တိုက်တွန်းမှာကြား လိုပါသည်။ 


နိဂုံးချုပ်အားဖြင့်  နိုင်ငံအတွင်းဖြစ်ပေါ်နေသည့်  လက်နက်ကိုင် ပဋိပက္ခများ၊ တိုက်ခိုက်ဖျက်ဆီးမှုများအားလုံးသည် နိုင်ငံပြိုကွဲပျက်စီး ရေးနှင့်  တိုင်းရင်းသားပြည်သူအားလုံး  အတိဒုက္ခရောက်ရေးကိုသာ ဦးတည်နေသဖြင့်   သက်ဆိုင်သူအားလုံးက    မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့်    နိုင်ငံနှင့်ပြည်သူကို   ကာကွယ် စောင့်ရှောက်ပေးကြပါရန်၊ နိုင်ငံ၏အနာဂတ်ဖြစ်သော လူငယ်မျိုးဆက် သစ်များကို တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်လာ အောင်   ပြုစုပျိုးထောင်ပေးကြပါရန်နှင့်     ရှမ်းပြည်နယ်တစ်ခုလုံး အေးချမ်းသာယာ၍ ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ကာ တိုင်းရင်းသား များ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားပါစေကြောင်း ဆန္ဒပြု တိုက်တွန်းလျက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

 

ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ
သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်
နိုင်ငံတော်ဝန်ကြီးချုပ်
 ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ