တောင်ဇလပ်တို့ မွှေးပျံ့ချိန်

Type
1

 

ဒေါက်တာခင်မောင်လွင်

မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်တဲ့ ပြည်ထောင်စုနေ့ ဂုဏ်ပြုတေးအစီအစဉ်ထဲက “တောင်ဇလပ်တေးကဗျာ” အစီအစဉ်ကို ကြည့်ရှုနားဆင်မိတော့ ချင်းလူငယ်အဆိုတော်တွေနဲ့အတူ ချင်းပြည်နယ်ရဲ့အလှ တောင်ဇလပ်ပန်းတို့ရဲ့ မွှေးရနံ့ကို မျှဝေခံစားမိခဲ့ရပါတယ်။ ချင်းတောင်ကို ခွဲခွာသွားကြတဲ့ ချစ်သူတွေရဲ့ ပြန်အလာမှာ တောင်ဇလပ်ပန်းတွေလည်း မွှေးပျံ့လာမယ်ဆိုတဲ့ ယုံကြည်ချက်တွေ ပြည့်လို့ပါပဲ။ ကိုယ်တိုင်အကြိမ်ကြိမ် ရောက်ခဲ့ရတဲ့ ကျွန်တော့်အတွက်လည်း မျှဝေခံစားမိရတာပါပဲ။

 

ဂီတရဲ့ရသဟာ သံစဉ်သွင်းထားတဲ့ ပုံပြင်လိုပါ ပဲ။ အသည်းစွဲမှတ်မိခံစားနိုင်မယ့် အချိန်ကလေးတွေ နဲ့ တိုက်ဆိုင်ရင် နှလုံးခိုက်တယ်။ ဟတ်ထိတယ်ပေါ့။ ဒါဟာလည်း လူထုဆက်သွယ်ရေးလုပ်ငန်းတွေမှာ အခြေခံတဲ့    စိတ်ပညာဆိုင်ရာသီအိုရီတစ်ခုပါ။ ကျွန်တော်ဆိုရင်   ချင်းတောင်ကို   ပထမဦးဆုံး ရောက်ခဲ့ချိန်က အဖြစ်အပျက်တွေထဲမှာ မမေ့စရာ သီချင်းကလေးကို ချင်းလူငယ်တွေ ပြန်ဆိုကြတော့ ပြန်လည်သတိရစရာ ဖြစ်ရတယ်။


ချင်းတောင်ရဲ့အလှ


ချင်းတောင်ရဲ့အလှဟာ  ကြမ်းတမ်းတဲ့ဘဝနဲ့ ဒွန်တွဲနေပါတယ်။  စားဝတ်နေရေး  ခက်ခဲပင်ပန်း လှပြီး လမ်းပန်းဆက်သွယ်ရေး အဆင်မပြေရုံမက သဘာဝဘေးအန္တရာယ်တွေလည်း     များပြားလှ ပါတယ်။   ချင်းတောင်တန်းကြီးတွေ   လှပမြင့်မား သလောက်        အခြေခံတည်ဆောက်ထားတဲ့ ကျောက်သားတွေက အနည်ကျကျောက်(Slates)တွေဖြစ်တဲ့အတွက်    အထပ်လိုက်လျှောကျပြီး တောင်ပြိုလေ့ရှိပါတယ်။       တောင်ပြိုရင်လည်း လမ်းပိတ်တာပဲ။ ဒါကြောင့်လည်း ခရီးသွားယာဉ် တွေပေါ်မှာ ပေါက်တူးတွေ၊ ဂေါ်ပြားတွေ မဖြစ်မနေ ပါကြရပါတယ်။


ကလေးလေဆိပ်ကထွက်ပြီး ချင်းတောင်ပေါ် တက်ချိန်မှာပဲ ကျွန်တော်တို့ကား မြေပြိုလမ်းပိတ် တာနဲ့တိုးတော့တယ်။       ရှေ့ခပ်လှမ်းလှမ်းမှာ လမ်းပိတ်နေတာကို     ကြိုးစားရှင်းလင်းနေတဲ့ လမ်းလုပ်သားတွေကို ငေးကြည့်နေရင်း နောက်က ဂီတသံနဲ့  သီချင်းသံကို   ကြားလိုက်ရတယ်။ ကျွန်တော်တို့ကို လိုက်ပို့ပေးတဲ့ ယာဉ်မောင်းလူငယ် လေးက ကားထဲမှာပါလာတဲ့ သူ့ဂီတာကို ထုတ်ပြီး သီချင်းဆိုလိုက်တယ်။


စွဲသွားအောင်    မှတ်မိလိုက်တဲ့    တေးသွား ကလေးကတော့-
    “သူငယ်ချင်း လိုက်ခဲ့စမ်းပါ၊ တစ်ခါတစ်ခေါက် လိုက်ခဲ့စမ်းပါ xx
    တို့များရဲ့ချင်းဓလေ့ထုံးစံ   မြင်စေချင်စမ်း တယ် xx
    တောင်ပေါ်ခေါင်ရည်ချိုမြမြ၊    တစ်ကျိုက် လောက်သောက်ရင် အမောပြေ


ဒါဟာလည်း ချင်းပြည်ရဲ့ ဓလေ့တစ်ခုပါ xxx” စာပိုဒ်ကလေးဟာ   ချင်းတောင်ခရီးသွားအတွက် တစ်သက်မမေ့စရာပါ။
“ပုံဘမ်းရွာ” ကို ရောက်ပြီး နောက်နေ့နံနက်မှာ တောင်ပေါ်ကို   ရေခပ်သယ်လာတဲ့   အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်ရတယ်။ သားဖွားဆရာမ လေးပါ။ သူ ကလေးမွေးထားတာ ခုနစ်ရက်ပဲရှိပါသေး တယ်။ သွေးနုနု၊ သားနုနုနဲ့ ထင်းခွေရေခပ် ဆင်းနေ ရပါပေါ့လား။ သားဖွားဆရာမလေးကတော့ မပင် မပန်းထမ်းနေတဲ့ အိမ်ထောင့်တာဝန်နဲ့ နိုင်ငံ့တာဝန် အတွက်   စိတ်ပျက်ညည်းညူတာ  လုံးဝမတွေ့ရဘူး။ ဒါအိမ်ထောင့်တာဝန် ချင်းဓလေ့၊ ဝန်ထမ်းဓလေ့။ 


ဝေးလံတဲ့ဒေသမှာ တာဝန်ကို   ဝန်ဆောင်နေတဲ့သူတွေကို  အထူးလေးစားမိ


ဝေးလံခေါင်းပါးတဲ့ဒေသမှာ ဓလေ့နဲ့ တာဝန်ကို တွဲဖက်ပြီး   ဝန်ဆောင်နေရတဲ့သူတွေကို   အထူးပဲ လေးစားမိပါတယ်။  သူတို့ကလေးတွေဟာ ဘဝမှာ အနီးကပ်ရှိနေတဲ့    အလှတရားကို    ခံစားမိနိုင်မှ ရပါလေစ။


ဖောင်ကြီးမှာ ကျွန်တော်သင်တန်းတက်ခဲ့ချိန် က နံနက်စောစော လေ့ကျင့်ခန်းလုပ်ရတဲ့ ကွင်းဘေး မှာရှိနေတဲ့ ထင်းရှူးပင် (ပင်လယ်ကဗွီးပင်ပါ) ကို လေတိုးနေတဲ့အသံကို နားထောင်ပြီး အရသာခံနေ မိခဲ့တယ်။ အဲဒီအချိန်မှာ ချင်းတောင်မှာ တာဝန်ကျ နေတဲ့  သွားဆရာဝန်လေးက  ထင်းရှူးရွက်တွေကို လေတိုးသံတွေသာ နာခံနေရလို့တော့ ချင်းတောင်မှာ    ရူးသွားနိုင်တယ်လို့     မှတ်ချက်ပေးတယ်။  နက်နက် တွေးကြည့်ရင်       ပညာတတ်လူငယ်လေးတွေ အတွက် ချင်းတောင်မှာ ဘဝရည်မှန်းချက်တွေ ရှာဖွေ ရခက်လှတာကိုလည်း   သဘောပေါက်မိစရာပါပဲ။ 


ပျော်စရာတွေမရှိဘူးလားလို့    မေးရင်တော့ ရှိပါတယ်။ ဒါပေမယ့်  “ပျော်ရာမှာမနေရ၊ တော်ရာမှာ နေရ” ဆိုတဲ့ဘဝတွေအတွက် အိပ်မက်ကို အကောင် အထည်ဖော်ဖို့  စွန့်စား၊  စွန့်ခွာကြရတာလည်း ဘဝပဲ ဖြစ်နေတယ်။ 


အိုပြီးသေတဲ့အထိ ချင်းတောင်ပေါ်မှာ နေကြရသူတွေ


“ချင်းတွေမနေရင်        ချင်းတောင်တန်းကြီးဟာ ဘယ်အဓိပ္ပာယ်ရှိတော့မလဲ”     လို့      ကျွန်တော့် မိတ်ဆွေ ချင်းလူငယ်တွေကို ပြောပြမိပါသေးတယ်။ ချင်းတောင်တန်းကြီး အဓိပ္ပာယ်ရှိအောင်နေပေးနေ တဲ့သူတွေကတော့ အိုပြီးသေတဲ့အထိ ချင်းတောင် ပေါ်မှာ ချင်းဓလေ့ထုံးစံတွေနဲ့ နေကြရသူတွေပါ။ သူတို့နဲ့အတူ သူတို့လိုမနေနိုင်ပေမယ့် သူတို့အတွက် အဝေးရောက်       စောင့်ရှောက်သူဖြစ်ပါရစေလို့ ဆုတောင်းမိပါတယ်။ 


ဒေသခံတွေကလည်း  ဘယ်လောက်တောင် သံယောဇဉ်ဖြစ်အောင် လုပ်သလဲဆိုတော့ ဧည့်သည် ကျွန်တော့်ကို       ကြိုဆိုတဲ့ဆိုင်းဘုတ်ထောင်၊ ကျွန်တော့်အပေါ် ကောင်းမြတ်တဲ့စောင့်ရှောက်မှု တွေရပါစေဆိုတဲ့ သီချင်းသီးသန့်စပ်ပြီး ရွာထိပ်မှာ ကကြပါတယ်။ ကျွန်တော်တို့အားလုံး လက်တွဲကနေ ကြတဲ့ ကြမ်းပြင်ကတော့ ဒုတိယကမ္ဘာစစ်လက်ကျန် သံချပ်ကာ ဘီးချိန်းကြိုးတွေပါပဲ။ ကနေတဲ့နေရာရဲ့ အမိုးကတော့ စစ်သုံးလေထီးအဟောင်းကြီးတစ်ခု ဖြစ်ပါတယ်။ ရွာနာမည်ကိုက “လမ်းဇန်” တဲ့ “ကကြ တဲ့နေရာ”လို့ အဓိပ္ပာယ်ထွက်သတဲ့။


ရွာလူကြီးတွေနဲ့ စုပေါင်းကကြရင်း ကျေးရွာရဲ့ ရေလိုအပ်ချက်တွေကို       စကားစပ်မိကြတယ်။ လမ်းဇန်ရွာကလေးမှာ စိမ့်စမ်းရေသွယ်စနစ်တစ်ခု ရရင်   အတော်အဆင်ပြေမှာပဲလို့  သဘောပေါက် တယ်။  Gravity Flow System တစ်ခုပါ။ ချင်းတောင် ပေါ်မှာတော့ လူကြိုက်များကြတယ်။ ရွာဓလေ့အရ တော့    စိမ့်စမ်းရေကို   သစ်သားရေတံလျှောက် ကလေးနဲ့   အိမ်ရှေ့အရောက်   သွယ်ယူလေ့ရှိကြ တယ်။ တိုင်တွေထောက်ပြီး သွယ်ယူတဲ့စနစ်ဖြစ်ပေ မယ့်  ရေတံလျှောက်ပက်လက်ဖြစ်ပြီး ပွင့်နေတဲ့ အတွက် ဖုန်တွေ၊ အမှုန်တွေ၊ ပိုးမွှားတွေ ကျရောက် နိုင်တယ်။    စိမ့်စမ်းရေသွယ်တည်ဆောက်ကာ ရယူစုဆောင်းရာကနေ ပိုက်တွေနဲ့သွယ်ယူတာမို့ ပိုပြီးလုံခြုံပိုးကင်းတယ်။ အဖိတ်အစဉ်လည်းမရှိ ဘူး။ ကျွန်တော်ရောက်ပြီး နှစ်ပေါင်းအတန်ကြာမှပဲ သူတို့  စိမ့်စမ်းရေသွယ်စနစ်တစ်ခု  ရခဲ့ပါတယ်။ ကျွန်တော်လည်း   မမေ့မလျော့   ရှေ့နေလိုက် စည်းရုံးပေးခဲ့ပါသေးတယ်။      ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုစနစ်ဟာ ဝေးလံခေါင်းပါးတဲ့ တိုင်းရင်း သားဒေသတွေအတွက်        လျင်မြန်သွက်လက်ဖို့ လိုနေသေးတာ အမှန်ပါပဲ။


တကယ်တော့   ချင်းတိုင်းရင်းသားတွေဟာ အင်္ဂလိပ်တွေကို ပထမဦးဆုံး တော်လှန်တိုက်ခိုက် ခဲ့ကြသူတွေပါ။  ဗိုလ်ဆွန်ပက်လို့  အမည်တွင်တဲ့ ဗိုလ်ကြွန့်ဘိ(ခ်) ဟာ အင်္ဂလိပ်တွေကို ပထမဦးဆုံး စိန်ခေါ်ခဲ့တဲ့    ချင်းခေါင်းဆောင်ပါပဲ။    မြန်မာ့ လွတ်လပ်ရေးတိုက်ပွဲတွေမှာ အနုနည်းရော အကြမ်း နည်းပါ ထိပ်တန်းကပါခဲ့တဲ့ ချင်းခေါင်းဆောင်ကြီး တွေ များစွာရှိပါတယ်။ အဲဒီအထဲကမှ ပင်လုံစာချုပ် လက်မှတ်ရေးထိုးပွဲကိုတက်ခဲ့တဲ့ ချင်းခေါင်းဆောင် ကြီး ဦးဝမ်းကိုဟောရဲ့ မှတ်ချက်ကတော့စိတ်ဝင်စား စရာပါ။


ဒေါက်တာမောင်မောင် ပြုစုပြီး ၁၉၆၂ ခုနှစ်မှာ ထုတ်တဲ့ “Aung San of Burma” စာအုပ်ထဲက စာမျက်နှာ ၁၅၀ မှာ -
“ပင်လုံညီလာခံ   လုပ်စဉ်ကာလတစ်လျှောက် ချောမွေ့ပြေပြစ်ခြင်းမရှိခဲ့ကြောင်း၊   အာဏာနိုင်ငံ ရေးတွေ၊ လျှို့ဝှက်ကြံစည်မှုတွေ၊ မလိုလားအပ်တဲ့ အကြံပြုချက်တွေကို  မလိုအပ်တဲ့  နိုင်ငံခြားသား အကြံပေးတွေက ပြုလုပ်ခဲ့ကြကြောင်း၊ လူအချို့က လည်း  ရသမျှအခွင့်အရေး    အကုန်ယူပြီး    ဘာမျှ ပြန်မပေးကြတာကို တွေ့ရကြောင်း” ရေးသားခဲ့ပါ တယ်။  


အင်္ဂလိပ်လို မူရင်းအနေနဲ့ ဖော်ပြရရင် -


“Pang Long was not smooth going all along. There were in intriguses, unsolicited advises from unwanted foreign advisors, politics. There were people who wanted everything and would in retrun, give back nothing.” လို့  ပွင့်ပွင့်လင်းလင်း  ရေးသားမှတ်တမ်း တင်ခဲ့တဲ့  ချင်းခေါင်းဆောင်ကြီးကို မမေ့နိုင်စရာပါပဲ။


မြန်မာ့လွတ်လပ်ရေးကို  ပုံဖော်ခဲ့တဲ့  ပင်လုံ စာချုပ်၊    ၁၉၄၇ ခုနှစ်မှာ   ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေတွေထဲမှာ အင်္ဂလိပ်တွေရဲ့ ဩဇာသက်ရောက်မှုတွေ ဘယ်လောက်ပါခဲ့သလဲ ဆိုတာကတော့   ဒီကနေ့အထိ   ငြိမ်းငြိမ်းချမ်းချမ်း မနေရသေးတဲ့ ကျွန်တော်တို့ဘဝတွေက သက်သေ ပါပဲ။ ပိုပြီးဒုက္ခကြီးကြရတာကတော့ ချင်းတောင် တန်းကို         တွယ်တာလှတဲ့     ချင်းလူကြီးတွေ၊  မိဘဘိုးဘွားခေါင်းချရာကို  စွန့်ခွာမသွားရက်တဲ့၊ စွန့်ခွာမသွားနိုင်တဲ့ လူကြီးနဲ့ ကလေးငယ်တွေပါပဲ။ 
စပြီးအထိုင်ပျက်သွားခဲ့တဲ့                 အချိန်ကတော့ ရှစ်လေးလုံးကာလပါပဲ။ နိုင်ငံရေးသဘောထားတွေ ကွဲလွဲသွားရာကနေ  ငြိမ်းချမ်းသာယာတဲ့  တောင် ဇလပ်မြေဟာ   အခြေပျက်သွားခဲ့တာ  ဝမ်းနည်းစရာ ပါပဲ။


ရောင်စုံသောင်းကျန်းသူတို့ရဲ့ အန္တရာယ်ကို အသက်စွန့်တိုက်ပွဲ ဝင်ခဲ့သူတွေထဲမှာ ချင်းတိုင်းရင်းသား   ဗိုလ်ကြီးတိုက်ချွန်း
လွတ်လပ်ရေးမရခင်ကာလကစပြီး လွတ်လပ်စ နိုင်ငံထဲမှာ ဖြစ်ပွားခဲ့တဲ့ ရောင်စုံသောင်းကျန်းသူတို့ရဲ့ အန္တရာယ်ကို အေးငြိမ်းသွားအောင် အသက်စွန့်တိုက်ပွဲ ဝင်ခဲ့ကြသူတွေထဲမှာ     အထူးခြားဆုံး    အပြောင် မြောက်ဆုံး    ပုဂ္ဂိုလ်တစ်ဦးဟာ    ချင်းတိုင်းရင်းသား   ဗိုလ်ကြီးတိုက်ချွန်းပဲ   ဖြစ်ပါတယ်။  တစ်ယောက် တည်းက  အောင်ဆန်းသူရိယဘွဲ့နဲ့ သူရဘွဲ့ နှစ်ခု ရခဲ့တာကလည်း သမိုင်းတင်ဖြစ်ရပ်ပါပဲ။ တိုင်းချစ် ပြည်ချစ်စိတ်တွေ အရင်းခံပြီး တိုင်းပြည်ရဲ့အန္တရာယ် ကို ကာကွယ်ခဲ့၊ အချုပ်အခြာအာဏာကို ထိန်းသိမ်း ခဲ့ကြလို့လည်း   ကျွန်တော်တို့တစ်တွေ  ပညာတွေ အေးအေးချမ်းချမ်း သင်ယူခွင့်ရခဲ့ကြတာပါပဲ။ 


ဒီအခွင့်အရေးကို        ချင်းတိုင်းရင်းသားတွေ တန်းတူရအောင်လုပ်နိုင်ဖို့     အများကြီးလိုပါသေး တယ်။    ချင်းတို့မြေမှာ   ချို့တဲ့နေတဲ့    အိုင်အိုဒင်း ဓာတ်ဆားဖြည့်ဆည်းဖို့ ကျွန်တော်တို့ အခြေခံက ကြိုးစားခဲ့ရပါတယ်။ အိုင်အိုဒင်းဓာတ်ဆားချို့တဲ့မှု ကြောင့် ဉာဏ်ရည်မမီတာ၊ ကိုယ်အင်္ဂါချို့ယွင်းတာ၊ လည်ပင်းကြီးရောဂါတွေရပြီး အလှပျက်ကြရကာ ဒုက္ခိတဖြစ်ရရုံမက      အလုပ်လုပ်နိုင်စွမ်းတွေပါ လျော့ကျခဲ့တာကို ကျွန်တော်တို့ ကျန်းမာရေးဌာန က   ဦးဆောင်ပြီး   ဌာနဆိုင်ရာအစုံနဲ့   ပူးပေါင်း ဆောင်ရွက်ခဲ့ကြရာမှာတော့     အောင်မြင်မှုရခဲ့ပါ တယ်။      ချင်းမိတ်ဆွေတွေက     သတိထားမိပြီး   ကျေးဇူးတင်စကားဆိုတာတွေကိုလည်း ဂုဏ်ယူခဲ့ရ ပါတယ်။


အခုလည်း ကျေးဇူးတင်ခံရမယ့်  အလုပ်တစ်ခု ကို လုပ်ကြပါဦးမယ်။ ၂၀၂၀ ပြည့်နှစ်ကတည်းက “ကိုဗစ်-၁၉” ကပ်ဆိုးကြောင့်    အဆက်ပျက်သွား တဲ့   ရောဂါကာကွယ်ဆေးထိုး၊       ဆေးတိုက်လုပ်ငန်း အတွက်    အားစိုက်ရပါဦးမယ်။     အခွင့်အရေး လွတ်သွားတဲ့       ငါးနှစ်အောက်ကလေးမှန်သမျှ တစ်ယောက်မကျန် ကာကွယ်ဆေးထိုးခွင့်ရအောင် စီစဉ်နေကြပါတယ်။            အလွန်ဈေးကြီးတဲ့   ကာကွယ်ဆေးတွေကို  အခမဲ့ထိုးနှံတိုက်ကျွေးကြပါမယ်။   ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့နဲ့   ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း  ပူးပေါင်းပြီး  ကူညီကြပါလိမ့်မယ်။ ပုံမှန် ကာကွယ်ဆေးစီမံချက်ကို တစ်တွဲတည်း ဆောင်ရွက်ကြပါမယ်။


အရေးကြီးတာကတော့           ကလေးတွေ ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးမယ့်စုရပ်ကို ရောက်လာကြဖို့ပါပဲ။       တောင်ပေါ်အရောက်ပို့ ပေးမယ့်သူတွေလည်း    အဆင်သင့်ပဲ။    ကလေး တွေရဲ့      ဘဝရှေ့ရေးအတွက်    ပျော်ရွှင်ကျန်းမာ အသက်ရှည် ဉာဏ်ရည်ထက်ဖို့အတွက်        အားလုံး ပူးပေါင်းကြမယ်။      တောင်ဇလပ်ပန်းလေးတွေ မွှေးပျံ့စေရမယ်။    ။