ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အတွင်း ပေါက်ရောက်သည့် ဂူရှားပင်အပါအဝင် ဆေးဖက်ဝင်အပင် ၂၄ မျိုးအား မှတ်တမ်းတင်ထား

 

ရန်ကုန်   ဇန်နဝါရီ   ၃၀


မြန်မာပြည်မြောက်ဖျား   ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ဧရိယာ အတွင်း ရှင်သန်‌ပေါက်‌ရောက်လျက်ရှိသည့် ဆေးဖက်ဝင်အပင် ၂၄ မျိုးတွင် အဖိုးတန်ဆေးဖက်ဝင် ဂူရှားပင်ကိုလည်း တွေ့ရှိမှတ်တမ်းတင် ထားကြောင်း သိရသည်။


ဆေးဖက်ဝင်အပင် ၂၄ မျိုးကို မှတ်တမ်းတင်ထား


ရေခဲတောင်များနှင့်သစ်တောတို့သည် ကမ္ဘာ့ဂေဟစနစ်တည်ငြိမ် မှုကို အဓိကထိန်းညှိပေးလျက်ရှိပြီး မြစ်ချောင်းများ၏ ရေဝေရေလဲ တည်တံ့မှုတွင်လည်း အရေးပါလျက်ရှိသည်။ ဆီးနှင်းဖုံးလွှမ်းသည့် ဟိမဝန္တာတောင်တန်းများနှင့် ဆက်စပ်လျက်ရှိသည့် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်သည် ဇီဝမျိုးစုံမျိုးကွဲစုံလင်စွာ ရှင်သန်နေသည့်အပြင် မြန်မာပြည်၏ အဖိုးတန်ရှားပါးသစ်ခွနှင့် တောင်ဇလပ်မျိုးစိတ်များ၊ ရေခဲတောင်ဒေသအတွင်း ရှင်သန်သည့် ဆေးဖက်ဝင်အပင်များလည်း ကြွယ်ဝစွာပေါက်ရောက်လျက်ရှိသည်။  ခါကာဘိုရာဇီအမျိုးသား ဥယျာဉ်အတွင်း အပင်ကြီး ၂၉၇ မျိုး၊ သစ်ခွနက်အပါအဝင်  သစ်ခွ အမျိုးပေါင်း ၂၂၀ တို့ကို မှတ်တမ်းတင်ပြုစုထားပြီး   အထူးသဖြင့် ဆေးဖက်ဝင်အပင် ၂၄ မျိုးကို မှတ်တမ်းတင်ထားနိုင်ကြောင်း သိရသည်။


ဂူရှားပင်သည် ရှားပါးသောဆေးဖက်ဝင်အပင်အဖြစ် ကျော်ကြား


ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အတွင်း   မချစ်ဥ၊  အဆိပ်ဥ၊ ခန်းတောက်မြစ်၊ ဆားချီ(ဆေးပိန်းဥ)နှင့် ရှီးပဒီးကဲ့သို့ ဆေးဖင်ဝင်အပင်၊ ဥနှင့်အမြစ်များအပြင် ဆေးဖင်ဝင် ဂူရှားပင်တို့ ရှင်သန်ပေါက်ရောက် လျက်ရှိသည်။ ဂူရှားပင်သည် အမြင့်ပေ ၁၂၀၀၀ နှင့် ၁၆၀၀၀ ကျော်တွင် ရှင်သန်လေ့ရှိပြီး ဂူရှားပင်မှ ဂူရှားဥသည်လည်း ဆေးဖက်ဝင်အပင် ၂၄ မျိုးတွင် ရှားပါးသောဆေးဖက်ဝင်အပင်အဖြစ် ကျော်ကြားလျက်ရှိသည်။


“ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အတွင်းက ဆေးဖက်ဝင်အပင် ၂၂ မျိုးကို ထပ်မံသုတေသနပြုပြီး မျိုးခွဲတဲ့အခါမှာ ဆေးဖက်ဝင်အပင် ၂၄ မျိုးအထိ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒီဆေးဖက်ဝင်အပင်တွေဟာ ပူတာအိုအနီးတစ်ဝိုက်နဲ့ ခါကာဘိုရာဇီ ရေခဲတောင်ဂေဟစနစ်မှာပဲ ရှင်သန်‌ပေါက်ရောက်နိုင်တဲ့ ဆေးဖက်ဝင်အပင်တွေပါ။ အခြားနေရာ တွေမှာ မရှိပါဘူး။ အပင်မျိုးစိတ်ကြွယ်ဝတဲ့ ဥယျာဉ်ဖြစ်တဲ့အတွက် သိပ္ပံနည်းကျ လေ့လာမှတ်တမ်းမတင်ရသေးတဲ့ မျိုးစိတ်အများအပြား လည်း ရှိနေပါသေးတယ်။ ဆေးဖက်ဝင်အပင် ၂၄ မျိုးမှာ ဂူရှားပင်ဟာလည်း အဖိုးတန်အပင်တစ်မျိုးဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့   ရာသီဥတုကို ထိန်းညှိပေးရာမှာ ရေခဲတောင်တွေနဲ့ ပင်လယ်ကမ်းရိုးတန်းတွေဟာ အရေးပါပါတယ်။ 


ခါကာဘိုရာဇီ‌‌အမျိုးသားဥယျာဉ်ဆိုရင်   ဇီဝမျိုးစုံမျိုးကွဲတွေ၊ အပင်ကြီးတွေ၊ ရှားပါးသစ်မြစ်၊ သစ်ဥတွေ၊ ရေခဲငါးနဲ့ တောရိုင်းတိရစ္ဆာန် တွေ၊ သစ်‌တောနဲ့ရေခဲတောင်တွေဟာ သဘာဝကပေးတဲ့ လက်ဆောင် ဖြစ်တာကြောင့် ရေရှည်တည်တံ့ဖို့ဆိုရင် မျိုးဆက်အလိုက်  ဝိုင်းဝန်း ထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားဖို့လည်းလိုပါတယ်။ အထူးသဖြင့် ရေခဲတောင်မှာပေါက်တဲ့   ဆေးဖက်ဝင်အပင်တွေဟာ   ရှားပါးပြီး အင်မတန်တန်ဖိုးကြီးတဲ့အတွက်  နိုင်ငံအတွက် ဂုဏ်ယူဖွယ်လည်း ဖြစ်ပါတယ်”ဟု   ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်သုတေသနနှင့် အသိပညာပေးလုပ်ငန်းမှ   တာဝန်ခံ   ဒေါ်အယ်လ်ကေစီယွန်က ပြောသည်။


ငါးနှစ်အကြာတွင် အပွင့်တစ်ပွင့် ပွင့်လေ့ရှိ


ဆေးဖက်ဝင်ဂူရှားဥသည်  မချစ်ဥနှင့်အပင်ချင်း  ပုံသဏ္ဌာန်တူသော် လည်း မချစ်ဥမှာခါး၍ ဂူရှားဥမှာ ချိုသောအရသာရှိရာ  နှလုံးရောဂါနှင့် အဆုတ်‌ရောဂါအတွက် အသုံးဝင်လျက်ရှိပြီး သိပ္ပံအမည်မှာ Fritillaria delavayi ဖြစ်သည်။ ယခုလိုရာသီတွင် ဂူရှားအမြစ်ကို ခါကာ ဘိုရာဇီရေခဲတောင်ထိပ်အနီး၌ ရှာဖွေတူးဖော်ကြလေ့ရှိပြီး ဂူရှား ပင်ပေါက်ရောက်သောဝန်းကျင်၌ အခြားမည်သည့်အပင်မျှ ပေါက်ရောက် မှုမရှိဘဲ တစ်နှစ်အကြာတွင် အရွက်တစ်ရွက်ထွက်လေ့ရှိ၍ အရွက်သုံးရွက် မှ ငါးရွက်အထိထွက်ကာ   ငါးနှစ်အကြာ၌ ကျူးလစ်ပန်းကဲ့သို့ အပွင့် တစ်ပွင့် ပွင့်လေ့ရှိကြောင်း၊ ဂူရှားအပင်မှာ ခါကာဘိုရာဇီတောင်ထိပ်အနီး ကျောက်တုံးကျောက်ဆိုင်များအကြားတွင် ပေါက်ရောက်လေ့ရှိပြီး မြေပြင်သဘာဝနှင့်အညီ အပင်အရောင် ပြောင်းလဲတတ်သောကြောင့် အပင်ရှာဖွေသူများကို မျက်စိလှည့်စားတတ်လေ့ရှိကြောင်း၊ လက်သည်းခွံ ခန့်ရှိသော ဂူရှားဥတစ်ကီလိုလျှင် အမေရိကန်ဒေါ်လာ ၅၀၀ ခန့် ဈေးကွက်ဝင်လျက်ရှိ၍ ဂူရှားဥတစ်ကီလိုရရှိရန် ဂူရှားအပင်ပေါင်း ၃၅၀၀ ကျော်ခန့် စုဆောင်းမှသာရရှိလေ့ရှိကြောင်း သိရသည်။


ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ -ခါကာဘိုရာဇီအမျိုးသားဥယျာဉ်