
အက်ဖ်အေဖလားပြိုင်ပွဲ စတုတ္ထအဆင့်မှ ဇန်နဝါရီ ၂၇ ရက် နံနက် ၂ နာရီခွဲက စပါးနှင့် မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မန်စီးတီး အသင်းက နသန်အကီ၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိပြီး နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
စပါးအသင်းသည် အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရသော်လည်း ခြေစွမ်းသာမန်အောက်ရောက်နေပြီး မန်စီးတီးအသင်း၏ ထိုးဖောက်တိုက်စစ် ဆင်မှုများကိုသာ ခုခံကာကွယ်ခဲ့ရသည်။ စပါးအသင်းသည် မန်စီးတီးအသင်းဘက်သို့ ပွဲချိန်တစ်လျှောက် စုစုပေါင်း ဂိုးကန်သွင်းခွင့် တစ်ကြိမ်သာ ပြုလုပ်နိုင်သည်။ မန်စီးတီး အသင်းက ဂိုးကန်သွင်းခွင့် ၁၈ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက်တည့်မတ်မှု ငါးကြိမ် အထိ ရှိခဲ့သည်။
ယခုရှုံးပွဲကြောင့် စပါးအသင်းသည် ယခုနှစ်ရာသီတွင် ဖလားဆွတ်ခူးနိုင်ရေး အတွက် ပရီမီယာလိဂ်ကို အာရုံစိုက်ကစား ရတော့မည်ဖြစ်သည်။ သို့သော်လည်း စပါး အသင်းသည် ပရီမီယာလိဂ်တွင် ဦးဆောင်သူ လီဗာပူးအသင်းနှင့် ရှစ်မှတ်အကွာ အဆင့် (၅) နေရာတွင် ရပ်တည်နေသည်။
ယခုပွဲစဉ်တွင် ပြိုင်ဘက်ကို တစ်ဖက်သတ် ဖိအားပေးကစားပြီး နိုင်ပွဲရယူကာ နောက် တစ်ဆင့်တက်လှမ်းနိုင်ခဲ့သော မန်စီးတီး အသင်းသည် ပရီမီယာလိဂ်တွင် ဦးဆောင်သူ လီဗာပူးကို အနီးကပ်ဖိအားပေးလျက်ရှိပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း နောက် တစ်ဆင့် တက်လှမ်းထားနိုင်သောကြောင့် ဖလားသုံးလုံးဆွတ်ခူးရေး လမ်းကြောင်း ပေါ်သို့ ရောက်ရှိလာပြီဖြစ်သည်။ မန်စီးတီး အသင်းအတွက် တစ်လုံးတည်းသော အနိုင် ဂိုးကို ပွဲချိန်ပြည့်ခါနီးတွင် နသန်အကီက သွင်းယူပေးနိုင်ခဲ့သည်။
အခြားသော အက်ဖ်အေဖလားပွဲစဉ် ရလဒ်များတွင် ဘရစ္စတိုးစီးတီးက နော်တင် ဟမ်ကို ဂိုးမရှိ သရေ၊ ချယ်ဆီးနှင့် အက်စ်တွန် ဗီလာကို ဂိုးမရှိသရေ၊ ရှက်ဖီးလ်ဝက်နက်စ်ဒေး နှင့် ကိုဗင်ထရီအသင်းပွဲစဉ်တွင် တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့သည်။ လူတန်က အဲဗာ တန်ကို နှစ်ဂိုး-တစ်ဂိုး၊ လက်စတာက ဘာမင် ဂမ်ကို သုံးဂိုး-ဂိုးမရှိ၊ ရှက်ဖီးကို ဘရိုက်တန်က လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရသည်။
အောင်ဇော်