
ရန်ကုန် ဇန်နဝါရီ ၂၆
မြန်မာနေရှင်နယ်လိဂ်သည် ၂၀၂၄ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ဧပြီ ၂၃ ရက်တွင် စတင်ကျင်းပမည် ဖြစ်သည်။
မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ဧပြီ ၂၃ ရက်တွင် စတင်ကျင်းပ မည်ဖြစ်ပြီး ဒီဇင်ဘာလကုန်တွင် ပြီးဆုံးမည်ဖြစ်သည်။ လာမည့် မြန်မာအမျိုးသမီး လိဂ်ပြိုင်ပွဲကို အသင်းစုစုပေါင်း ခြောက်သင်းမှ ရှစ်သင်းကြားဖြင့် ကျင်းပနိုင်ရန် ဆောင်ရွက်နေပြီး ယခုရာသီတွင် သုံးကျော့စနစ်ဖြင့် ပထမဆုံးကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ လာမည့်ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ခြောက်ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ကျင်းပပြီးစီးခဲ့သည့် ငါးကြိမ်တွင် အသင်းနှစ်သင်းက သာ ဗိုလ်စွဲထားသည်။
၂၀၁၆-၂၀၁၇ ရာသီတွင် မြဝတီအသင်း၊ ၂၀၁၇-၂၀၁၈ ရာသီတွင် မြဝတီအသင်း၊ ၂၀၁၈-၂၀၁၉ ရာသီတွင် အား/ကာသိပ္ပံ အသင်း၊ ၂၀၂၂ ရာသီတွင် အား/ကာသိပ္ပံအသင်း၊ ၂၀၂၃ ရာသီတွင် မြဝတီ အသင်းတို့က ဗိုလ်စွဲကာ မြဝတီအသင်းက သုံးကြိမ်၊ အား/ကာသိပ္ပံ အသင်းက နှစ်ကြိမ် ချန်ပီယံဆု ရရှိထားသည်။
မြန်မာနေရှင်နယ်လိဂ်သည် လာမည့်ရာသီတွင် လိဂ်ပြိုင်ပွဲလေးခု ကျင်းပရန် စီစဉ်ထားပြီး MNL ပြိုင်ပွဲအပြင် MNL-2 ပြိုင်ပွဲ၊ မြန်မာ အမျိုးသမီးလိဂ်ပြိုင်ပွဲနှင့် MNL ယူ-၂၀ ပြိုင်ပွဲကိုမူ ၂၀၂၄ ခုနှစ်အတွင်း အပြီး ကျင်းပမည်ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MWL