နယူးပို့သ်ကို အနိုင်ယူပြီး မန်ယူအသင်း နောက်တစ်ဆင့်တက်လှမ်းသွားဖွယ်ရှိ

 

ယခုတစ်ပတ်မှာ ပရီမီယာလိဂ်ပွဲစဉ်တွေကို ရပ်နားထားပြီး အက်ဖ်အေဖလားပြိုင်ပွဲ စတုတ္ထ အဆင့်ပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ အက်ဖ်အေဖလားစတုတ္ထ အဆင့်မှာ အဲဗာတန်က လူတန်၊ ဖူလ်ဟမ်က နယူးကာဆယ်၊ လီဗာပူးက နော့ဝှစ်ချ်၊ နယူးပို့သ်က မန်ယူအသင်းတို့ ဆုံတွေ့တဲ့ ပွဲစဉ်တွေ ပါဝင်နေတာကြောင့် ဘယ်အသင်းက နိုင်ပွဲရယူပြီး  နောက်တစ်ဆင့်  တက်လှမ်းသွားမလဲ  စိတ်ဝင်စားဖွယ်  စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 


အဲဗာတန်နှင့် လူတန်ပွဲကို ဇန်နဝါရီ ၂၇ ရက် ည ၉ နာရီခွဲမှာ ယှဉ်ပြိုင်မှာပါ။ အဲဗာတန်ရော လူတန်အသင်းပါ နောက်ဆုံးလေးပွဲမှာ တစ်ပွဲသာ နိုင်ပွဲရရှိထားတယ်။ အဲဒီလေးပွဲမှာ အဲဗာတန်အသင်းက တစ်ဂိုးသာ သွင်းယူနိုင်ပြီး လူတန်က ငါးဂိုးအထိ သွင်းယူထားနိုင် တာကြောင့် လူတန်ရဲ့ တိုက်စစ်သာလွန်မှုရှိတယ်လို့ ဆိုနိုင်တယ်။ သို့သော်ငြား အိမ်ကွင်း အားသာချက်ရှိတဲ့ အဲဗာတန်နိုင်ဖွယ်ရာရှိတယ်။


ဖူလ်ဟမ်နှင့် နယူးကာဆယ်ပွဲကို ဇန်နဝါရီ ၂၈ ရက် နံနက်  ၁ နာရီခွဲမှာ ယှဉ်ပြိုင်မှာပါ။ ဖူလ်ဟမ်အနေနဲ့ ကာရာဘောင်ဖလားဆီမီးဖိုင်နယ်ကနေ ထွက်ထားရလို့ အက်ဖ်အေဖလားမှာ နောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့အတွက် ကာဆယ်ကို   ရေကုန်ရေခန်းယှဉ်ပြိုင်ကစားလာ မှာပါ။   လတ်တလောမှာ  ကာဆယ်အသင်း ခြေစွမ်းကျဆင်းနေတာကြောင့် ဖူလ်ဟမ်အသင်း နိုင်ပွဲရယူသွားဖွယ်ရှိတယ်။

နော့ဝှစ်ချ်နှင့် လီဗာပူးပွဲကို ဇန်နဝါရီ ၂၈ ရက် ည ၉ နာရီမှာ ယှဉ်ပြိုင်မှာပါ။ ချန်ပီယံရှစ်မှာ ပုံစံကောင်းတချို့ ပြသထားနိုင်တဲ့ နော့ဝှစ်ချ်အနေနဲ့ အန်းဖီးလ်ကွင်းမှာ လီဗာပူးကို အသာရဖို့ မလွယ်ဘူး။ လီဗာပူးရဲ့ ခြေစွမ်းက ဒီရာသီမှာ အကောင်းဆုံးပုံစံမှာရှိနေတာကြောင့် လူစုံထုတ် လာဖွယ်မရှိတောင် နော့ဝှစ်ချ်အသင်း ခက်ခက်ခဲခဲရုန်းကန်ရ ပြီး ရှုံးပွဲကြုံတွေ့သွားဖွယ်ရှိတယ်။


နယူးပို့သ်နှင့် မန်ယူပွဲကို ဇန်နဝါရီ ၂၈ ရက် ည ၁၁ နာရီမှာ ယှဉ်ပြိုင်မှာပါ။ ဒီပွဲစဉ်မတိုင်မီ လိဂ်တူးကလပ် နယူးပို့သ်အသင်းထက် မန်ယူက နားရက်ပိုရထားတယ်။ နှစ်သင်းကြား ခြေစွမ်းကလည်း  ကွာဟမှုရှိတာကြောင့်   မန်ယူအသင်း  နိုင်ဖွယ်ရာရှိတယ်။  သို့သော်လည်း လတ်တလော ခြေစွမ်းအရ နယူးပို့သ်အသင်းရဲ့ခြေစွမ်းပုံမှန်ရှိတာကြောင့် သာမန်ထက်မပိုရင် မန်ယူ ပေးဆပ်မှုကြီးမားသွားနိုင်တယ်။                                                      

အောင်ဇော်