
ရန်ကုန် ဇန်နဝါရီ ၂၄
မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ကကြီးမှူး၍ ရွှေသံလွင်မီဒီယာမှ စီစဉ်ကျင်းပသည့် SKY NET ဖိတ်ခေါ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုပတ်လည် နောက်ဆုံးနေ့ပြိုင်ပွဲများကို ဇန်နဝါရီ ၂၄ ရက် ညနေ ၆ နာရီက တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ရွှေထွဋ်တင်အင်ဒိုး ကွင်း၌ ကျင်းပသည်။ အဆိုပါပြိုင်ပွဲသို့ အာရှခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ Mr.Abdul Halim Kader က ဂုဏ်ပြုစကားပြောကြားပြီး ပြိုင်ပွဲများကို ကြည့်ရှုအားပေးသည်။
အုပ်စုပတ်လည် နောက်ဆုံးနေ့ပြိုင်ပွဲဖြစ်သည့် အမျိုးသားလေးယောက် တွဲပြိုင်ပွဲတွင် Late Thone Kaung အသင်းနှင့် SHWE KYUNG THAR အသင်း(ဝဲအောက်ပုံ)၊ အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲတွင် APPLE အသင်းနှင့် GRAND MEKONG အသင်း၊ အမျိုးသာသုံးယောက်တွဲပြိုင်ပွဲ တွင် KHIT KYAUNG နှင့် USL အသင်း၊ LATE THONE KAUNG အသင်း နှင့် SHWE KYUNG THAR အသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။
အဆိုပါ SKY NET ဖိတ်ခေါ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမျိုးသားလေးယောက်တွဲပြိုင်ပွဲ၊ အမျိုးသားသုံးယောက်တွဲပြိုင်ပွဲနှင့် အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲများ ပါဝင်မည်ဖြစ်ပြီး ဆုကြေးအဖြစ် အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် ပထမဆု ငွေကျပ်သိန်း ၃၀ နှင့် ဒုတိယဆု ငွေကျပ်သိန်း ၂၀၊ အမျိုးသား သုံးယောက်တွဲပြိုင်ပွဲတွင် ပထမဆု ငွေကျပ် ၂၅ သိန်းနှင့် ဒုတိယဆု ၁၅ သိန်း၊ အမျိုးသမီးသုံးယောက် တွဲပြိုင်ပွဲတွင် ပထမဆု ငွေကျပ် ၁၂ သိန်းနှင့် ဒုတိယဆု ငွေကျပ် ရှစ်သိန်း ချီးမြှင့်မည်ဖြစ်သည်။
ယင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဇန်နဝါရီ ၂၆ ရက်နှင့် ၂၇ ရက်တွင် လည်းကောင်း၊ ဗိုလ်လုပွဲပြိုင်ပွဲကို ဇန်နဝါရီ ၂၈ ရက် ညနေ ၆ နာရီတွင် စတင်ကျင်းပပြီး SKY NET SPORTS 4 နှင့် SKY NET SPORTS HD CHANNEL ၊ Channel-9 တို့မှ တိုက်ရိုက် ထုတ်လွှင့်ပြသလျက်ရှိကြောင်း သိရသည်။
အာကာစိုး