
နေပြည်တော် ဇန်နဝါရီ ၂၄
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ရာ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းနှင့် မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူး ရောင်းချရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးက ဦးဆောင်ကော်မတီအနေဖြင့် စိုက်ပျိုးရေး ကဏ္ဍတွင် တောင်သူများ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးနှင့် စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးစေရေးတို့အတွက် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော စံချိန်စံညွှန်းပြည့်ဝသည့် ဓာတ်မြေဩဇာများနှင့် ပိုးသတ်ဆေးများကို ဈေးနှုန်းသက်သာစွာဖြင့် ရာသီချိန်အမီ ဖြန့်ဖြူးရောင်းချပေးနိုင်ရေးကို စီစဉ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ယင်းသို့ဆောင်ရွက်ပေးရာတွင် အားနည်းချက် များအနေဖြင့် နိုင်ငံတကာဈေးနှုန်းများ မြင့်တက်ချိန် တွင် ကုမ္ပဏီများက စာချုပ်ချုပ်ဆိုထားခြင်း၊ ဈေးနှုန်း သက်သာချိန်တွင် လိုအပ်သလောက် မဝယ်ယူနိုင် ခြင်း၊ ကုမ္ပဏီများအနေဖြင့် သွင်းအားစုများကို တင်သွင်းလိုသူများပြီး သက်ဆိုင်ရာဌာနများက သွင်းကုန်လိုင်စင်ပေါင်းများစွာအတွက် စိစစ်ဆောင် ရွက်ပေးနေရခြင်း၊ ယှဉ်ပြိုင်မှုမရှိခြင်း စသည့်အချက် များကို တွေ့ရှိရပါကြောင်း။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ရာသီအလိုက်၊ လအလိုက် လိုအပ်ချက်စာရင်းများကို စိုက်ပျိုးရေး ဦးစီးဌာန၏ မြေဩဇာအသင်းတို့က ပေးပို့ပေးရန်၊ တင်သွင်းမည့်အစီအစဉ် Plan ကို ပြုစုတင်ပြပေးရန်၊ သွင်းအားစုများ အချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီ ရေးနှင့် ဈေးနှုန်းသက်သာအောင် ကြီးကြပ် ဆောင်ရွက်ပေးရန်၊ အချိန်မီအောင် ယခုကတည်းက ကြိုတင်ပြင်ဆင်ဆွေးနွေး ဆောင်ရွက်ထားရန်၊ ဈေးနှုန်းသက်သက်သာသာဖြင့် ဖြန့်ဖြူးနိုင်ရေး အတွက် ဖြန့်ဖြူးရေးတင်ဒါကို ဈေးပြိုင်စနစ်ဖြင့် စတင်ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် တို့ကို အကြံပြုချက်များအနေဖြင့် ပြောကြားလို ကြောင်း၊ အရည်အသွေးအာမခံကိစ္စအတွက် စိုက်ပျိုး ရေးဦးစီးဌာနက ဥပဒေနှင့်အညီ စစ်ဆေးပေးနေသော် လည်း ဦးဆောင်ကော်မတီ တာဝန်ရှိသူများက ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့်အညီ အလေးချိန် ပြည့်မီအောင်၊ အရည်အသွေးမှန်ကန်အောင် ရန်ကုန် အထိုင်စစ်ဆေးပေးခြင်း၊ ဖြန့်ဖြူးမည့်ဒေသများတွင် Spot Check အနေဖြင့် စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ယခင်အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားမှု နှင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ်က ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့က လုပ်ငန်းဆောင် ရွက်နေမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက် ရှင်းလင်းဆွေးနွေးကြပြီး ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးစီးဌာနကိုယ်စားလှယ်များက ဝိုင်းဝန်းအကြံပြု ရှင်းလင်း ဆွေးနွေးတင်ပြကြ သည်။
တင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး က ဓာတ်မြေဩဇာကို ပြည်တွင်း MIC ခွင့်ပြုချက် ရရှိပြီး စက်ရုံများအတွက် ကုန်ကြမ်းမှာယူထုတ်လုပ်မှု ဈေးသက်သာပြီး အလုပ်အကိုင်အခွင့်အလမ်း ရရှိ မည့်အတွက် အားပေးပါကြောင်း၊ ဓာတ်မြေဩဇာ သုံးစွဲမှုလျှော့ချပြီး သဘာဝမြေဩဇာ ထုတ်လုပ် သုံးစွဲနိုင်ရေး တိုးမြှင့်ဆောင်ရွက်ရန်၊ တင်သွင်းမည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် ကုန်ကြမ်းများ အချိန်မီရောက်ရှိရေး ကြိုတင်ပြင်ဆင်ထားရန် မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်