
ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌ ကျင်းပပြုလုပ်ခဲ့သော Globe Soccer Awards ဆုပေးပွဲတွင် ၂၀၂၃ ခုနှစ်တွင် ခြေစွမ်း ပြသထားနိုင်ခဲ့သည့် မန်စီးတီးအသင်းတိုက်စစ်ကစားသမား ဟာလန်းက အမျိုးသားအကောင်းဆုံးဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
နော်ဝေတိုက်စစ်ကစားသမား ဟာလန်းသည် မန်စီးတီး အသင်း၌ ၎င်း၏ ပွဲဦးထွက်ရာသီဖြစ်သည့် ၂၀၂၂-၂၀၂၃ ရာသီ တွင် ပြိုင်ပွဲစုံ ၅၃ ပွဲကစားထားပြီး ၅၂ ဂိုးအထိ သွင်းယူထားသူ ဖြစ်သည်။ ထို့အပြင် ယခုနှစ်ရာသီ ပြိုင်ပွဲအရပ်ရပ် ၂၂ ပွဲတွင် လည်း ၁၉ ဂိုး သွင်းယူထားနိုင်သူဖြစ်သည်။ သို့သော်လည်း မန်စီးတီးတိုက်စစ်ကစားသမား ဟာလန်းသည် ဒီဇင်ဘာက အက်စ်တွန်ဗီလာအသင်းကိုတစ်ဂိုး - ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော ပွဲစဉ်တွင် ရရှိခဲ့သော ခြေထောက်ဒဏ်ရာကြောင့် အနားယူ နေရသူဖြစ်သည်။
အဆိုပါဆုပေးပွဲတွင် အယ်နာဆာ တိုက်စစ် မှူးကြီး စီရော်နယ်ဒိုက ပရိသတ်အကြိုက်ဆုံး ကစားသမားဆု၊ အရှေ့အလယ်ပိုင်းအကောင်း ဆုံးကစားသမားဆု၊ မာရာဒိုနာဆုတို့ကို ဆွတ်ခူး နိုင်ခဲ့သည်။ အကောင်းဆုံးကလပ်အသင်းဆု ကို မန်စီးတီးအသင်းက ဆွတ်ခူးရရှိခဲ့ပြီး အကောင်းဆုံးနည်းပြဆုကို မန်စီးတီးနည်းပြ ဂွါဒီယိုလာ၊ အကောင်းဆုံး ဂိုးသမားဆုကို မန်းစီးတီးအသင်း ဂိုးသမား အီဒါဆန်၊ အကောင်း ဆုံးကွင်းလယ်ကစားသမားဆုကို မန်စီးတီး အသင်းမှ ရိုဒရီ၊ အကောင်းဆုံးအေးဂျင့်ဆု ကို ဂျော့မန်းဒက်စ်၊ Player Career Award ဆုကို ကစ်မဲရိုနှင့် ဂျွန်တယ်ရီ၊ အကောင်းဆုံးအားကစား ဒါရိုက်တာဆုကို ဂျူဗင်တပ်စ်မှ ဂီအွန်တိုလီ၊ အရှေ့အလယ် ပိုင်း အကောင်းဆုံးကလပ်အသင်းဆုကို အယ်အာလီ၊ အကောင်း ဆုံးအမျိုးသမီးဆုကို ဘာစီလိုနာမှ ဘွန်မာတီတို့က အသီးသီး ဆွတ်ခူးရရှိခဲ့သည်။
အောင်ဇော်