တောင်ကြီးမြို့အနီးမှ နှစ်တစ်ရာကျော်သက်တမ်းရှိ ညောင်ပင်တွေတည်ရှိရာ ဒုံနောင်ယွေးကျေးရွာနဲ့ AvoCamp

 

ယဉ်လာဒ်

ရှမ်းပြည်နယ်ရဲ့မြို့တော် တောင်ကြီးဟာ အရောင်အသွေးစုံလင်လှပပြီး တိုင်းရင်းသားပေါင်းစုံ  အတူယှဉ်တွဲ နေထိုင်ကြတဲ့မြို့တော် ဖြစ်ပါတယ်။  ဒါ့အပြင် ခရီးသွားတွေ  အများအပြား သွားရောက်လည်ပတ်ကြတဲ့ မြို့တော်လည်းဖြစ်တဲ့အတွက်    ခရီးစဉ်နေရာသစ်တွေကို    လုပ်ငန်းရှင်တွေက     ဖော်ဆောင်လာပြီး ခရီးသွားတွေကို ဆွဲဆောင်လာကြပါတယ်။   Smart city  လို့ ခေါ်ဆိုတဲ့  တောင်ကြီးမြို့နဲ့ သိပ်မဝေးဘဲ နှစ်တစ်ရာကျော်သက်တမ်းရှိ ညောင်ပင်တန်းကြီးရှိတဲ့ ဒုံနောင်ယွေးကျေးရွာမှ  AvoCamp လို့ အမည်ရှိတဲ့ ခရီးသွားနေရာသစ်တစ်ခုကို ဒီတစ်ပတ်ရဲ့ ခရီးသွားလမ်းညွှန်အနေနဲ့ ဖော်ပြပေးချင်ပါတယ်။ 

တောင်ကြီးမြို့ထဲက​နေ  ကားနဲ့  မိနစ်  ၃၀ ခန့် သွားရောက်ရပြီး          နောင်ကားရွာကိုရောက်ရင် ဘယ်ဘက်ချိုးပြီး ဝင်ရောက်လာရင်  ဒုံနောင်ယွေးရွာ ကိုရောက်ပါတယ်။ AvoCamp  ဟာ  ဒုံနောင်ယွေးရွာ ထဲမှာ တည်ရှိပါတယ်။ လမ်းမှာ လမ်းညွှန်ဆိုင်းဘုတ် တွေရှိသလို  Google  Map  ထဲမှာ  AvoCamp လို့ ရိုက်ရှာရင်လည်း တွေ့နိုင်ပါတယ်။ 
 ရှုခင်းတွေလှပတဲ့ 
ဒုံနောင်ယွေးကျေးရွာ  
မြို့ပြရဲ့အဝေးမှာ           အပန်းဖြေလို့ရစေတဲ့ နေရာလေးအဖြစ်  ဖော်ဆောင်ထားပြီး   ရှုခင်းတွေ လှပတဲ့   ဒုံနောင်ယွေးကျေးရွာ      AvoCamp    မှာ လာရောက်တည်းခိုရင်း           နေဝင်ဆည်းဆာ အလှကိုကြည့်ပြီး အနားယူနိုင်မှာ ဖြစ်ပါတယ်။ 
“၂၀၂၂ ခုနှစ်  ၁၁  လပိုင်းက စတင်ပြီး ဧက ၂၀ ကျော်ရှိတဲ့       ထောပတ်ပင်ခြံကို    ပြောင်းလဲပြီး AvoCamp အမည်နဲ့ Campsite လေးတစ်ခုအဖြစ် ဖန်တီးခဲ့တာပါ”    လို့    ပိုင်ရှင်ဖြစ်သူ   မရွှေစင်က စာရေးသူကို  ပြောပါတယ်။ မြို့ပြနဲ့မတူဘဲ အပန်း ဖြေနိုင်တဲ့နေရာလေးဖြစ်ဖို့      ရည်ရွယ်ပုံဖော်ခဲ့ပြီး အခုဆိုရင်  ရွက်ဖျင်တဲပုံစံနဲ့ ဘန်ဂလိုပုံစံ အနားယူ တည်းခိုနိုင်တဲ့နေရာတွေကို  ဖော်ဆောင်နိုင်ခဲ့ပြီး အသစ်အနေနဲ့ ​     မြေစိုက်အိမ်ပုံစံမျိုးကိုပါ    ထပ်မံ ဆောင်ရွက်ထားတယ်လို့  သိရပါတယ်။   ​​​​​​ ​​မြေစိုက် အိမ်ပုံစံလေး နှစ်လုံးထပ်ဆောက်နေပြီး   ပြီးစီးရင် စုစုပေါင်း ခုနစ်လုံးရှိလာတော့မှာ ဖြစ်ပါတယ်။ 
ဘုရားဖြူနဲ့ ညောင်ပင်တန်း
AvoCamp    မှာ     အနားယူတဲ့သူတွေအနေနဲ့ ဒုံနောင်ယွေးရွာထဲက    ဘုရားဖြူဆီ     သွားရောက် ဖူးမြော်ပြီး              နှစ်တစ်ရာကျော်သက်တမ်းရှိတဲ့ ညောင်ပင်တန်းဆီကိုလည်း         လည်ပတ်လေ့လာ နိုင်ပါသေးတယ်။      ဒါ့အပြင်     AvoCamp     ထဲမှာ သီးပင်စားပင်တွေအနေနဲ့      စ​​တော်ဘယ်ရီ၊    ဖရဲ၊ မြင်းခွာ၊    ကန်စွန်းဥ၊   လိမ္မော်၊   ပိန်းဥ၊     ချဉ်ပေါင်၊ မုန်လာဥနီ၊  မုန်ညင်းအဖြူ၊ မုန်ညင်းအစိမ်း၊ ငရုတ်၊ ရုံးပတီ၊  ခရမ်းသီး၊  ပဲတောင့်ရှည်၊  ဘူးသီး၊  သခွား၊ မာလကာ၊   ရှောက်သီး၊   ပန်းသီး၊  ပိန္နဲ၊    ငှက်ပျော၊ သရက်၊       ဒန့်သလွန်၊      ထောပတ်၊     သံပရာသီး၊      သင်္ဘောပင်တွေ     စိုက်ထားပါတယ်။   ဝါသနာပါရင် ကိုယ်တိုင်ခူးယူချက်ပြုတ်နိုင်အောင်လည်း      စီစဉ် ပေးထားပါတယ်။    ညဘက်မှာ     မီးပုံပွဲလေးတွေ  လုပ်ချင်ရင်လည်း         စီစဉ်ဆောင်ရွက်ပေးပါသေး တယ်။
 Camp  အမျိုးအစားသုံးမျိုး
တောင်ကြီးမြို့နားက  သဘာဝ  အိုအေစစ်လေး လို့  ခေါ်တွင်နိုင်တဲ့  AvoCamp  မှာ  တည်းခိုအနား ယူနိုင်မယ့်       Camp    အမျိုးအစား    သုံးမျိုးရှိပါ တယ်။       ပေါ့ပေါ့ပါးပါးပုံစံနဲ့       နားချင်ရင်တော့ ရွက်ဖျင်တဲ(Tent) တွေမှာ နားလို့ရပြီး လုံလုံခြုံခြုံနဲ့ မိသားစုလိုက်    အေးအေးဆေးဆေး    အနားယူချင် တယ်ဆိုရင်တော့  ဘန်ဂလိုမှာ  တည်းလို့ရပါတယ်။ ဘန်ဂလိုမှာ နှစ်ယောက်တည်းခိုရင် တစ်ညကို ကျပ် ကိုးသောင်းဖြစ်ပြီး     Extra     bed       ထပ်ထိုးရင် တစ်ယောက်ကို ကျပ်နှစ်သောင်း သတ်မှတ်ထားပါ တယ်။ ဘန်ဂလိုတစ်ခုမှာ အနည်းဆုံး  လူငါးယောက် အထိ      တည်းခိုနိုင်တာမို့           သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက်    အပန်းဖြေလို့ကောင်းတဲ့   နေရာလေး တစ်ခုဖြစ်ပါတယ်။
ခရီးသွားနေရာအသစ်တွေကို ကြိုက်နှစ်သက် တဲ့   ခရီးသွားချစ်သူတို့အတွက်  အပန်းပြေစေမယ့် နေရာလေးတစ်ခုလည်း       ဖြစ်ပါတယ်။    ဘန်ဂလို တွေမှာ အိမ်သာ​​၊  ရေချိုးခန်း၊ ​  ရေပူရေ​အေး၊   မီးဖို​ချောင်၊ ထမင်းစား​နေရာ၊  ဧည့်ခန်း၊  လသာ​ဆောင်နဲ့ ​ရေစိမ်ကန်​တွေ     ပါပါတယ်။    ​အေး​အေးချမ်းချမ်း စာဖတ်လို့​ကောင်းတဲ့          ​နေရာ​လေးတွေကိုလည်း ဖန်တီးပေးထားပါသေးတယ်။ 
သဘာဝဆန်ဆန်  ရွက်ဖျင်တဲတွေနဲ့  တည်းခို ချင်ရင်လည်း ရွက်ဖျင်တဲတစ်လုံးမှာ လူလေးဦးအထိ တည်းခိုနိုင်ပါတယ်။           နှစ်ယောက်တည်းခိုခ ကျပ်ငါးသောင်းဖြစ်ပြီး    Extra   bed    ထပ်ထိုးရင် တစ်ယောက်ကို    ကျပ်နှစ်သောင်း   သတ်မှတ်ထား ပါတယ်။      လာရောက်တည်းခိုတဲ့သူတွေအတွက် ရွက်ဖျင်တဲတိုင်းမှာ     မွေ့ရာ၊    ခေါင်းအုံး၊   စောင် အစုံလိုက်အပြင်   မျက်နှာသုတ်ပဝါတွေ၊  လက်နှိပ် ဓာတ်မီးတွေကအစ            ထားရှိပေးထားပါတယ်။  အိမ်သာနဲ့ ရေချိုးခန်းကလည်း  ရွက်ဖျင်တဲတစ်ခုစီ တိုင်းမှာ  သီးသန့်ပါဝင်လို့  Privacy  လည်းရှိစေပြီး  တည်းခိုတဲ့သူတွေအတွက်           အဆင်ပြေအောင် ဆောင်ရွက်ထားသလို မနက်စာကိုလည်း  တည်းခို တဲ့နေရာအရောက် ဝန်ဆောင်မှုပေးထားပါသေးတယ်။
ဒါ့အပြင်  တစ်ယောက်ကို ကျပ်တစ်သောင်းပဲ သတ်မှတ်ထားပြီး ရေချိုးခန်းနဲ့ အိမ်သာတွေကိုတော့ ဘေးနားမှာ         သပ်သပ်ထားရှိမယ့်    မြေစိုက်အိမ် ရွက်ဖျင်တဲအသစ်တွေကိုလည်း              အခုထပ်မံ ဆောက်လုပ်နေပါတယ်။ 
မြို့ပြနဲ့မတူတဲ့           သဘာဝတရားထဲမှာ  သက်သောင့်သက်သာ  အနားယူ၊ ပတ်ဝန်းကျင်နေရာ တွေကို    လည်ပတ်၊    ဓာတ်ပုံရိုက်၊      ညရှုခင်းတွေ ကြည့်ပြီး     ဆောင်းတွင်းအရသာစစ်စစ်နဲ့        ဒေသ အစားအစာတွေကို မြည်းစမ်းခံစားကြည့်ချင်တယ် ဆိုရင်တော့         တောင်ကြီးမြို့အနီး       ဒုံနောင်ယွေး ကျေးရွာက AvoCamp  ကို သွားရောက်လည်ပတ် နိုင်စေဖို့  ဒီတစ်ပတ်ရဲ့  ခရီးသွားလမ်းညွန်အနေနဲ့ ရေးသားဖော်ပြပေးလိုက်ပါတယ်။     ။