မိမိတို့၏ သားသမီးများ အနာဂတ်ကောင်းကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ပြီး ကောင်းမွန်သည့်ပညာရပ်များ သင်ကြားပေးနိုင်ရမည် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ စည်းလုံးညီညွတ်စွာနေထိုင်ကြပြီး ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်

 

နေပြည်တော်   ဇန်နဝါရီ     ၂၀


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်  ပုသိမ်တပ်နယ်မှ  အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။


အဆိုပါ   တွေ့ဆုံပွဲသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ     ဇနီး     ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)   ဒုတိယဗိုလ်ချုပ်ကြီး    ဇွဲဝင်းမြင့်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)     ဗိုလ်ချုပ်ကြီး     ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊    အနောက်တောင်တိုင်းစစ်ဌာနချုပ်   တိုင်းမှူး   ဗိုလ်မှူးချုပ် ဝေလင်းနှင့်   တာဝန်ရှိသူများ၊   ပုသိမ်တပ်နယ်မှ   အရာရှိ၊    စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။


နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဦးတည်ချက်ထား


ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များချမှတ်၍ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကို တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် နိုင်ငံ တော်၏အာဏာကို အတင်းအဓမ္မရယူရန် လုပ်ဆောင်လာခဲ့သောကြောင့် ဖြစ်ပေါ်လာသည့်အခြေအနေများအရ     နိုင်ငံတော်ကို    နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး  တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ လွတ်လပ်၍တရားမျှတသော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ   ကျင်းပနိုင်ရေးအတွက်    အကြို လုပ်ငန်းစဉ်များကို     ဆောင်ရွက်လျက်ရှိပြီး   လုပ်ငန်းစဉ်များပြီးစီး၍ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲ ကျင်းပပြီးစီးပါက ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေးကို ဦးတည်ချက်ထား၍ ဆောင်ရွက်လျက်ရှိကြောင်း။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစ၍ အရှေ့မြောက်ပိုင်းဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ        ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထိုသို့ဖြစ်ပေါ်နေခြင်းမှာ   အာဏာကို     ဥပဒေနှင့်အညီ     ရရှိနိုင်ရန် ဆောင်ရွက်ခြင်းမပြုဘဲ ဖြတ်လမ်းနည်းဖြင့် ရယူရန် ကြိုးပမ်းလာခြင်း ပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်သူတစ်ရပ်လုံး လိုလားလျက်ရှိ သည့် ပါတီစုံဒီမိုကရေစီစနစ်ပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်သည့် အတွက်  ဒီမိုကရေစီကျင့်စဉ်နှင့် နည်းလမ်းများကို  လေးစားလိုက်နာ ရန်လိုကြောင်း။


ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန် အသင့်ရှိနေရမည်


တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိ သည့်    အဖွဲ့အစည်းတစ်ခုဖြစ်သည့်အတွက်    ကာကွယ်ရေးတာဝန် ထမ်းဆောင်ရန် အဖွဲ့အစည်းအလိုက်၊ စစ်သည်တစ်ဦးချင်းစီအလိုက် အသင့်ရှိနေရမည်ဖြစ်ကြောင်း၊ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင် ရန်အတွက် တစ်ဦးချင်းကျန်းမာကြံ့ခိုင်မှုရှိနေရမည်ဖြစ်ပြီး အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ်စေရေးအတွက် လေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ အသက်အရွယ်အလိုက် လုပ်သင့်လုပ်ထိုက်သည့်၊ ရှိသင့်ရှိထိုက်သည့် လေ့ကျင့်ခန်းများကို ဆောင်ရွက်နေရန်လိုကြောင်း၊ တာဝန်ထမ်းဆောင် ရာတွင် စစ်သားကောင်းစိတ်ဓာတ်မွေး၍ နေထိုင်ကျင့်ကြံဆောင်ရွက် ကြရန်နှင့် သင်ကြားပေးထားသည့် စစ်အတတ်ပညာများကို လက်တွေ့ နယ်ပယ်တွင် ထိရောက်စွာအသုံးချရန်လိုကြောင်း၊ မိမိတို့ကိုင်ဆောင် သည့် လက်နက်များကို ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုနိုင်ရန် လိုအပ် သကဲ့သို့ ကျန်းမာကြံ့ခိုင်မှုများရှိနေစေရေးအတွက်လည်း အမြဲမပြတ် လေ့ကျင့်ဆောင်ရွက်နေရန်လိုကြောင်း။


အဖွဲ့အစည်းအပေါ်တွင် ထိခိုက်မှုမရှိအောင်နေထိုင်


တပ်မတော်သားများအနေဖြင့်   စစ်စည်းကမ်းနှင့်အညီ   နေထိုင် ကျင့်ကြံရမည်ဖြစ်ပြီး တစ်ဦးချင်းနှင့်အဖွဲ့အစည်းအပေါ် ထိခိုက်စေနိုင် သည့်    လုပ်ကိုင်ပြုမှုနေထိုင်မှုများကို     ရှောင်ကြဉ်ကြရန်လိုကြောင်း၊ အသောက်အစားအပျော်အပါးများကြောင့်           မိမိတို့တစ်ဦးချင်း စွမ်းဆောင်ရည်များနှင့်  မိမိတို့၏  မိသားစု၊  အဖွဲ့အစည်းအပေါ်တွင် ထိခိုက်မှုမရှိအောင် ထိန်းထိန်းသိမ်းသိမ်း နေထိုင်ကြရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းကိုယ်စီ အသိတရား၊ ဆင်ခြင်တုံတရားများဖြင့် ထိန်းသိမ်း နေထိုင်ခြင်းဖြင့် မိမိကိုယ်မိမိ တည်ဆောက်ကြရမည်ဖြစ်ကြောင်း။


လူတိုင်းသည်  တိုးတက်မှုကိုလိုလားကြပြီး  ဘဝဖြတ်သန်းမှုတွင် အောင်မြင်စွာဖြင့် ဖြတ်သန်းလိုကြကြောင်း၊ 
မိမိတို့တစ်ဦးချင်းအလိုက်     အောင်မြင်တိုးတက်စေရေး     မိမိကိုယ်ကို     မိမိစနစ်ကျနစွာ နေထိုင်လုပ်ကိုင်ခြင်း၊ ကြိုးစားအားထုတ်ခြင်း၊ မိမိ ကိုယ်ကိုနှင့် မိမိပတ်ဝန်းကျင်ကို  ကောင်းမွန်အောင် နေထိုင်ခြင်းတို့ဖြင့်  ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊  ကြိုးစားအားထုတ်မှုတိုင်းအတွက်  ထိုက်သင့်သည့်  အခွင့်အလမ်းများလည်း ရရှိလာနိုင်မည်ဖြစ်သည်ကို နားလည်သဘောပေါက်ကြရန်လိုကြောင်း၊  မိမိကိုယ်ကို  ကောင်းအောင် နေထိုင်ခြင်းဖြင့်  မိမိ မိသားစုတွင်လည်း ကောင်းမွန်သည့်အမူအကျင့်များ၊  အလေ့အကျင့်ကောင်းများ ရရှိလာမည်ဖြစ်ကြောင်း၊ မိမိတို့ကို မိဘများက   လူလားမြောက်အောင် ပြုစုပျိုးထောင်ပေးခဲ့သကဲ့သို့ မိမိတို့၏ သားသမီး များကိုလည်း ၎င်းတို့၏ ဘဝတစ်လျှောက်  ကောင်းမွန်စွာ ရပ်တည်နေထိုင် နိုင်ရေး အနာဂတ်ကောင်းကို  ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊  ကောင်းမွန်သည့်ပညာရပ်များ  သင်ကြားပေးနိုင်ရမည်ဖြစ်ပြီး အတန်း ပညာများပြီးမြောက်၍ ၎င်းတို့၏ဘဝလမ်းကို ၎င်းတို့ခြေထောက်ပေါ်၌ ကိုယ့်အားကိုယ်ကိုး၍ ရပ်တည်လျှောက်လှမ်းနိုင်ရေး လမ်းကြောင်းမှန် ကို   ပြသပေးနိုင်ရမည်၊  တည့်မတ်ပေးနိုင်ရမည်ဖြစ်ကြောင်း၊  မိမိတို့၏  သားသမီးများကို  မိမိတို့ထက် ကောင်းမွန်သည့်ဘဝနေထိုင်မှု၊ တိုးတက် မှုများရရှိစေရေး ကြိုးပမ်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။


ပညာရည်မြင့်မားရေး အားပေးဆောင်ရွက်လျက်ရှိ


အရာရှိ၊ စစ်သည် မိသားစုများအနေဖြင့်လည်း မိမိတို့အတွက် ဗဟု သုတများ တိုးပွားစေနိုင်သည့်စာပေများကို လေ့လာဖတ်မှတ်ခြင်းများကို အမြဲမပြတ်ဆောင်ရွက်မည်ဆိုပါက တစ်ဦးချင်း၏အကျိုးကို ဖြစ်ထွန်း စေနိုင်မည်ဖြစ်ကြောင်း၊     စာပေဖတ်ရှုလေ့လာခြင်းမှ    ရရှိလာသည့် အသိဉာဏ်အလင်းသည်  ဘဝတိုးတက်မှုအတွက်  များစွာအထောက် အပံ့ဖြစ်စေနိုင်မည်ဖြစ်ပြီး မိမိ မိသားစုနှင့်ပတ်ဝန်းကျင်ကိုပါ အလင်း ရောင်နှင့် လမ်းကြောင်းမှန်ကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော်သားများ၊ မိသားစုများ၏ ပညာရည် မြင့်မားရေးကို     အားပေးဆောင်ရွက်လျက်ရှိသဖြင့်     ပညာရေးကို အားပေးဆောင်ရွက်ကြရန်လိုကြောင်း။  


နယ်ပယ်အသီးသီးမှ  ပေါက်ဖွားလာကြပြီး  တပ်မတော်အတွင်း၌ လာရောက်တွေ့ဆုံကြခြင်းဖြစ်သဖြင့် တစ်ဦးနှင့်တစ်ဦး ညီရင်းအစ်ကို၊ မောင်ရင်းနှမသဖွယ်  စိတ်ဓာတ်၊  မိသားစုစိတ်ဓာတ်ဖြင့်  စည်းစည်း လုံးလုံး နေထိုင်ကြရန်၊ ပေးအပ်လာသည့် အမိန့်နှင့်တာဝန်ကို ကျေပွန် စွာ တာဝန်ထမ်းဆောင်ကြရန်လိုကြောင်း၊ ဦးစီးခေါင်းဆောင်များအနေ ဖြင့်လည်း  မိမိတို့၏လက်အောက်မှ  အရာရှိ၊  စစ်သည်၊  မိသားစုများ အတွက် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရမည်ဖြစ်ပြီး ညီညွတ် မျှတသည့် အုပ်ချုပ်မှုပုံစံရှိရမည်ဖြစ်ကြောင်း၊ တပ်မှူးကောင်းသဖွယ် စိတ်ဓာတ်၊ ဖခင်သဖွယ် စိတ်ဓာတ်ဖြင့် ကွပ်ကဲအုပ်ချုပ်ရမည်ဖြစ်ကြောင်း၊ အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များအားလုံး ညီညီညွတ်ညွတ်ဖြင့် စည်းလုံးညီညွတ်စွာနေထိုင်ကြရန်လိုပြီး နိုင်ငံတော်နှင့် တပ်မတော်မှ ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရမည်ဖြစ် ကြောင်း မှာကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များ ကို မေးမြန်းသည်။


ချီးမြှင့်ငွေများကို ပေးအပ်


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးကလည်းကောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီးက  တပ်နယ်   မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီးကလည်းကောင်း အသီးသီးလက်ခံရယူကြသည်။


တွေ့ဆုံပွဲအပြီးတွင်      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက် လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။                              

သတင်းစဉ်