
နေပြည်တော် ဇန်နဝါရီ ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသ ကြီး ပုသိမ်မြို့ရှိ ပုသိမ်တက္ကသိုလ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များအား ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ၊ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းထွန်း၊ ဒုတိယပါမောက္ခချုပ်များနှင့် ဆရာ ဆရာမ များက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင် ခန်းမအတွင်း လှည့်လည်ကြည့်ရှုကြပြီး တာဝန် ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် တက္ကသိုလ်အစည်း အဝေးခန်းမ၌ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်များ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံရာ တက္ကသိုလ်ပါမောက္ခ ချုပ် ဒေါက်တာ သန်းထွန်းက ပညာရေး ဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တွင် တက္ကသိုလ်ဆိုင်ရာ အချက် အလက်များ၊ သင်ကြားပေးလျက်ရှိ သည့် ဘာသာရပ်များနှင့် ဘွဲ့၊ ဒီပလိုမာပေးအပ်မှုများ၊ ဘာသာ ရပ်အလိုက် ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာ သင်ကြားလျက်ရှိမှု၊ ဘာသာရပ် အလိုက် သင်ကြားရေးဝန်ထမ်း များနှင့် စီမံဝန်ထမ်းများခန့်အပ် ထားရှိမှု၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ အိပ်ဆောင်များ တည်ဆောက် ထားရှိမှုနှင့် စားသောက်ရေးနှင့် နေထိုင်ရေး စီမံဆောင်ရွက်ထား ရှိမှု၊ စာကြည့်တိုက်နှင့်သင်ကြားရေးအဆောက်အအုံများ တည်ဆောက် ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေက ပုသိမ် တက္ကသိုလ်နှင့် ပတ်သက်၍ သင်ကြားမှု၊ သင်ယူမှုအထောက် အကူပြုဆိုင်ရာ လိုအပ်ချက်များ ကိုလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက္ကသိုလ်နှင့် ဝန်းကျင်တစ်ဝိုက် သန့်ရှင်း သာယာလှပရေး ဆောင်ရွက်ထား ရှိမှုများကိုလည်းကောင်း ဖြည့်စွက် ရှင်းလင်းတင်ပြကြသည်။
ဆွေးနွေးပြောကြား
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ် သည်များ ဆွေးနွေးပြောကြားရာ တွင် ပုသိမ်တက္ကသိုလ်သည် သက်တမ်း ၆၅ နှစ်ရှိပြီဖြစ်သည့် တက္ကသိုလ်တစ်ခုဖြစ်ပြီး သင်ကြား မှုပိုင်းဆိုင်ရာများတွင် ရန်ကုန် တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တို့ နှင့် ရင်ပေါင်တန်းနိုင်ရမည်ဖြစ် ကြောင်း၊ တက္ကသိုလ်ပညာရပ် သည် အတတ်ပညာကို သင်ကြား ပေးသည်ဖြစ်သဖြင့် ကျောင်းသား ကျောင်းသူများအနေဖြင့် ၎င်းတို့ ဘဝတွင် အဆင်ပြေစွာ ရပ်တည် နိုင်သည်အထိ သင်ကြားပေးလိုက် နိုင်ရန်လိုကြောင်း၊ အခြေခံပညာ မူလတန်း၊ အခြေခံပညာအထက် တန်းကျောင်းတို့တွင် တွေ့ကြုံခဲ့ရ သည့် ပတ်ဝန်းကျင်နှင့် တက္ကသိုလ် တွင် တွေ့ကြုံရသည့် ပတ်ဝန်းကျင် သည် များစွာကွာခြားမှုရှိပြီး တက္ကသိုလ်ပညာရပ်သည် စာပေ ပညာကိုသာမက လူမှုအသိုင်း အဝိုင်းတစ်ခုနှင့် ပေါင်းသင်း ဆက်ဆံရေးတို့ကိုပါ သင်ကြားပေး လိုက်ခြင်းဖြစ်ကြောင်း၊ အခြေခံ ပညာအဆင့်၌ သင်ကြားသင်ယူမှု များ ဆောင်ရွက်ရာတွင် ပို့ချ သင်ကြားခြင်း (Teaching)ကို အဓိကထား ဆောင်ရွက်ရပြီး အဆင့်မြင့်ပညာအဆင့် သင်ကြား သင်ယူမှုများ ဆောင်ရွက်ရာတွင် တွေးခေါ်လေ့လာ သင်ကြားခြင်း (Studying) ကို အဓိကထား ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ တက္ကသိုလ် တက်ရောက်စဉ် ပတ်ဝန်းကျင်မှရရှိသည့် အတွေ့ အမြင်ဗဟုသုတနှင့် သင်ကြားမှုမှ ရရှိသည့် တွေးခေါ်မြော်မြင်နိုင်မှု တို့ကို ၎င်းတို့၏ လက်တွေ့ဘဝ တွင် အသုံးချ၍ အောင်မြင်စွာ ဖြတ်သန်းနိုင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းသား ကျောင်းသူများ အတွေးအခေါ် မှန်ကန် ကောင်းမွန်စေရေးနှင့် ပညာရပ်များကို မှန်ကန်စွာ တတ်မြောက်စေရေး စနစ်တကျ သင်ကြားပေးကြရန်နှင့် အခြေခံ စိတ်ဓာတ်ကောင်းများ ရရှိရေး အလေးထား ဆောင်ရွက်ကြရန် လိုကြောင်း။
စဉ်ဆက်မပြတ်လေ့လာ
စာပေနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဘာသာရပ်များ အလိုက် ထိုက်ထိုက်တန်တန်ဖြင့် ဘွဲ့ရရှိသူများဖြစ်စေရေး အလေး ထား စိစစ်ဆောင်ရွက်သွားကြရန် လိုကြောင်း၊ သင်ကြားရေးတာဝန် ယူထားရသည့် ဆရာ ဆရာမ များအနေဖြင့်လည်း စဉ်ဆက် မပြတ်လေ့လာမှုများကို ဆောင် ရွက်၍ မိမိကိုယ်ကို ကိုယ်ရည် ကိုယ်သွေး ပြည့်ဝအောင် ဆောင်ရွက်နေကြရန်လိုကြောင်း၊ ဆရာ ဆရာမများက အမှန်တကယ် တတ်ကျွမ်းပြီး မိမိတို့တာဝန်ယူ ထားသည့် ဘာသာရပ်ကို ပိုင်နိုင် နေမှသာလျှင် မိမိတို့မှ မွေးထုတ် ပေးသည့် တပည့်များသည်လည်း ထူးချွန်ထက်မြက်မည် ဖြစ်ပြီး ၎င်းတို့၏ ဘဝတိုးတက်ရေး အတွက် လက်တွေ့နယ်ပယ်တွင် အမှန်တကယ် အသုံးချနိုင်မည် ဖြစ်ကြောင်း။
ယနေ့ခေတ်သည် ဒီမိုကရေစီ ခေတ်ဖြစ်သဖြင့် ဒီမိုကရေစီ၏ အခြေခံဖြစ်သည့် ဥပဒေနှင့် စည်းကမ်းကို သိရှိလိုက်နာရန်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် စီးပွားရေးအသိအမြင်ရှိ ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အနာဂတ်တွင် နိုင်ငံကို ဦးဆောင်ကြမည့် လူသားအရင်း အမြစ်များအနေဖြင့် ဥပဒေပညာ ရပ်ကို နားလည်သိရှိစေရေး တက္ကသိုလ်အားလုံးတွင် ဥပဒေ ပညာရပ်ကို သင်ကြားပေးလျက်ရှိ ကြောင်း၊ အလားတူ စီးပွားရေးနှင့် ပတ်သက်သည့် အသိအမြင်များရှိ စေရေးအတွက်လည်း စီးပွားရေး အခြေခံ ဘာသာရပ်များကို သင်ကြားပေးလျက် ရှိကြောင်း၊ မိမိတို့၏ မျှော်မှန်းချက်မှာ တက္ကသိုလ်ပညာသင်ကြားပြီး ဘွဲ့ ရရှိပြီးသူများအနေဖြင့် ၎င်းတို့၏ လူမှုစီးပွားဘဝနှင့် ပတ်ဝန်းကျင် ကို ကောင်းမွန်အောင်ဆောင်ရွက် နိုင်သူများ ဖြစ်ရန်အတွက် မျှော်မှန်း ဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊ ထို့ပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံဘာသာ ရပ် တတ်ကျွမ်းနားလည်သူများ အပြင် ကဏ္ဍတစ်ခုအနေဖြင့် မရှိ မဖြစ်လိုအပ်သည့် အတွေးအခေါ် ပညာရှင်ကောင်းများ ပေါ်ထွက် လာစေရေးအတွက်လည်း တွေးခေါ် မြော်မြင်မှုဆိုင်ရာ ဝိဇ္ဇာပညာရပ် ဆိုင်ရာ သင်ကြားမှုများကိုလည်း အားပေးဆောင်ရွက်သွားကြရန် လိုကြောင်း။
ဂုဏ်ယူဖွယ်ဖြစ်ရမည်
သက်တမ်းကာလ ကြာမြင့်ပြီ ဖြစ်ပြီး အစဉ်အလာရှိသည့် တက္ကသိုလ်ဖြစ်သည့်အတွက် ယခု တက္ကသိုလ်မှ ထွက်ပေါ်လာသူများ သည် တက္ကသိုလ်အတွက် ဂုဏ်ယူ ဖွယ်ဖြစ်ရမည် ဖြစ်ကြောင်း၊ နယ်ပယ်အလိုက် ထူးချွန် ထက်မြက်သူများ မွေးထုတ်ပေး နိုင်သည့် တက္ကသိုလ်တစ်ခုဖြစ် ရမည်ဖြစ်ကြောင်း၊ မိမိတို့တက် ရောက်ခဲ့သည့် တက္ကသိုလ်အတွက် ဂုဏ်ယူနိုင်စေရေးအတွက်လည်း တက္ကသိုလ်၏ ဂုဏ်အရှိန်အဝါနှင့် သာယာလှပမှုတို့ကို ဖော်ဆောင် ပေးနိုင်ရမည် ဖြစ်ကြောင်း၊ တက္ကသိုလ်ဟူသည်မှာ လေ့လာ ဖတ်မှတ်ခြင်းကို ဆောင်ရွက် ပေးရမည် ဖြစ်သည့်အတွက် တက္ကသိုလ် စာကြည့်တိုက်နှင့် ပတ်သက်၍ နယ်ပယ်အစုံမှ စာအုပ်စာပေများ စုံလင်မှုရှိရမည် ဖြစ်ကြောင်း။
ပညာရေးအားပေးဆောင်ရွက်
မိမိအနေဖြင့်လည်း ပညာရေး ကို ဘက်ပေါင်းစုံမှ အားပေး ဆောင်ရွက်လျက်ရှိပြီး ပညာရပ် ပိုင်းဆိုင်ရာ ချီးမြှင့်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အစိုးရအတွက် ဟူသည်ထက် နိုင်ငံ့အတွက်၊ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ခြင်းဖြစ်ရန်လို ကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ယာယီတာဝန်ယူခြင်းသာဖြစ်ပြီး ဆရာ ဆရာမများ နိုင်ငံ့ဝန်ထမ်း များသည် နိုင်ငံ့တာဝန်များကို အမြဲတမ်း တာဝန်ထမ်းဆောင်နေ ခြင်းဖြစ်ကြောင်း၊ အစိုးရတစ်ရပ် သည် ၎င်းတို့၏ မူဝါဒကို အကောင် အထည်ဖော်၍ နိုင်ငံကောင်း အောင် ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများသည် မိမိတို့၏ တာဝန်ကို ကျေပွန်စွာထမ်းဆောင် ၍ နိုင်ငံကိုကောင်းအောင် ဆောင် ရွက်ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဆရာ ဆရာမများအနေဖြင့် နိုင်ငံ ရေးထက် နိုင်ငံ့အရေးကိုကြည့်၍ မိမိတို့တာဝန်များကို ကျေပွန် အောင်ထမ်းဆောင်ကာ နိုင်ငံ့ အတွက် လိုအပ်သည့် ပညာတတ် လူသားအရင်းအမြစ်ကောင်းများပေါ်ထွန်းလာရေး ကြိုးပမ်းဆောင် ရွက်ကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက် ရောက်လာကြသည့် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် တက္ကသိုလ်စာကြည့် တိုက်အတွင်းနှင့် တက္ကသိုလ် အတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်