ပွင့်ဖြူ၌ မိုးသီးနှံစပါးစိုက်ဧက ၆၉၉၀၀ ကျော် ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီး

 

ပွင့်ဖြူ   ဇန်နဝါရီ   ၁၉


မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌  ၂၀၂၃-၂၀၂၄  ခုနှစ်   မိုးသီးနှံ စိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးခဲ့သည့် စပါးသီးနှံစိုက်ဧက  ၆၉၉၄၄  ဧကကို   ၂၀၂၃  ခုနှစ် ဒီဇင်ဘာလ ကုန်တွင် ရာနှုန်းပြည့် ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရ သည်။  


ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ -၂၀၂၄ ခုနှစ်  မိုးသီးနှံ စိုက်ပျိုးရာသီတွင် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း  စားနပ်ရိက္ခာ ဖူလုံစေရန်  ရည်ရွယ်၍  ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေကို  အမှီပြုပြီး   တစ်မြို့နယ်လုံး   မိုးစပါးသီးနှံစိုက်ဧက ၆၉၉၄၄ ဧက စိုက်ပျိုးနိုင်ခဲ့ ကြောင်း၊  ဒေသခံတောင်သူများ  အဓိကစိုက်ပျိုးသည့်  စပါးသီးနှံများမှာ  ဧရာမင်း၊  ရတနာတိုး၊ ပေါ်ဆန်းရင်၊ ချမ်းမြေ့မေ၊ ဆင်းသုခ၊ မနောသုခ၊ ပခန်းရွှေဝါ၊ သီးထပ် ရင်၊  ဧရာပဒေသာ စသည့်စပါးမျိုးများကို စီးပွားဖြစ်   စိုက်ပျိုးကြကြောင်း သိရသည်။


အဆိုပါ မိုးစပါးစိုက်ခင်းများမှာ  ရိတ်သိမ်းခြွေလှေ့ ချိန် ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက ဆောင်းသီးနှံ အချိန်မီပြန်လည်စိုက်ပျိုးလုပ်ကိုင်နိုင် ရန်အတွက်    နိုဝင်ဘာလဆန်းပိုင်းမှ   စတင်ပြီး ရိတ်သိမ်းခြွေလှေ့ခဲ့ရာ  ၂၀၂၃  ခုနှစ်   ဒီဇင်ဘာ   ၃၁   ရက်တွင်  မိုးစပါးစိုက်ဧကအားလုံး    ရာနှုန်းပြည့်   ရိတ်သိမ်းခြွေလှေ့ပြီးစီးခဲ့ကြောင်း  သိရသည်။


လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)