
နေပြည်တော် ဇန်နဝါရီ ၁၉
ရေအားအရင်းအမြစ် စူးစမ်း လေ့လာရေးအဖွဲ့၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက် ၍ ရေအားအရင်းအမြစ် စူးစမ်း လေ့လာရေးအဖွဲ့၏ (၁/၂၀၂၄) ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ရေအားအရင်းအမြစ် စူးစမ်း လေ့လာရေးအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကြီး မြထွန်းဦး တက်ရောက် အမှာစကား ပြောကြားသည်။
ညှိနှိုင်းအစည်းအဝေးသို့ အဖွဲ့ ဝင်များဖြစ်ကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဝန်ကြီးဌာန အသီးသီးမှအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
အကျိုးရှိစွာအသုံးချနိုင်ရေး
အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ သည် အာဆီယံဒေသတွင်း အခြား နိုင်ငံများထက် ရေအရင်းအမြစ် ပေါကြွယ်ဝသော်လည်း နိုင်ငံ၏ ပထဝီဝင်အနေအထားနှင့် ရာသီ ဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ရေနှင့်ပတ်သက်သည့် အခက်အခဲ ပြဿနာများ နှစ်စဉ်ကြုံတွေ့နေရ သဖြင့် ရေကဏ္ဍစီမံခန့်ခွဲမှုများ သည် အရေးပါလျက်ရှိကြောင်း၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ အနေဖြင့် အဓိကမြစ်ကြီးများနှင့် ဆက်နွှယ်နေသည့် မြစ်ဝှမ်းဒေသ များအတွင်းရှိ ရေအားအရင်းအမြစ် များကိုလေ့လာ၍ နိုင်ငံတော် အတွက် ထိရောက်အကျိုးရှိစွာ အသုံးချနိုင်ရေး မဖြစ်မနေကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ မြစ်ကြီးများနှင့်ဆက်နွှယ် သည့် စိုက်ပျိုးရေနှင့်သောက်သုံး ရေပေးဝေရေး၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေး၊ ရေကြောင်း ပို့ဆောင်ရေး၊ ရေနှင့် ဆက်နွှယ် သည့် သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာရေးလုပ်ငန်း များမှတစ်ဆင့် ပြည်သူများ၏ စီးပွားရေး၊ လူမှုရေးနှင့် လူနေမှု အဆင့်အတန်း မြင့်မားရေးအတွက် ပိုမို အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း။
သတိပြုလေ့လာ
အဖွဲ့က လက်တွေ့ဆောင်ရွက် ရမည့် လုပ်ငန်းများနှင့်ပတ်သက် ၍ ရေအားအရင်းအမြစ်ပမာဏ တိုင်းတာတွက်ချက်ရေး လုပ်ငန်း အဖွဲ့ခွဲနှင့် ဖွံ့ဖြိုးရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာ ဆန်းစစ်ရေး လုပ်ငန်းအဖွဲ့ခွဲတို့မှ အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိရာ မြစ်ကြီးများနှင့် သက်ဆိုင်သည့် ကဏ္ဍအလိုက် အချက်အလက်များကို စုစည်း ပြုစု၍ တင်ပြလျက်ရှိကြောင်း၊ မြစ်ကြီးများ၏ အချက်အလက် များ လေ့လာတိုင်းတာ စုဆောင်း ရာတွင် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများ၊ ရေဝေရေလဲ ဒေသပြောင်းလဲမှုများနှင့် သဲနုန်း ပို့ချမှုတို့ကြောင့် မြစ်များ၏အခြေ အနေနှင့် အချက်အလက်ပြောင်းလဲ မှုများရှိနိုင်သဖြင့် သတိပြုလေ့လာ ဆောင်ရွက်ကြရန် လိုကြောင်း၊ ရေအားအရင်းအမြစ် စူးစမ်း လေ့လာရေးအဖွဲ့၏ တိုင်းတာ လေ့လာမှုများမှ ရရှိသည့်အချက် အလက်များကို အခြေခံ၍ သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့ အစည်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များက ကျွမ်းကျင်သူများနှင့် ပူးပေါင်း၍ နိုင်ငံတော်အတွက် ရေဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်နိုင် ပါက နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက်သာမက ကမ္ဘာ့ ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး မျှော်မှန်းချက်များ (Sustainable Development Goals) ကို အကောင်အထည်ဖော် ဆောင်ရာတွင် အထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော် နှင့် ပြည်သူများ၏ ရေရှည်အကျိုး စီးပွားနှင့် အဖွဲ့၏လုပ်ငန်းတာဝန် များ အောင်မြင်စွာအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် တက်ညီလက်ညီကြိုးပမ်း ဆောင်ရွက်ပေးရန် တိုက်တွန်း ကြောင်း ပြောကြားသည်။
ထို့နောက် ရေအားအရင်း အမြစ် စူးစမ်းလေ့လာရေးအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် အကောင် အထည်ဖော်ဆောင်ရွက်မှု၊ အချက် အလက်များ စုဆောင်းထားရှိမှု၊ ဌာနအလိုက် လုပ်ငန်းဆောင်ရွက် မှုနှင့် အချက်အလက်များ ပေးပို့မှု၊ အချက်အလက် စုဆောင်းရရှိမှု အပေါ် သုံးသပ်တင်ပြချက်၊ ဆက်လက်ဆောင်ရွက်မည့် အစီ အမံများကို ရေအားအရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့ အတွင်း ရေးမှူး၊ ရေအရင်းအမြစ်နှင့် မြစ် ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်က Power Point Presentation ဖြင့် ရှင်းလင်း တင်ပြသည်။
ဝိုင်းဝန်းဆွေးနွေး
ယင်းနောက် အစည်းအဝေး သို့ တက်ရောက်လာသည့် ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဝန်ကြီးဌာန၊ အဖွဲ့အစည်းအလိုက် ရေအား အရင်းအမြစ် စူးစမ်းလေ့လာရေး နှင့်ဆက်နွှယ်သည့် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့် ရေအားအရင်းအမြစ် စူးစမ်း လေ့လာရေးအဖွဲ့၏ လုပ်ငန်း တာဝန်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက် ရေးနှင့်ပတ်သက်၍ ဝိုင်းဝန်း ဆွေးနွေးအကြံပြုကြသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက ဧရာဝတီမြစ်၊ ချင်းတွင်း မြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ် များ၏ မြစ်ဖျားမှစတင်ပြီး ပင်လယ်သို့ ရောက်သည်အထိ ရေစီးနှုန်းတိုင်းတာရန်နှင့် ရေလမ်း ကြောင်း အခြေအနေအပါအဝင် ရေအရင်းအမြစ်ပမာဏကို စူးစမ်း လေ့လာ ဆောင်ရွက်နိုင်ရေး အတွက် ရေအားအရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့ကို ၂၀၂၂ ခုနှစ် မတ် ၇ ရက်တွင် အမိန့် ကြော်ငြာစာ အမှတ် ၄၃/၂၀၂၂ ဖြင့် ဖွဲ့စည်းပေးခဲ့သည်။
ထိုကဲ့သို့ ဖွဲ့စည်းဆောင်ရွက် ခြင်းဖြင့် မြစ်ကြီးများနှင့်သက်ဆိုင် သည့် ရေဆိုင်ရာအချက်အလက် များကို တိုင်းတာတွက်ချက်ကာ စနစ်တကျ စုစည်းမှတ်တမ်းတင် ထားရှိနိုင်ပြီး ရေနှင့် ဆက်နွှယ် သည့်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်း များအကြား အချက်အလက်များ မျှဝေသုံးစွဲမှု၊ မြစ်ကြီးများနှင့် ဆက်နွှယ်သည့် ရေဆိုင်ရာ စီမံ ခန့်ခွဲမှုလုပ်ငန်းများ၊ ရေနှင့် ဆက်နွှယ်သည့် သဘာဝဘေး အန္တရာယ်အတွက် ကြိုတင်ပြင်ဆင် မှုလုပ်ငန်းများနှင့် စီမံခန့်ခွဲမှု လုပ်ငန်းများ၊ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများကို ထိရောက်စွာ အထောက်အကူပြု နိုင်မည်ဖြစ်သည်။ သတင်းစဉ်