
ရန်ကုန် ဇန်နဝါရီ ၁၈
စစ်ကိုင်းအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပညာရေးစင်တာ (IBEC) ကျောင်းတိုက်အနေဖြင့် ဂျပန်နိုင်ငံရှိ ပညာရေးနှင့် အလုပ်အကိုင် အခွင့် အလမ်းများအား မြန်မာနိုင်ငံသားများအတွက် ပိုမိုရရှိစေရန် ဆောင်ရွက်နေကြောင်း အဆိုပါ ကျောင်းတိုက်မှ သိရသည်။ စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးရှိ အဆိုပါ ကျောင်းတိုက်ကို IBEC ဆရာတော်ဟု လူသိများသည့် စတော့ဟုမ်း ငြိမ်းချမ်းရေးဆုရှင် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာအရှင်သောဘိတက တည်ထောင်ထားခြင်း ဖြစ်သည်။
မြန်မာ - ဂျပန် အဆင့်မြင့်ပညာရပ်များ ပေါင်းကူးဆောင်ရွက်နိုင်ရန်
Project Professor & Research Fellow Senior Member of IEEE ( Professor Dr.Shouji Usuda) ၏ ဖိတ်ကြားချက်အရ ဂျပန် နိုင်ငံသို့ရောက်ရှိနေသော ကျောင်းအုပ်ဆရာတော် ဒေါက်တာအရှင် သောဘိတ ဦးဆောင်သည့် IBEC & KBU ပညာရေးအဖွဲ့က IRIYA City မြို့ရှိ Hosei University သို့သွားရောက်လေ့လာခဲ့ကာ မြန်မာ - ဂျပန် အဆင့်မြင့်ပညာရပ်များ ပေါင်းကူးဆောင်ရွက်နိုင်ရန် IBEC ဆရာတော် အနေဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း IBEC - Myanmar Official Information Office Committee ထံမှ သိရသည်။
IBEC & KBU ပညာရေးအဖွဲ့သည် ဂျပန်နိုင်ငံ ဟာမာမတ်ဆုမြို့ရှိ OISCA အကယ်ဒမီနှင့် စိုက်ပျိုးရေးကောလိပ်အပါအဝင် OISCA အထက်တန်းကျောင်းသို့သွားရောက်ကာ ပညာရေးပူးပေါင်းဆောင်ရွက် ရန် ဆွေးနွေးခဲ့ကြသည်။
အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရေး
အဆိုပါ ဆွေးနွေးပွဲသို့ OISCA ကျောင်းအုပ် Mr.Nakano Yoichiro၊ နိုင်ငံတကာကျောင်းသားရေးရာဌာနမှူး Mr.Hihara Morohito၊ နိုင်ငံတကာဆက်ဆံရေးအရာရှိ Mr.Nakamura Katsutoshi တို့ပါဝင်ပြီး IBEC ပညာရေးအဖွဲ့တွင် ကျောင်းအုပ်ဆရာတော် ဒေါက်တာအရှင် သောဘိတ၊ အထွေထွေမန်နေဂျာ ဦးဘိုဘိုလင်း၊ ဓနသစ် မန်နေဂျင်း ဒါရိုက်တာဒေါ်မေညို၊ ဂျပန်နိုင်ငံနေ Research Associate ဦးသိန်းထိုက်၊ IBEC -IT ပညာရှင်၊ KBU -BOD အဖွဲ့တို့ ပါဝင်ကာ ဆွေးနွေးရာတွင် မြန်မာနိုင်ငံရှိ အထက်တန်းဆင့်အောင်လူငယ်များ ပညာဆက်လက် သင်ကြားရေးကိစ္စ၊ ဂျပန်ဘာသာစကားသင်ကြားရေးကိစ္စ အပါအဝင် မြန်မာလူငယ်များ ဂျပန်နိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းကိစ္စများ ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သစ်တော်