
နေပြည်တော် ဇန်နဝါရီ ၁၈
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့ နံနက်ပိုင်းတွင် အစိုးရနည်းပညာ ကောလိပ် (မန္တလေး)သို့ ရောက်ရှိ ပြီး တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဒေသတွင်း MSME များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ် သော နည်းပညာရှင်များကို စံနှုန်း များနှင့်အညီ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရန်၊ ဒေသတွင်း ပြည်သူများ ဘဝရပ်တည်ချက် ခိုင်မာမှုနှင့် အလုပ်အကိုင် အခွင့် အလမ်းများရရှိမှုတို့ကို လက်တွေ့ ကျကျ ဖော်ဆောင်ပေးမည့် သင်တန်းများကို ဖွင့်လှစ်သွားရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး သည် ဝန်ထမ်းများ၊ ကျောင်းသား များ၏ လိုအပ်ချက်တင်ပြမှုများ အပေါ် ပေါင်းစပ်ဖြည့်ဆည်းပေး ပြီးနောက် မလေးရှားနိုင်ငံ လန်ကာဝီမြို့တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက ကျင်းပခဲ့ သော 4th ASEAN - India Grassroot Innovation Forum 2023 တွင် Hydraulic Magic Track ခေါင်းစဉ်ဖြင့် Most Promising Award ဆုရရှိခဲ့သော ဒုတိယနှစ် မြို့ပြအင်ဂျင်နီယာ သင်တန်းမှ ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆု ချီးမြှင့်သည်။ ထို့နောက် ဒုတိယ ဝန်ကြီးသည် တည်ဆောက်ရေး လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေး ကာ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ လုပ်ငန်း များ ပြီးစီးစေရေးဆောင်ရွက်ရန် နှင့် လိုအပ်သည်များ မှာကြား သည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး သည် မြန်မာသတင်းအချက် အလက် နည်းပညာတက္ကသိုလ် Myanmar Institute of Information Technology (MIIT) သို့ ရောက်ရှိခဲ့ပြီး ဘာသာရပ်နှင့် သင်တန်းနှစ်တို့အလိုက် အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြားလျက် ရှိကြသော ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး ယနေ့ခေတ်တွင် IT နည်းပညာများ လျင်မြန်စွာ ပြောင်းလဲ တိုးတက်နေသည် ဖြစ်ရာ နောက်ကျမကျန်ဘဲ ယင်း နည်းပညာအရွေ့နှင့်အတူ လိုက်ပါ နိုင်ရေး အစဉ်လေ့လာဆောင်ရွက် ကြရန် တိုက်တွန်းမှာကြား သည်။
ယင်းနောက် ဒုတိယဝန်ကြီး သည် မန္တလေးနည်းပညာ တက္ကသိုလ်သို့ရောက်ရှိပြီး အင်ဂျင် နီယာဘာသာရပ်နှင့် သင်တန်းနှစ် တို့အလိုက် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြသော ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး ဤတက္ကသိုလ်မှ လေ့လာဆည်းပူး ၍ ရရှိသည့် နည်းပညာများဖြင့် မိမိတို့၏ ဘဝအနာဂတ်များကို လှပကောင်းမွန်အောင် တည် ဆောက်သလို ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်တည် ဆောက်ရာတွင်လည်း အုတ် ကောင်းတစ်ချပ်၊ သဲကောင်း တစ်ပွင့်အနေဖြင့် ပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီး သည် အားကစားလှုပ်ရှား မှု ဆောင်ရွက်လျက်ရှိသော ကျောင်းသား ကျောင်းသူများကို ကြည့်ရှုအားပေးပြီး ကျောင်းသား ဘဝ တန်ဖိုးရှိသော အချိန်များကို အကျိုးရှိစွာ အသုံးချကြရန်၊ ဗလ ငါးတန်နှင့် ပြည့်စုံသော နိုင်ငံ့ လူငယ်ကောင်းများ ဖြစ်စေရေး အလေးထား ဆောင်ရွက်သွားကြ ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်