နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

 

နေပြည်တော်  ဇန်နဝါရီ   ၁၈


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ   မြန်မာနိုင်ငံဆိုင်ရာ  ဘရာဇီးနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Gustavo Rocha de Menezes  သည် ယနေ့နံနက်  ၁၀  နာရီ တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန် ဆောင်ဧည့်ခန်းမ၌  ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။


ထို့နောက်  မြန်မာ-ဘရာဇီး  နှစ်နိုင်ငံ   သံတမန်ဆက်ဆံရေး၊   ပူးပေါင်းဆောင်ရွက်မှုနှင့်   ချစ်ကြည်ရင်းနှီးမှုဆိုင်ရာကိစ္စရပ်များ၊ အပြန်အလှန်ကုန်သွယ်မှုကဏ္ဍ    မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင်   ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊    အားကစားကဏ္ဍမြှင့်တင်ရေးအတွက်     ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊       စက်မှုနည်းပညာပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊   မြန်မာနိုင်ငံ၏    နိုင်ငံရေးဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုအခြေအနေများ၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအနေဖြင့်   ရှေ့လုပ်ငန်းစဉ် (၅)  ရပ်ချမှတ်၍   နိုင်ငံ တည်ငြိမ်အေးချမ်းရေး၊  ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက်       ဆောင်ရွက်လျက်ရှိမှု၊ လွတ်လပ်၍     တရားမျှတသည့်    ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့်       အခြေအနေများနှင့် စပ်လျဉ်းပြီး ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံပွဲအပြီးတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ  ဘရာဇီးနိုင်ငံ  သံအမတ်ကြီးတို့သည် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။


အဆိုပါ     သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး  ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊    နိုင်ငံခြားရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့်      သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်တို့  တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိသည်။                

သတင်းစဉ်