ရွှေတောင်မြို့နယ်မှ MSME လုပ်ငန်းဖြစ်သည့် ဥမ္မာကျော်စားသောက်ကုန်လုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းမှု

 

တွေ့ဆုံမေးမြန်း - ငြိမ်းငြိမ်းသန့် (ပြန်/ဆက်)၊ ဓာတ်ပုံ - ကိုကိုမင်း (ပြန်/ဆက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သော “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေး မောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်နှင့် အညီ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများကို ပြည်ခရိုင် ရွှေတောင်မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပါသည်။


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် မှတ်ပုံတင် ထားသည့် အသေးစား၊ အငယ်စားနှင့်  အလတ်စား MSME လုပ်ငန်း အရေအတွက်  ၈၃ ခု မှတ်ပုံတင်ထားကြောင်း   ပြည်ခရိုင်  အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။    အဆိုပါ  မှတ်ပုံတင် ထားသည့်    လုပ်ငန်းများမှ    ရွှေတောင်မြို့  ယွန်းတန်းရပ်ကွက် တောင်ဘုရားကြီးလမ်း အမှတ်(၁၄) ရှိ  “ဥမ္မာကျော်” စားသောက်ကုန် လုပ်ငန်းရှင်  မဥမ္မာကျော်နှင့်  တွေ့ဆုံမေးမြန်းထားမှုကို  တင်ပြလိုက် ပါသည်။


မေး။    ။    “ဥမ္မာကျော်” စားသောက်ကုန်လုပ်ငန်း  စတင်လည်ပတ်မှုနဲ့ အခုလက်ရှိ အခြေအနေကို ရှင်းပြပေးပါဦး။
ဖြေ။    ။    “ဥမ္မာကျော်”  စားသောက်ကုန်လုပ်ငန်း  မစတင်မီ မိသားစု တစ်ပိုင်တစ်နိုင်    စီးပွားရေးလုပ်ငန်းအနေနဲ့       ရွှေတောင် ထမင်းသုပ်၊ ထမင်းအရောသုပ်နှင့် ရွှေတောင်ခေါက်ဆွဲကို ၂၀၀၂ ခုနှစ် ကစတင် ရောင်းချလျက်ရှိပြီး ၂၀၂၁ ခုနှစ်ကစပြီး ခရီးအဝေးသို့ ယူဆောင်ရာမှာလည်း လွယ်ကူစေဖို့နဲ့   အသင့်စားသုံးနိုင်ဖို့အတွက် “ဥမ္မာကျော်”  Ready Made စားသောက်ကုန်လုပ်ငန်းကို တိုးမြှင့် လုပ်ကိုင်ခဲ့ခြင်းဖြစ်ပါတယ်။


မေး။    ။    “ဥမ္မာကျော်”  စားသောက်ကုန်လုပ်ငန်းအနေနဲ့  ကုန်ပစ္စည်း ဘယ်နှမျိုး ထုတ်လုပ်ရောင်းချပါသလဲ၊ အများဆုံး ရောင်းချ ရတဲ့ အမျိုးအစားကိုလည်း ပြောပြပေးစေလိုပါတယ်။
ဖြေ။    ။    ကျွန်မတို့ဆိုင်မှာ ရွှေတောင် ထမင်းသုပ်၊ ထမင်းအရောသုပ်၊ ရွှေတောင်အုန်းနို့ခေါက်ဆွဲ၊ ရွှေတောင်မုန့်ဟင်းခါးနဲ့ စိန်ပန်း အကြွပ်ကြော်ဆိုပြီး အမျိုးအစားငါးမျိုး ထုတ်လုပ်ရောင်းချလျက်ရှိပြီး၊ ရောင်းအားအကောင်းဆုံးကတော့     ထမင်းသုပ်နဲ့     ထမင်းအရောသုပ် ဖြစ်ပြီး     အခုနောက်ပိုင်းတော့  ရွှေတောင်အုန်းနို့ခေါက်ဆွဲဆိုတာ  လူသိများလာပြီး   ပိုပြီးတော့    ရောင်းရပါတယ်။  ၂၀၂၄  ခုနှစ်အစပိုင်း မှာ    မုန့်ဟင်းခါးကို   လက်ခံလာကြပြီး     မုန့်ဟင်းခါးတွေလည်း အတော်ရောင်းရပါတယ်။ အဓိက ထုတ်ကုန်ပစ္စည်း ငါးမျိုးမှာ လေးမျိုး က ဈေးကွက်မှာ   နာမည်ရသွားပြီး      တော်တော်လေး   ရောင်းရ ပါတယ်။


မေး။    ။    ပြည်တွင်း၊    ပြည်ပ  ရောင်းချမှု  အခြေအနေကိုလည်း သိပါ ရစေ။
ဖြေ။    ။    “ဥမ္မာကျော်”     စားသောက်ကုန်လုပ်ငန်းက    ထွက်ရှိတဲ့ ကုန်ပစ္စည်းတွေကို  ပြည်တွင်းအနေနဲ့ ရန်ကုန်၊  ပဲခူး၊  ပြည် နဲ့  နတ်တလင်းမြို့တွေမှာ ကိုယ်စားလှယ်များ ပေးထားရပါတယ်။ ရွှေတောင်မြို့ပေါ်မှာတော့   ရွှေနံ့သာ၊ မြသော်တာ၊ နေဝန်းသူရိန်နဲ့  ဆုံစည်းရာ  စတိုးဆိုင်များက ကိုယ်စားလှယ်ယူရောင်းချလျက်ရှိပြီး ပြည်ပအနေနဲ့  ထိုင်းနိုင်ငံကိုယ်စားလှယ်ရရှိထားပြီး  လစဉ်ရောင်းချ ရပါတယ်။ ဒါ့အပြင် ဂျပန်နဲ့  စင်ကာပူအထိ  ဖြန့်ဖြူးရောင်းချနိုင်ပြီ ဖြစ်ပါတယ်။


မေး။    ။    အခုလို စားသောက်ကုန်လုပ်ငန်း ဆောင်ရွက်ရတဲ့ ရည်ရွယ် ချက်တွေနဲ့   ဆက်လက်ဆောင်ရွက်မည့်     အခြေအနေကို လည်း ပြောပြပေးပါဦး။
ဖြေ။    ။    ရွှေတောင်မြို့မှာ    အစားအသောက်တွေအလွန်များတယ်။ အလွန်လည်းကောင်းတဲ့ အစားအသောက်တွေ ရှိတယ်ဆိုတာ ကို အမြို့မြို့၊ အနယ်နယ်မှာရှိတဲ့ မိတ်ဆွေတွေကို ရွှေတောင်ကလို့ ပြောလိုက်ရင် ရွှေတောင်ထမင်းသုပ်ရှိတဲ့နေရာ၊ ရွှေတောင်ခေါက်ဆွဲ ရှိတဲ့နေရာဆိုပြီး  ရွှေတောင်မြို့လေးကို လူသိများစေလိုတဲ့အချက်နဲ့  ဘိုးဘွားလက်ထက်ကစပြီး မိသားစုမျိုးရိုးစဉ်ဆက် လုပ်ကိုင်လာတဲ့ လုပ်ငန်းအပေါ် ထိန်းသိမ်းချင်တဲ့ ရည်ရွယ်ချက်၊  ထုတ်ကုန်ပစ္စည်းတွေကို ဆက်ပြီး တိုးချဲ့ချင်တဲ့ ရည်ရွယ်ချက်တွေနဲ့  ထုတ်လုပ်ခဲ့တာ ဖြစ်ပါ တယ်။ ကျွန်မတို့  စားသောက်ကုန်လုပ်ငန်းက   ထုတ်တဲ့ထုတ်ကုန် ပစ္စည်းများကို မြန်မာနိုင်ငံတွင်သာမက နိုင်ငံရပ်ခြားမှာ ကိုယ်စားလှယ် တွေနဲ့ ချိတ်ဆက်ရောင်းချပြီး နိုင်ငံခြားတင်သွင်းကုန်ပစ္စည်းတစ်ခု အနေနဲ့ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။


မေး။    ။    ထုတ်ကုန်ပြပွဲ၊ ပြသမှု အခြေအနေများကိုလည်း ပြောပြပေး ပါဦး။
ဖြေ။    ။    ကျွန်မတို့     “ဥမ္မာကျော်”    စားသောက်ကုန်လုပ်ငန်းက  ထုတ်ကုန်ပစ္စည်းတွေကို  ပဲခူးမြို့မှာ   ကျင်းပတဲ့   ပဲခူးတိုင်း ဒေသကြီး ထုတ်ကုန်ပစ္စည်း အရောင်းပြပွဲမှာ ပထမဆုံး တင်သွင်းခဲ့ ပါတယ်။ ရွှေတောင် ထမင်းသုပ်၊ ထမင်းအရောသုပ်နဲ့ ရွှေတောင်အုန်းနို့ ခေါက်ဆွဲ သုံးမျိုးကို ရောင်းချပေးခဲ့ပါတယ်။ ပြည်တန်ဆောင်တိုင် ပွဲတော်၊ ပဲခူးတိုင်းဒေသကြီး(အနောက်) ကုန်စည်ပြပွဲမှာလည်း ပြသ ရောင်းချခဲ့ပါတယ်။    ဖေဖော်ဝါရီလအတွင်း     ကျင်းပပြုလုပ်မယ့် နေပြည်တော် MSME  ထုတ်ကုန်ပြပွဲတွင်လည်း သွားရောက်ရောင်းချမှာ ဖြစ်ပါတယ်။


မေး။    ။    အလုပ်သမားဦးရေနဲ့ နေ့စဉ်လုပ်ငန်း လည်ပတ်ဆောင်ရွက်မှု တွေကိုလည်း ပြောပြပေးပါဦး။
ဖြေ။    ။    ကျွန်မတို့ဆိုင်မှာ     အလုပ်သမား     ခြောက်ဦးရှိပါတယ်။  ဒီခြောက်ဦးနဲ့ပဲ  အုပ်စုခွဲပြီး လုပ်ငန်းတွေလည်ပတ်အောင် ဆောင်ရွက်နေပါတယ်။ ကျွန်မတို့ဆိုင်ကို နံနက် ၅  နာရီကနေ နံနက် ၁၀ နာရီအထိ   ဆိုင်စားအနေနဲ့   ဖွင့်လှစ်ရောင်းချပြီး  Ready  Made စားသောက်ကုန်ပစ္စည်းများကို   နံနက်  ၅  နာရီကနေ ည ၈ နာရီအထိ ပိတ်ရက်မရှိ ရောင်းချပေးလျက်ရှိပါတယ်။


မေး။    ။    နိုင်ငံတော်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထောက်ပံ့ ပေးမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနတွေနဲ့    ချိတ်ဆက် မှု၊ လုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်မှုကိုလည်း သိလိုပါတယ်။
ဖြေ။     ။    နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအနေနဲ့  ကျပ်သိန်း  ၁၀၀ ချေးငွေရရှိခဲ့ပြီး    လုပ်ငန်းအတွက်    တကယ်လိုအပ်နေတဲ့ပါကင်ပိတ်စက်ကြီးကို ဝယ်ယူနိုင်ခဲ့ပါတယ်။ အခုလို ဝယ်ယူလိုက်တဲ့ အတွက် ထုတ်ကုန်တွေကို လျင်လျင်မြန်မြန် ထုတ်နိုင်ပါတယ်။ အရင် က ပစ္စည်းတွေ ထုတ်လုပ်ရာမှာ လက်ဖိစက်တွေနဲ့သာ  ထုတ်လုပ် တဲ့အခါ    အလုပ်မတွင်ကျယ်ဘဲ       ဝယ်ယူသူတွေလာတဲ့အခါ လုံလောက်အောင် မရောင်းပေးနိုင်ခဲ့ပါဘူး၊ အခုလို စက်ကြီး ရရှိလာတဲ့ အခါ ပစ္စည်းတွေ လှိုင်လှိုင်ထုတ်နိုင်ပြီး၊ ကိုယ်စားလှယ်တွေကိုCancel လုပ်စရာမလိုဘဲ ပြည့်ပြည့်ဝဝ ပေးနိုင်ပြီး လက်လီရောင်းချမှုကိုလည်း ကောင်းမွန်စွာ  လုပ်ကိုင်ရောင်းချနိုင်ပါတယ်။ အခုလို နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေတွေ ထောက်ပံ့ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ရှိပါကြောင်း  ပြောကြားလိုပါတယ်။


မေး။    ။        ဆက်လက်ပြီး  မိမိကိုယ်တိုင်  လူငယ်လုပ်ငန်းရှင်ဖြစ်တဲ့ အတွက်   ဒေသထွက်ကုန်များနဲ့    စီးပွားရေးလုပ်ငန်းများ စတင်လုပ်ကိုင်မယ့် လုပ်ငန်းရှင်လူငယ်တွေနဲ့ ပြည်သူတွေကိုလည်း အကြံပြုစကားများ ပြောကြားပေးပါဦး။ 
ဖြေ။    ။    ကိုယ်ရဲ့ဒေသထွက်  စားသောက်ကုန်ပစ္စည်းတွေကို သိတဲ့ သူလည်းရှိသလို၊   မသိတဲ့သူလည်း   ရှိနိုင်ပါတယ်။   ဒီမြို့၊ ဒီနေရာလေးမှာ ရောင်းနေရတာမျိုး မဟုတ်ဘဲ၊ ရပ်တန့်သွားတာမျိုး မဟုတ်ဘဲနဲ့   ကိုယ့်ရဲ့ဒေသထွက်   ကုန်ပစ္စည်းတွေကို တခြားနယ်၊ တခြားမြို့တွေက အသိအမှတ်ပြုပြီး ဒေသနဲ့ဝေးတဲ့ နေရာအနှံ့ပို့ပြီး တော့     တိုးချဲ့နိုင်မယ်ဆိုရင်     စီးပွားရေးတစ်ခုအနေနဲ့လည်း ကောင်းသလို၊ ကိုယ့်ရဲ့ဒေသထုတ်ကုန်အနေနဲ့လည်း  ဂုဏ်ယူစရာ ကောင်းပါတယ်။ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းအနေနဲ့  ပူးပေါင်းပြီး  FDA အသိအမှတ်ပြုလက်မှတ်ရရှိကာ နိုင်ငံတကာအထိ ဖြန့်ကြက်နိုင် ပြီး      နိုင်ငံခြားဝင်ငွေရရှိနိုင်တဲ့      စီးပွားရေးတစ်ခုအနေနဲ့လည်း လုပ်ဆောင်သင့်ကြောင်း   ဒေသအသီးသီးက   မိတ်ဆွေများကို မျှဝေ အကြံပြုပြောကြားလိုပါတယ်။         ။