
နေပြည်တော် ဇန်နဝါရီ ၁၇
ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် မြန်မာနိုင်ငံဘက်မှ ကြိုတင် ဖြည့်ဆည်း ဆောင်ရွက်ရမည့် အခြေခံ အဆောက်အအုံဆိုင်ရာ လုပ်ငန်းများ Implementation Plan နှင့်စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟို လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရခိုင် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိ သူများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက Online ၊ Offline ဖြင့် ပါဝင်တက်ရောက်ကြသည်။
ညှိနှိုင်းပေါင်းစပ်
အစည်းအဝေးတွင် မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟို လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စု ဝန်ကြီးက ကျောက်ဖြူအထူး စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည်ဖော် ရေးအတွက် မြန်မာနိုင်ငံဘက်မှ ကြိုတင်ဖြည့်ဆည်း ဆောင်ရွက် ရမည့် စီမံကိန်းအထောက်အကူပြု အခြေခံ အဆောက်အအုံများနှင့် ပတ်သက်၍ ဝန်ကြီးဌာနအလိုက် ဆက်လက်ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းများကို သတ်မှတ်ချိန် အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပေါင်းစပ် နိုင်ရေးအတွက် လိုအပ်သည်များ ကို မှာကြားသည်။
ဆက်လက်၍ သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများ က ဝန်ကြီးဌာနအလိုက် ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စများနှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
သတင်းစဉ်