
ရန်ကုန် ဇန်နဝါရီ ၁၇
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် သုံးသိန်းခန့် တင်ပို့ရန် ရည်မှန်းထားကြောင်း မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူက ပြောကြားသည်။
“၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ သုံးသိန်းလောက် ပြည်ပတင်ပို့ဖို့ မှန်းထားပါတယ်။ အရင်နှစ်က တန်ချိန်တစ်သိန်းကျော်ပဲ ပို့နိုင်ခဲ့တယ်။ မြန်မာနိုင်ငံက တန်ချိန် လေးသိန်းလောက်ထွက်တယ်။ ပြီးခဲ့တဲ့နှစ်က မပို့နိုင်တာက ငွေကြေးမူဝါဒကြောင့် ရော်ဘာ Exporter တွေက အရှုံးမှာကျနေတယ်။ တစ်တန်ကို ရှစ်သိန်းလောက်ကနေ ၁၀ သိန်း လောက်ရှုံးနေတဲ့အတွက် မတင်ပို့နိုင်တာ။ အခုတော့အစိုးရကနေ ဖြေလျှော့ပေးပြီးတော့ ဓာတ်မြေသြဇာတင်သွင်းခွင့် ပေးတဲ့အတွက် ကြောင့် Exporter တွေက လုပ်သာကိုင်သာရှိတဲ့ ဈေးနှုန်းလေး ရောက်လာလို့ ပို့နိုင်တာပေါ့”ဟု ၎င်းကဆိုသည်။
ရော်ဘာတင်ပို့မှုအနေဖြင့် ၇၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့နေပြီး စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ဂျပန် စသည့်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်းလည်း သိရသည်။
ရော်ဘာကို မြန်မာနိုင်ငံတွင် မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ် အပါအဝင် တိုင်းဒေသကြီး နှင့်ပြည်နယ်များတွင် စိုက်ပျိုး လျက်ရှိပြီး စိုက်ပျိုး ဧက ၁ သန်း ၆ သိန်း ၄ သောင်း၊ ထုတ်လုပ်မှုဧဏ ကိုးသိန်းခွဲ ခန့်ရှိသည်။
ရော်ဘာသည် မွန်ပြည် နယ်တွင် အများဆုံးထွက်ရှိကာ တနင်္သာရီတိုင်းဒေသကြီးမှ ဒုတိယအများဆုံး၊ ကရင် ပြည်နယ်မှ တတိယအများဆုံး ထွက်ရှိကြောင်း သိရသည်။
MT