
မချမ်းဘော ဇန်နဝါရီ ၁၆
ကချင်ပြည်နယ် မချမ်းဘောမြို့နယ်တွင် ဒေသ ထွက် သီးနှံတစ်ခုဖြစ်သော နန်ကောရှီး(ခေါ်) တင်းကောသီးမှ စားသုံးဆီများ တစ်ပိုင်တစ်နိုင် ထုတ်ယူလျက်ရှိသည်။
တင်းကောသီးသည် မချမ်းဘောမြို့နယ် အတွင်းရှိ တောတောင်ယာများတွင် သဘာဝ အလျောက် ပေါက်ရောက်တတ်ပြီး အချို့က လည်း တောင်ယာခြံစည်းရိုးများ၊ အိမ်ခြံ စည်းရိုးများတွင် စိုက်ပျိုးကြသော အပင်မှရရှိ ခြင်းဖြစ်သည်။ ယင်းအပင်သည် ထန်းပင်၊ ပေပင်တို့နှင့်သဏ္ဌာန်တူပြီး စတင်စိုက်ပျိုးချိန်မှ နှစ်ပေါင်း၁၀ နှစ်ကျော်ကာလသို့ ရောက်ရှိချိန် မှသာ အသီးများ စတင်သီးလာသည့် နှစ်ရှည် သီးပင် အမျိုးအစားဖြစ်ကြောင်း သိရသည်။
တင်းကောသီးများသည် နိုဝင်ဘာလတွင် စတင်ရင့်မှည့်ပြီး အသီးများ ရင့်မှည့်လာချိန် တွင် အပြင်ဘက်ပိုင်းမှာ မင်းကွတ်သီးအရောင်နှင့် တူပြီးအတွင်းသားမှာ အဝါရောင်ဖြစ်လာကာ ဒေသခံများက ရေနွေးနှင့် အနည်းငယ်ပြုတ်၍ အတွင်းသားကိုခြစ်ကာ ငရုတ်သီးထောင်း၍ သော်လည်းကောင်း၊ သရေစာအဖြစ်သော် လည်းကောင်း တစ်နေလှန်းပြီး ကောက်ညှင်း ပေါင်းများဖြင့် နယ်၍လည်းကောင်း စားကြပြီး အရသာမှာ ဆိမ့်ကာဆီထွက်သော အစားအစာ တစ်မျိုးလည်းဖြစ်သည်။ တင်းကောသီးများ ကို ဆီထွက်သီးနှံအဖြစ် ဆီများညှစ်ထုတ်ယူ မည်ဆိုပါက ဒီဇင်ဘာလကုန် ဇန်နဝါရီလဆန်း လောက်မှသာ ခူးဆွတ်ရခြင်းဖြစ်ပြီး ယင်းအချိန် ခူးဆွတ်သော တင်းကောသီးများမှသာ ဆီထွက်နှုန်းများခြင်းဖြစ်ကြောင်း သိရသည်။
တင်းကောသီးကို ဆီထုတ်ယူမည်ဆိုပါက ခူးဆွတ်ပြီးသော တင်းကောသီးအမှည့်များကို ရေနွေးနှင့် အချိန်တစ်နာရီခန့် ပွက်ပွက်ဆူဆူ အောင် စတင်ပြုတ်ပြီး ပြုတ်ပြီးသားတင်းကော သီးများကို ကွဲထွက်လာသည်အထိ ထောင်း ကာ ထောင်းပြီးသားတင်းကောသီးများကို အခွံနှင့်ကပ်လျက်ရှိသော အသားအစေ့များ သီးခြားဖြစ်လာစေရန် ဆန်ခါနှင့်ခါချပြီး အဝတ်စ သို့မဟုတ် စူပါအိတ် အပိုင်းအစများထဲ သို့ ထည့်၍ အသင့်ဆင်ထားသော ဆီညှစ် မောင်းဆုံတွင် သစ်သားတုံးများဖြင့် ဖိညှစ်ကာ ဆီကို ညှစ်ထုတ်ယူရခြင်းဖြစ်သည်။ ဆီများ ညှစ်ထုတ်ယူရာတွင်လည်း တင်းကောသီးအခွံ နှင့် ကပ်နေသော အသားများကို အပူဓာတ် မကုန်ဆုံးမီတွင် ညှစ်ယူမှသာ ဆီထွက်ရှိပြီး အေးသွားပါက ဆီများ မထွက်ရှိသောကြောင့် ပြုတ်ပြီးသား တင်းကောသီးကို တစ်ခါဆယ်ယူ တစ်ခါထောင်း တစ်ခါညှစ်ထုတ် ယူရခြင်းဖြစ် သည့်အတွက် ဆီရရှိရန်အကြိမ်ကြိမ် ပြုလုပ်ရ ခြင်း ဖြစ်သည်။ ညှစ်ထုတ်ယူပြီး သားတင်း ကောဆီကို ဆီနှင့်ရေကွဲသွားစေရန် တစ်ည ခန့်စစ်ထားရခြင်းဖြစ်ကာ ဆီများအေးခဲသွား သည့်အခါ ရေနှင့်သီးခြား ဖြစ်သွားသော တင်းကောဆီများကို ခပ်ထုတ်ယူပြီး ပြန်လည် ကျိုချက်ပြီးသည့်အခါမှသာ ကြက်ဥနှစ် အရောင် ဝါဝင်းသော တင်းကောဆီသန့်တွေကို ရရှိခြင်းဖြစ်သည်။ တင်းကောသီး ရှစ်ပြည်ပါ တစ်ပုံးကို ဆီညှစ်ထုတ်လျှင် တင်းကောသီး အတွင်းသား အထူအပါး ပေါ်မူတည်ကာ တင်းကောဆီ နှစ်ပုလင်းမှ သုံးပုလင်းအထိ ပိဿာအားဖြင့် ခန့်မှန်းခြေ တစ်ပိဿာ နီးပါးခန့် ထွက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် တင်းကောဆီ တစ်ပုလင်းကို ငွေကျပ် ၁၀၀၀၀ ထိ ရောင်းဝယ်ကြကြောင်း လည်း သိရသည်။ အဆိုပါ တင်းကောဆီ၏ အကျိုးပြုပုံကို ဒေသခံပြည်သူများ၏ ပြောပြ ချက်အရ သဘာဝသီးနှံမှ ထွက်ရှိသည့်ဆီဖြစ် သည့်အတွက် ကျန်းမာရေးအတွက် အလွန် ကောင်းမွန်သည့် ဆီဖြစ်ပြီး အထူးသဖြင့် ထမင်းပူပူတွင် တင်းကောဆီကို ဆမ်းပြီး ကလေးများကို ကျွေးပါက ကလေးများ ကျန်းမာဝဖြိုးလာကြောင်းလည်း သိရသည်။ ထို့ပြင် မီးလောင်ဒဏ်ရာများ အပူလောင် ဒဏ်ရာများရရှိပါက တင်းကောဆီကို သုတ်လိမ်းပေးခြင်းဖြင့် အပူလောင်ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကင်းကြောင်းလည်း သိရ သည်။
မချမ်းဘောမြို့နယ်တွင် တင်းကောပင်များ ကို ဒေသအစားအစာ တစ်ခုအဖြစ်လည်း ကောင်း၊ ဆီထွက်သီးနှံအဖြစ်လည်းကောင်း အရွက်များကို အိမ်အမိုး၊ တဲအမိုးများအဖြစ် လည်းကောင်း အသုံးပြုရန် စိုက်ပျိုးကြကြောင်း လည်း သိရသည်။
ယောရွှေနီ (မချမ်းဘော)