
နေပြည်တော် ဇန်နဝါရီ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် အာဆီယံ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် H. E. Mr. Alounkeo Kittikhoun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ သံအမတ်ကြီး(ငြိမ်း) ဦးစံလွင် နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
ရင်းနှီးပွင့်လင်းစွာဆွေးနွေး
တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု အခြေအနေများ၊ အာဆီယံတူညီဆန္ဒ (၅) ရပ်အပေါ် ဆောင်ရွက်ချက်များ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စများ နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး နောက် အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်