မြန်မာ့ထောပတ်သီးကို ပို့ဆောင်မှု စရိတ်သက်သာသောနည်းဖြင့် ထုတ်ကုန် တိုးမြှင့်တင်ပို့နိုင်ရန် ကြိုးပမ်းနေ

 

ရန်ကုန်   ဒီဇင်ဘာ    ၂၉


အရည်အသွေးကောင်းမွန်သော ထောပတ်သီးများကို   စိုက်ပျိုးထုတ်လုပ်၍   ပြည်တွင်းစားသုံးမှုအပြင် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ အိန္ဒိယနိုင်ငံ ထောပတ် သီးကုမ္ပဏီတစ်ခုမှ မြန်မာ့ထောပတ်သီးကို ဝယ်ယူရန်ကမ်းလှမ်းထားပြီး ဈေးကွက် ဖွံ့ဖြိုးမှုတွင် သယ်ယူပို့ဆောင်စရိတ်သက်သာစေမည့် ရေလမ်းခရီးမှ  တင်ပို့နိုင်မှုဖြင့်    ထုတ်ကုန်တိုးမြှင့်တင်ပို့နိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်း များ  ကြိုးပမ်းလျက်ရှိသည်။        


အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား   နှစ်နိုင်ငံ   သံတမန်ဆက်ဆံမှု (၇၅)နှစ် မြောက်အထိမ်းအမှတ် အား  အိန္ဒိယနိုင်ငံ  မြန်မာသံရုံး၌  ဒီဇင်ဘာ ၂၂/၂၃ ရက်နေ့က ကျင်းပခဲ့ရာ  မြန်မာနိုင်ငံမှထွက်ရှိသည့် ပဲမျိုးစုံနှင့်ထောပတ်သီးတို့ကို ထိုနေ့တွင် မိတ်ဆက် ပြသခဲ့ပြီး  အရည်အသွေးကောင်းမွန်သော   ဟပ်စ် (Hass) အမျိုးအစား   ထောပတ်သီးကို    နှစ်ခြိုက်ကြ ၍  ဈေးကွက်ကမ်းလှမ်းခဲ့သည်။   ပို့ကုန်ကဏ္ဍတွင် လေကြောင်းထက် သယ်ယူပို့ဆောင်မှုစရိတ်သက်သာ စေသည့်   ရေလမ်းကြောင်းမှ    ပို့ဆောင်မှုနှင့်အတူ တောင်ကြီးတွင် အအေးခန်းစက်ရုံများ တည်ဆောက် နိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးနှင့် ထောပတ်သီးစိုက်ပျိုးထုတ်လုပ်သူ များအသင်းတို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။ 


ဈေးကွက်အောင်မြင်မှုရရှိ


တရုတ်နိုင်ငံသို့  ဖရဲ၊   သခွား၊  သရက်သီးကဲ့သို့ တရားဝင်ပို့ကုန်အဖြစ် ထောပတ်သီးကိုလည်း G to G ပူးပေါင်းဆောင်ရွက်မှုဖြင့်   တင်ပို့နိုင်ရန်   နှစ်နိုင်ငံ အကျိုးအတွက် ကြိုးပမ်းလျက်ရှိသည်။ ၂၀၁၈ ခုနှစ် တွင် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှ ထောပတ် သီးကိုင်းဆက်မျိုး ခြောက်မျိုးကို စမ်းသပ်စိုက်ပျိုးခဲ့ရာ မြန်မာ့ရေမြေနှင့် ကိုက်ညီ၍ အောင်မြင်မှုရရှိခဲ့ပြီး ကိုင်းဆက်မျိုးခြောက်မျိုးတွင်  ဟပ်စ်(Hass)အမျိုး အစားကို ထောပတ်သီးဈေးကွက်၌ အောင်မြင်မှုရရှိ လျက်ရှိသည်။ ဟပ်စ်ထောပတ်သီးကို ထိုင်း၊ စင်ကာပူ၊ မလေးရှားနိုင်ငံများသို့  တင်ပို့လျက်ရှိပြီး    အရှေ့ အလယ်ပိုင်းနိုင်ငံဖြစ်သော    ဘာရိန်းမှ   မြန်မာ့ ထောပတ်သီးအရည်အသွေးကို  နှစ်ခြိုက်၍ ဝယ်ယူ ရန်ဆွေး‌နွေးခဲ့ရာ ကနဦးလေကြောင်းဖြင့် ပို့ဆောင် ပြသထားပြီး   ဥရောပနိုင်ငံအချို့ကလည်း   မြန်မာ့ ထောပတ်သီးကို စိတ်ဝင်စားလျက်ရှိသည်။


မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (တောင်ကြီး) အနေဖြင့် ထောပတ်စိုက်ပျိုးထုတ်လုပ်သူများအသင်း နှင့်ပူးပေါင်း၍ ပြည်ပသို့ပို့ကုန်တင်ပို့နိုင်ရန် ဈေးကွက် ဖော်ဆောင်မှုအဖြစ် အောက်တိုဘာလက  တရုတ် ပြည်သူ့သမ္မတနိုင်ငံ နန်နင်းကုန်စည်ပြပွဲ၌  မြန်မာ့ ထောပတ်သီးကို   မိတ်ဆက်ပြသခဲ့ရာ   ဈေးကွက် ချိတ်ဆက်မှု အခွင့်အလမ်းများရရှိခဲ့ပြီး ဝယ်လိုအား ဘက်မှ မြန်မာ့ထောပတ်သီးကို နှစ်ခြိုက်သည့်အတွက် ဝယ်ယူနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ထောပတ်သီး ရာသီဖြစ်သော နိုဝင်ဘာလမှ ဇန်နဝါရီလတွင် မြန်မာ့ ထောပတ်သီးလှိုင်လှိုင်ထွက်ပေါ်လေ့ရှိပြီး ထိုင်းနိုင်ငံသို့ တန်ချိန် ၅၀၀၀ ခန့်တင်ပို့ထားကြောင်း သိရသည်။


မြန်မာနိုင်ငံတွင်  ဒေသထွက်ထောပတ်သီးနှင့် ကိုင်းဆက်အသီးဟူ၍ စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊   ချင်းပြည်နယ်နှင့်   စစ်ကိုင်းတိုင်း‌ ဒေသကြီး(နာဂဒေသ)တို့၌ စိုက်ပျိုးထုတ်လုပ်လျက် ရှိ၍ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ အများဆုံး ပြည်ပသို့ တင်ပို့လျက်ရှိသည်။  မြန်မာနိုင်ငံတွင်   ဒေသထွက် ထောပတ်သီးတန်ချိန် ၄၀၀၀ မှ ၅၀၀၀ အထိ ထွက်ရှိ လျက်ရှိကာ ပြည်ပဈေးကွက်ဝင်ကိုင်းဆက်ထောပတ် သီးတန်ချိန် ၁၅၀၀ မှ ၂၅၀၀ အထိ ထွက်ရှိလျက်ရှိပြီး ပြည်ပမှမျိုးယူစိုက်ပျိုးခဲ့သည့်   ကနဦး  ကိုင်းဆက် ထောပတ်ပင်များ အသီးများထွက်ပေါ်ခဲ့၍  ယခုနှစ် တွင်   ထွက်နှုန်းကောင်းသော်လည်း    ရာသီဥတု ပြောင်းလဲမှုနှင့် သွင်းအားစုစရိတ် ကြီးမြင့်မှုတို့ကြောင့် ပယ်သီးများခဲ့ရာ ပြည်တွင်းဈေးကွက်သို့ ယခုနှစ်ကုန် ပိုင်းတွင် ပိုမိုဝင်‌ရောက်လျက်ရှိသည်။


ကမ္ဘာ့ဈေးကွက်တွင် ထောပတ်သီး  တစ်ကီလို လျှင်  ကန်ဒေါ်လာ  ငါးဒေါ်လာအထိ   အမြင့်ဆုံးရရှိ လျက်ရှိပြီး   မြန်မာ့ထောပတ်သီးကို    ပြည်ပသို့ လေကြောင်းဖြင့်  ပို့ဆောင်စရိတ်မှာ  တစ်ကီလိုလျှင် သုံးဒေါ်လာရှိသည့်အတွက် ရေကြောင်းဖြင့် ပို့ဆောင် နိုင်ပါက ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။  ၂၀၂၂  ခုနှစ်တွင်    ကိုင်းဆက်စိုက်ပျိုး ထုတ်လုပ်မှုမှ   ပြည်ပ   ဈေးကွက်ဝင်ထောပတ်သီး တန်ချိန် ၁၅၀၀ ခန့် တင်ပို့နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၂၅၀၀ ခန့်တင်ပို့နိုင်ရန် ထောပတ်စိုက်ပျိုး ထုတ်လုပ်သူများက ခန့်မှန်းထားခြင်းဖြစ်သည်။


နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာမည်


ဥရောပထောပတ်သီးဈေးကွက်သို့   ပီရူးနိုင်ငံမှ အများဆုံးတင်ပို့လျက်ရှိရာ   မြန်မာ့ထောပတ်သီး အရည်အသွေးကို   ကုန်စည်ပြပွဲတစ်ခု၌   ကမ္ဘာ့ ဈေးကွက်သို့ တင်ပို့နေသည့်နိုင်ငံတစ်ခုမှ စိတ်ဝင် တစားလေ့လာခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံတို့မှ ပြည်ပ နိုင်ငံများသို့   ထောပတ်သီးများ   တင်ပို့လျက်ရှိပြီး ဈေးကွက်သစ်များ ပွင့်လန်းလာလျက်ရှိသည့် မြန်မာ ထောပတ်သီးအား သယ်ယူပို့ဆောင်စရိတ်သက်သာစေခြင်း၊ တရားဝင်ပို့ဆောင်ခွင့်ရရှိခြင်းနှင့် ဈေးကွက် ခိုင်မာခြင်းတို့ဖြင့် နိုင်ငံတော်အတွက် အခွန်ငွေရရှိစေ မည့်အပြင် စိုက်ပျိုးတောင်သူတို့အနေဖြင့်  တိုးမြှင့် စိုက်ပျိုးထုတ်လုပ်မှုမှ နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာမည် ဖြစ်သည်။ တစ်ချိန်တွင် မြန်မာ့ထောပတ်သီးသည် နိုင်ငံ၏ထုတ်ကုန်ဖြစ်သော ဆန်စပါး၊ ပဲမျိုးစုံကဲ့သို့ ပို့ကုန်ပစ္စည်း   အမယ်တစ်ခုအဖြစ်   ထောပတ်သီး တစ်ခေတ် ဆန်းသစ်စေမည့် လင်းရောင်ခြည်များ ယှက်သန်းလျက်ရှိကြောင်း သိရသည်။


ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး