ပျော်မဆုံး မော်မဆုံး ဘောလုံးကစားကြမည်

Type

 

အားကစားဝါသနာရှင်တစ်ဦး
 

ပလတ်စတစ်ဘောလုံးလေးတစ်လုံး ကျွန်တော်ရှိရာသို့ ဝဲပျံလာသည်။ စက်ဘီးကို အသာထိန်းရင်း ခြေတစ်ဖက်ကို ပင့်မြှောက်၍ ဘောလုံးလာရာလမ်းအတိုင်း အသာအယာ ပြန်ကန်ပို့ပေးလိုက်သည်။ “ဟာ”၊ မူလတန်းအရွယ်သားသားလေးနှစ်ဦး၏ အာမေဋိတ် အံ့ဩသံနှင့်အတူ ချီးမွမ်းသံလေးတွေ ညံစီသွားသည်။ ပြီးတော့ သူတို့ ကျွန်တော့်ကို ငေးမောရင်း ကျန်ရစ်ခဲ့သည်။

ကျွန်တော်တို့ငယ်စဉ်ကလည်း သည်လိုပင်။ လူကြီးတွေဘောလုံးကစားကြသည်ကို ညနေတိုင်း ကွင်းဘေးက ငေးမောကြည့်ရင်း အားကျနေမိသည်။ ကျွန်တော်နေထိုင်ရာ   ရပ်ကွက်တွင်   ရွှေခေတ် လူကြီးလူငယ် မြန်မာ့လက်ရွေးစင်ဘောလုံးသမား ဟောင်းကြီးများ၊   ပထမတန်းကစားသမားများ၊ ဝါသနာရှင်  လူငယ်ကစားသမားများဖြင့်    စုဖွဲ့မှု ကောင်းသည်။ သူတို့က ညနေတိုင်းဘောလုံးကစား လေ့ရှိသည်။ ကျွန်တော်ကလည်း ကစားဖော်တွေ စောင့်ရင်း အဖေဝယ်ပေးထားသည့် မှော်ဘီဘောလုံး စက်ရုံထုတ် ၁၆ ကျပ် ပြား ၄၀ တန်း ဒဗလျူဘောလုံး လေးကိုပိုက်ရင်း    ကွင်းဘေးက   ထိုင်ကြည်လေ့ ရှိသည်။
လက်ရွေးစင်များတက်လှမ်းနိုင်ခဲ့
သူတို့ထဲက  ကမ္ဘာကျော်ဘောလုံးသမားကြီး မာရာဒိုနာနှင့် အရပ်အမောင်း၊ ကိုယ်လုံးကိုယ်ပေါက် က  အစတူသည့်   အစ်ကိုကြီးတစ်ဦးကို   အလွန် သဘောကျခဲ့သည်။ Jumping အလွန်ကောင်းသည်။ Control  အလွန်ညက်သည်။   Speed   ကလည်း လှစ်ခနဲ၊ လှစ်ခနဲ။ မြန်မှမြန်။ သူဘောလုံးကစားပုံမှာ အမြဲကြွရွလို့နေသည်။ နောက်ပိုင်းတွင် ပထမတန်း ဆိပ်ကမ်းကလပ်အသင်းတွင် သူပါဝင်ကစားခဲ့သည် အထိအောင်မြင်ခဲ့သည်။ အလားတူပင် ဝါရင့်ကစားသမားကြီးများနှင့်တွဲဖက်၍  လိုက်ပါကစားခဲ့ကြ သော ဝါသနာရှင်လူငယ်အချို့မှာလည်း  မြို့နယ် လက်ရွေးစင်၊ ရန်ကုန်တိုင်း လက်ရွေးစင်များအဖြစ် တက်လှမ်းနိုင်ခဲ့ကြပါသည်။
ရပ်ကွက်နေလူကြီးများကလည်း   ဘောလုံး အပါအဝင်   အားကစားလှုပ်ရှားမှုများကို   အထူး အားပေးမြှောက်စားခဲ့ကြသည်။ ယခုလို ဒီဇင်ဘာလ၊ ဇန်နဝါရီလဆိုလျှင်  ရပ်ကွက်ထဲတွင်   ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ထုပ်စည်းတိုးပြိုင်ပွဲ၊ အပြေး ပြိုင်ပွဲစသည်ဖြင့် အားကစားပြိုင်ပွဲမျိုးစုံကို စည်ကားသိုက်မြိုက်စွာ ကျင်းပပေးလေ့ရှိသည်။
ကွင်းလေးဖက်အပြည့်အလျှံအားပေး
ဘောလုံးပြိုင်ပွဲဆိုလျှင် ကျွန်တော်တို့ မူလတန်း အရွယ်ကလေးများအတွက် ၄ ပေ ၉ လက်မ၊ ၅ ပေ ၂ လက်မဘောလုံးပြိုင်ပွဲလေးများကို နှစ်စဉ်မပျက် မကွက် ကျင်းပပေးသည်။  မည်ကာမတ္တ   တော်ရိ လျော်ရိကျင်းပပေးခြင်းမျိုး  မဟုတ်ပါ။  ဒိုင်လူကြီး ဆိုလျှင်  ရပ်ကွက်တွင်နေထိုင်သည့်   မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဒိုင်လူကြီးတစ်ဦးက  ဖွင့်ပွဲနှင့် ဗိုလ်လုပွဲအပါအဝင်   ပွဲကြီးပွဲကောင်းပွဲစဉ်များကို ကိုယ်တိုင်ပါဝင်ကြီးကြပ်ပေးခဲ့သလို အခြားသူများ ကိုလည်း  ဒိုင်လူကြီးသင်တန်း   ပို့ချပေးခဲ့ပါသည်။ လက်ရွေးစင်ဟောင်းကြီး   အချို့ကမူ    နီးစပ်ရာ အသင်းများတွင် နည်းပြအဖြစ် စေတနာ့ဝန်ထမ်းပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။ သို့ဖြင့်ပြိုင်ပွဲ မှာ အကြိတ်အနယ်ရှိလှသလို ပရိသတ်မှာလည်း ကွင်းလေးဖက် လေးလံအပြည့်အလျှံကြိတ်ကြိတ် တိုးအားပေးလေ့ရှိကြသည်။ 
ကျွန်တော်တို့ ကလေးသူငယ်များအဖို့မှာလည်း ထိုပြိုင်ပွဲက ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတမျှ အရေး ပါလှသည်။ အုပ်စုပွဲစဉ်ကို ကျော်ဖြတ်နိုင်ပြီဆိုပါက ပျော်လို့မဆုံး၊ မော်လို့ မဆုံးနိုင်ဖြစ်ရသကဲ့သို့ အုပ်စု အဆင့်က ထွက်ရပြီဆိုပါကလည်း မျက်ရည်စက် လက် ဝမ်းနည်းပက်လက်ဖြစ်၍မဆုံး။ ထိုသို့ ရပ်မိ ရပ်ဖ   ရပ်ကွက်လူကြီးများ၊   လက်ရွေးစင်ဟောင်း ကြီးများ၊   ဘောလုံးအားကစားဝါသနာရှင်များ၏ မြေတောင်မြှောက်အားပေးမှုများကြောင့် ကျွန်တော် နှင့်   ခေတ်ပြိုင်ကလေးငယ်များသည်    ထွန်းထွန်း ပေါက်ပေါက်   မဖြစ်ခဲ့သည့်တိုင်    အားကစားကို ချစ်မြတ်နိုးသည့်စိတ်က ဘဝတစ်လျှောက်လုံးတွင် ပန္နက်ရိုက်လိုက်သလို စွဲမြဲခိုင်မာသွားခဲ့ပါသည်။
ထိုမှအစပြု၍ ဘောလုံးမှဘောလုံး၊ နေပူမရှောင် မိုးရွာမရှောင်၊ နေ့နေ့ညည၊ အချိန်မရွေး နေရာမရွေး ဆယ်စုနှစ်ပေါင်းများစွာ      ပျော်မဆုံးမော်မဆုံး ဘောလုံးကစား   ဖြစ်ခဲ့ကြသည်။  ယခုအသက် ၅၀ ကျော်သည့်တိုင်    ရံဖန်ရံခါငယ်သူငယ်ချင်းများ၊ ရပ်ကွက်အတွင်းရှိ  လူငယ်များနှင့်   ဖူဆယ်ကစား လို့ကောင်းဆဲပင်။
“ဦးလေးက   ကစားနိုင်သေးတယ်နော်” ဟု လူငယ်အချို့ကဆိုပါလျှင် ကျွန်တော်သည် ငယ်စဉ် ကလေးဘဝကတည်းက အားကစားလိုက်စားလာ စေရန် မြေတောင်မြှောက် ပြုစုပျိုးထောင်ပေးခဲ့ကြ ပါသော တစ်ချိန်ကလူကြီးမိဘများကို အမှတ်တရ တမ်းတမိပါသည်။  လူကြီးမိဘများ၏   ဦးဆောင် လမ်းပြမှုများကြောင့်   ဘောလုံးကိုအပျော်တမ်း အဆင့်၊  ဝါသနာရှင်အဆင့်ဖြင့်   ဆယ်စုနှစ်ပေါင်း များစွာကစားခဲ့ရာမှ ကျွန်တော့်တွင် ယခုအသက် ၅၀ ကျော်  အရွယ်အထိ ဆီးချိုမရှိ၊ သွေးတိုးမရှိ၊ နှလုံး၊ အဆုတ်တို့နှင့်ပတ်သက်သည့် ရောဂါမရှိသေး။ အချို့   သက်တူရွယ်တူ   အဝလွန်ဗိုက်ပူမိတ်ဆွေ သူငယ်ချင်းများကြားတွင်လည်း  ပိန်ပိန်ပါးပါး၊ စိတ်သွားတိုင်း ကိုယ်ပါ  လိုရာကို  မမောမပန်းနိုင် သွားလာနိုင်ဆဲဖြစ်ရသည်။
ဒ‌ဗလျူစိတ်ကြွဆေးဝါးများ လက်တည့်သုံးစွဲလာ
တစ်ချိန်က ရပ်မိရပ်ဖလူကြီးမိဘများ၏ ကျေးဇူး တရားများက ဤမျှမကပါ။ ၁၉၈၀ ကျော်ကာလ ကျွန်တော်တို့ ဆယ်ကျော်သက်အရွယ် လူငယ်ဘဝ တွင် အရက်၊  ဆေးခြောက်၊  ဖန်စီဒိုင်း၊  ကွန်မက် သာဇင်၊   ဒဗလျူစိတ်ကြွရူးသွပ်ဆေးဝါးများက လူငယ်များကြားတွင် ခေတ်စားလာသည်။ သူငယ် ချင်းအချို့အရက်၊ ဆေးခြောက်နှင့် ဒ‌ဗလျူစိတ်ကြွ ဆေးဝါးများကို လက်တည့်စမ်း မှီဝဲသုံးစွဲလာကြသည်။ 
အခြားသူများကိုလည်း သူတို့နည်းတူ စိတ်ပါလာ အောင် ဆွဲဆောင်စည်းရုံးခဲ့ကြသည်။ အချို့လည်း သူတို့ ဆွဲဆောင်ရာနောက် ကောက်ကောက်ပါသွား ပြီး  လက်တည့်စမ်းသုံးစွဲကြရာမှ  မသုံးရမနေနိုင် သည့် မူးယစ်ဆေးဝါး၏သားကောင်ဘဝသို့ ရောက် မှန်းမသိရောက်သွားရင်း ရောဂါပေါင်းစုံ စွဲကပ်ကာ ငယ်ငယ်ရွယ်ရွယ်နှင့်  အသက်ဆုံးရှုံးသွားခဲ့ရသည့် သူငယ်ချင်းအချို့လည်း ရှိခဲ့သည်။
ကျွန်တော်ကမူ ရပ်ကွက်ထဲက လူကြီးအချို့ ခေါ်လေ့ရှိသည့် “ဘောရူး”ဟူသည့်အတိုင်း ကလေး ဘဝကလည်း ကစားဖော်တွေရှိရှိ၊ မရှိရှိ ဘောလုံး တစ်လုံးနှင့် မိုးချုပ် နေဝင်သည်အထိ တစ်ယောက် တည်းဘောလုံးကို တော့လိုက်ကန်လိုက်၊ လေ့ကျင့် လိုက်နှင့်။  ဆယ်ကျော်သက်အရွယ်   လူငယ်ဘဝ ရောက်တော့လည်း မြို့နယ်ဥက္ကဋ္ဌဖလား ရပ်ကွက် ပေါင်းစုံဘောလုံးပြိုင်ပွဲတွင် ရပ်ကွက်လက်ရွေးစင် အဖြစ် ရွေးချယ်ပါဝင်ခွင့်ရ၍  ညနေတိုင်း  ထရိန်နင် ဆင်းလိုက်၊ ခြေစမ်းပွဲတွေကစားလိုက်နှင့် ဘောလုံး ကစားဖို့သာ   စိတ်ထဲရှိနေခဲ့၍   ရှောင်လေဝေးဝေး မူးယစ်ဆေးဟူသည့်ဆောင်ပုဒ်နှင့်အညီ မူးယစ်ဆေး ဝါးအန္တရာယ်ကျော့ကွင်းမှ လွတ်ကင်းခဲ့ပါသည်။
ယနေ့မျက်မှောက်ကာလတွင် မူးယစ်ဆေးဝါး အန္တရာယ်က မြန်မာအပါအဝင် ကမ္ဘာတစ်ခွင်  ပို၍ ကြီးမားလာသည်။ ခေတ်မီဓာတုဆေးဝါးများဖြင့်ပေါင်းစပ်ထုတ်လုပ်ထားသည့် စိတ်ကြွရူးသွပ်ဆေးဝါး များက  သုံးစွဲမိသူများကို   မသုံးရမနေနိုင်အောင် စွဲလမ်းစေသကဲ့သို့    အသက်အန္တရာယ်ကိုလည်း အချိန်တိုအတွင်း ဆုံးရှုံးထိခိုက်စေပါသည်။
မိတ်ဆွေတစ်ဦး၏ သားတစ်ဦးဆိုပါလျှင် အပေါင်း အသင်းမှားပြီး စိတ်ကြွရူးသွပ်ဆေးစွဲသွား၍လူရုပ် ပင် မပေါက်တော့ဘဲ မျက်ကွင်းများညိုမည်းကာ လူမှာ လည်း မေးရိုးငေါငေါနှင့် တဖြည်းဖြည်းလုံးပါး ပါးလာ သည်။ မိဘများက အချိန်မီသိရှိလိုက်၍သာ မလွန် ခင်တားဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ 
လူငယ်များ     မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေပြီး    ကျန်းမာကြံ့ခိုင်စေရန်အတွက် ငယ်စဉ်ကလေးဘဝကတည်းက      အားကစားကို ဝါသနာပါပြီး လေ့လာလိုက်စားနိုင်စေရန် အားပေး ကြရပါမည်။    ယနေ့   မျက်မှောက်ကာလတွင် နိုင်ငံတော်အစိုးရကလည်း တစ်မျိုးသားလုံး သက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံး ဝင်မည့်ကျန်းမာရေးကဏ္ဍနှင့်   အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးနှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ်   ပါဝင်နိုင်ရေး    ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး   စသည့်လူမှုရေးဦးတည် ချက်များနှင့်အညီ လူငယ်ရေးရာမူဝါဒများ၊ လူငယ် ဖွံ့ဖြိုးရေးအစီအမံများကို   ချမှတ်ဖော်ဆောင်ပေး လျက်ရှိရာ   အထူးသဖြင့်    အားကစားကဏ္ဍတွင် ပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပပေးနေသကဲ့သို့ ဆုရရှိသူများကိုလည်း ထိုက်ထိုက်တန်တန်ချီးမြှင့် မြှောက်စားလျက်ရှိပါသည်။
ဘောလုံးပြိုင်ပွဲများကလည်း    ကျွန်တော်တို့ ငယ်စဉ်ကနှင့်မတူ ပြိုင်ပွဲတွေက မျိုးစုံလှပါသည်။ သက်တမ်းအလိုက်ပြိုင်ပွဲများ၊ တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ပြိုင်ပွဲများ၊ ကျောင်းသားအားကစား ပွဲတော်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)၊ ဝန်ကြီးဌာန ပေါင်းစုံစသဖြင့် ထူးချွန်လျှင်ထူးချွန်သလို အဆင့် ဆင့်တက်လှမ်းနိုင်မည့် လှေကားထစ်များက အရန် သင့်။ မိဘများကလည်း မိမိရင်သွေးငယ်များ ငယ်စဉ် ကတည်းက အားကစားကို ဝါသနာပါပြီး  လေ့လာ လိုက်စား၊ ဆော့ကစားနိုင်စေရန် နည်းပေးလမ်းပြ ပြုစုပျိုးထောင်ပေးကြရန်လိုအပ်ပါသည်။ KG မူလ တန်းကလေးငယ်များကို     လက်ကိုင်ဖုန်းအစား ဘောလုံး၊ ဘက်တံ၊ ကြက်တောင်၊ ခြင်းလုံးစသည့် အားကစားပစ္စည်းများ၊ အားကစားဝတ်စုံ၊ ကင်းပတ် ဖိနပ် စသည့်အားကစားအသုံးအဆောင်ပစ္စည်းများ ဝယ်ပေးခြင်းဖြင့် ရင်သွေးငယ်များကို ငယ်စဉ်ကလေး ဘဝကတည်းက    အားကစားလှုပ်ရှားမှုများတွင်   ဝါသနာပါလာစေရန် ပြုစုပျိုးထောင်ပေးကြရပါမည်။
 ဒဗလျူဘောလုံးလေးကိုအမှတ်ရလာ
ငယ်စဉ်က အဖေဝယ်ပေးခဲ့သော ၁၆ ကျပ် ပြား ၄၀ တန် ဒဗလျူဘောလုံးလေးကို ကျွန်တော်အမှတ် ရလာသည်။ ထိုဘောလုံးလေးက ကျွန်တော့ဘဝကို ယခုတိုင်   ကျန်းကျန်းမာမာ   နေထိုင်ခွင့်ရအောင်၊ မူးယစ်ဆေးဝါးအန္တရာယ်မှ လွတ်ကင်းအောင်၊ အနိုင် မခံအရှုံးမပေးသော ဇွဲသတ္တိများ၊ အားကစားစိတ်ဓာတ် များ တိုးပွားစေအောင် လမ်းပြပေးခဲ့ပါသည်။
ယခု အသက် ၃၈ နှစ်အရွယ်တိုင် ဆော်ဒီကလပ် အယ်လ်အယ်လ်နက်ဆာအသင်းတွင် ခြေစွမ်းတွေ ပြပြီး ဂိုးတွေသွင်းယူနေဆဲ ခရစ္စတီယာဒိုရိုနယ်ဒို (CR7) သည်ပင်လျှင်  သားဖြစ်သူ   ဂျူနီယာရိုနယ်ဒို ကို သူ့နည်းတူ ကမ္ဘာကျော်ဘောလုံးသမားတစ်ဦး ဖြစ်လာစေရန်    ဖုန်းကိုင်ဆောင်သုံးစွဲခွင့်မပြုဘဲ လက်ရှိ ဂျူနီယာကလပ်အသင်းအဆင့်တွင် ဘောလုံး အားကစားတစ်ခုတည်းကိုသာ အချိန်ပြည့်အာရုံစိုက် ကစားနိုင်အောင်    ပြုစုပျိုးထောင်ပေးထားသည် မဟုတ်ပါလား။     ။