၁။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် မြန်မာနိုင်ငံနှင့် မြန်မာ့ လူ့အဖွဲ့အစည်း၏ အကျိုးစီးပွားအလို့ငှာ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ စီမံအုပ်ချုပ်ရေးမဏ္ဍိုင်ကြီးများနှင့်အတူ တည့်မတ်ခိုင်မာသည့် စတုတ္ထ မဏ္ဍိုင်အဖြစ် ဟန်ချက်ညီစွာ ပေါင်းစည်းလျက် မီဒီယာကဏ္ဍ၏ ရပ်တည်မှုခိုင်မာရေးကို ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။
၂။ ယခုအခါ နိုင်ငံငြိမ်းချမ်းရေး၊ နိုင်ငံတည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးဟူသော အမျိုးသားရေး လိုအပ်ချက်များကို မဏ္ဍိုင်ကြီးများ အားလုံးမှ ပဓာနပြုကြိုးပမ်းနေကြရာတွင် မီဒီယာမဏ္ဍိုင်သည်လည်း မိမိတို့၏ သတင်းမီဒီယာဥပဒေ၊ သတင်းမီဒီယာကျင့်ဝတ်များအား မြဲမြံစွာစောင့်ထိန်းလျက် အတူတကွ ကြိုးပမ်းအကောင်အထည် ဖော်ကြရမည့်ကာလ ဖြစ်ပါသည်။ သို့ရာတွင် သတင်းဌာနအချို့သည် သတင်းမီဒီယာဥပဒေ၊ သတင်းမီဒီယာကျင့်ဝတ်များကို ချိုးဖောက် လျက် မြန်မာ့လူ့အဖွဲ့အစည်း၏ ပဋိပက္ခများ ပိုမိုကြီးထွားလာစေရန် လုပ်ဆောင်နေကြသဖြင့် နိုင်ငံတော်မှ ယင်းသတင်းဌာနများကို လိုင်စင်ပိတ်သိမ်းလျက် တရားမဝင်သတင်းဌာနများအဖြစ် ကြေညာ ခဲ့ပြီးဖြစ်ပါသည်။
၃။ သို့ဖြစ်ရာ သတင်းမီဒီယာသမားများသည် အဆိုပါ လိုင်စင် ပိတ်သိမ်းခံထားရသည့် တရားမဝင်သတင်းဌာနများနှင့် ဆက်သွယ် ခြင်း၊ သတင်းပေးပို့ခြင်းများကြောင့် ဖြစ်ပေါ်လာမည့် တည်ဆဲဥပဒေ၊ သတင်းမီဒီယာဥပဒေ၊ သတင်းမီဒီယာကျင့်ဝတ် ချိုးဖောက်မှုများ ဆိုင်ရာ အငြင်းပွားမှုများကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အနေဖြင့် တာဝန်ခံညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးမည် မဟုတ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ