လွှတ်တော်ကိုယ်စားလှယ်များ လျှောက်လှမ်းရမည့် နိုင်ငံရေးခရီး

Type
5

 

နိဒါန်း
မြန်မာနိုင်ငံသည် နိုင်ငံရေးစနစ်အမျိုးမျိုးကို ဖြတ်သန်းရင်း ပါလီမန် လွှတ်တော်များအတွင်း နိုင်ငံရေးသဘောထားကွဲလွဲမှုများမှ လက်နက် ကိုင် ဆန့်ကျင်မှုများကြောင့် ပြည်တွင်းစစ်ဖြစ်ပွားခဲ့ရပါသည်။ မြန်မာ့ နိုင်ငံရေးခရီးလမ်းသည် ခါးသီးသော ပြည်တွင်းစစ်နှင့်အတူ ယနေ့ အချိန်ထိ နိုင်ငံရေး ရင့်ကျက်တည်ငြိမ်မှုရရှိရန် လိုအပ်နေဆဲဖြစ်ပါသည်။ နိုင်ငံရေး     တည်ငြိမ်ရင့်ကျက်နိုင်ရန်အတွက်    နိုင်ငံရေးပါတီများ တောင့်တင်းခိုင်မာဖို့ လိုအပ်ပါသည်။  ပါတီမူဝါဒ  လမ်းစဉ်ကောင်း ကောင်းဖြင့် လူတော်လူကောင်းများကို လေ့ကျင့်တည်ဆောက်ကာ မြန်မာ့နိုင်ငံရေးကို        ထိန်းကျောင်းပဲ့ကိုင်နိုင်ဖို့    လိုအပ်ပါသည်။ ထိုနိုင်ငံရေးပဲ့ကိုင်ရှင်များသည်        နိုင်ငံရေးသမား    လွှတ်တော် ကိုယ်စားလှယ်များပင် ဖြစ်ပါသည်။ 
မြန်မာနိုင်ငံတွင်    လွတ်လပ်ရေးရရှိပြီးချိန်မှစ၍  ၁၉၅၈  ခုနှစ် အထိ ကာလတွင်  ဖဆပလအဖွဲ့က ဖွဲ့စည်းခဲ့သော  အစိုးရအဖွဲ့များက အုပ်ချုပ်ခဲ့သဖြင့်   ထိုကာလကို  ဖဆပလခေတ်ဟု ခေါ်ဆိုခဲ့သည်။ လွတ်လပ်ရေးရပြီးစအချိန်တွင်  ဖဆပလအဖွဲ့သည် အင်အားကောင်း ခဲ့သော်လည်း နောက်ပိုင်း၌ ခေါင်းဆောင်များအတွင်း သဘောထား ကွဲလွဲမှုများ ပေါ်ပေါက်လာခဲ့သည်။ ၁၉၅၈ ခုနှစ် မေလတွင် ဦးနုနှင့် သခင်တင်တို့ ဦးဆောင်သည့် သန့်ရှင်းဖဆပလနှင့် ဦးကျော်ငြိမ်းနှင့် ဦးဘဆွေတို့ ဦးဆောင်သည့် တည်မြဲဖဆပလဟူ၍ နှစ်ခြမ်းကွဲခဲ့သည်။ ၁၉၅၈ ခုနှစ် ဇွန်လတွင် ဦးနုခေါင်းဆောင်သော အစိုးရအဖွဲ့ကို အယုံ အကြည်မရှိကြောင်း    တည်မြဲဖဆပလအဖွဲ့က      ပါလီမန်အထူး အစည်းအဝေးကျင်းပပြီး အဆိုတင်သွင်း၍ မဲခွဲရာ ထောက်ခံမဲ ၁၁၉ မဲ၊ ကန့်ကွက်မဲ ၁၂၇ မဲဖြင့်  သန့်ရှင်းဖဆပလက   အနိုင်ရခဲ့သည်။ အနိုင်ရရှိခြင်းမှာ    ရခိုင်အမျိုးသားညီညွတ်ရေးအဖွဲ့နှင့်       ပြည်သူ့ အမျိုးသားညီညွတ်ရေးတပ်ဦး အပါအဝင်  ပမညတတို့ကို   အပေး အယူပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ဖဆပလအဖွဲ့ကြီး  အကွဲအပြဲ ကြောင့်    ရောင်စုံသောင်းကျန်းသူများ၏     တိုက်ပွဲများ ပေါ်ပေါက် လာခဲ့သည်။    နိုင်ငံရေးလိုက်လျောမှုအနေဖြင့်    တောခိုသူတိုင်းအား လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေနှင့် လက်နက်ချအဖွဲ့အစည်းများအား တရားဝင်ထူထောင်ခွင့်ပေးသည့်အမိန့်ကို ၁၉၅၈ ခုနှစ်  ဩဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဝန်ကြီးချုပ်ဦးနုက နိုင်ငံတော်၏ အခြေအနေအရပ်ရပ် ယိမ်းယိုင်လာခြင်းကြောင့် ၁၉၅၈ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ပါလီမန်ရွေးကောက်ပွဲကို ၁၉၅၉ ခုနှစ် ဧပြီလသို့ ရွှေ့ဆိုင်းကြောင်း ကြေညာခဲ့ပြီး ၁၉၅၈ ခုနှစ်  အောက်တိုဘာလ  ၂၈ ရက်နေ့တွင် နိုင်ငံတော်အတွင်း ငြိမ်ဝပ်ပိပြားမှုပြန်လည်ရရှိရေးနှင့်  တရားဥပဒေ စိုးမိုးရေး၊ လွတ်လပ်၍တရားမျှတသော  ရွေးကောက်ပွဲများ ကျင်းပ ပေးနိုင်ရေးအတွက်  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဦးဆောင်  သည့် အိမ်စောင့်အစိုးရထံ နိုင်ငံတော်အာဏာကို လွှဲပြောင်းပေးခဲ့သည်။
အိမ်စောင့်အစိုးရသည်   အာဏာလွှဲပြောင်းယူစဉ်က   ပါလီမန် ရွေးကောက်ပွဲများ ခြောက်လအတွင်း ကျင်းပနိုင်လိမ့်မည်ဟု မျှော်မှန်း ခဲ့သော်လည်း  လက်တွေ့တာဝန်ဝတ္တရားများ ထမ်းဆောင်ရသည့် အခါ ခြောက်လအတွင်း ရွေးကောက်ပွဲကျင်းပပေးရန် မဖြစ်နိုင်သဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၁၆၆ ကို     လွှတ်တော်ကပြင်ဆင်ပေးပြီး    သက်တမ်းတိုးမြှင့်    တာဝန် ထမ်းဆောင်စေခဲ့သည်။ အိမ်စောင့်အစိုးရသည် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကို ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် လည်းကောင်း၊ လူမျိုးစုလွှတ်တော်ရွေးကောက်ပွဲကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင်လည်းကောင်း ကျင်းပပေးခဲ့ပြီး ရွေးကောက်ပွဲ အနိုင် ရသော သန့်ရှင်းဖဆပလအဖွဲ့အား နိုင်ငံတော်အာဏာ  လွှဲပြောင်း ပေးအပ်ခဲ့သည်။
 ၁၉၆၀ ပြည့်နှစ် ဧပြီလ  ၄  ရက်နေ့တွင် အိမ်စောင့်အစိုးရက နိုင်ငံတော်အာဏာ အပ်နှင်းခဲ့သော သန့်ရှင်းဖဆပလ ပြည်ထောင်စု အစိုးရ(ပထစ)သည် နိုင်ငံရေးအာဏာလုမှုများ၊ ဦးဗိုလ်သခင်အုပ်စု တိုက်ပွဲများဖြစ်ပွားခဲ့ရပြီး      ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများ၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်   တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ ပြည်သူတို့၏စားဝတ်နေရေးနှင့်  စီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များကို  ရွေးကောက်ပွဲကတိအတိုင်း  အကောင်အထည်ဖော်နိုင်ခြင်း မရှိသဖြင့်  အစိုးရအပေါ်  ပြည်သူတို့၏ ယုံကြည်မှုများ ကင်းမဲ့လာခဲ့ သည်။ လွတ်လပ်ရေးရရှိပြီး ဆယ်နှစ်အတွင်း  အုပ်ချုပ်ရေးယန္တရား လျော့ရဲလာခြင်း၊ ပြည်တွင်း၌ ငြိမ်ဝပ်ပိပြားရေးကျဆင်းလာ၍ ဆူပူ သောင်းကျန်းနေသော    ကွန်မြူနစ်များနှင့်     အခြားလက်နက်ကိုင် သောင်းကျန်းသူများအား နှိမ်နင်းရန်ပျက်ကွက်ခြင်းတို့အပြင် ၁၉၆၀ ပြည့်နှစ်  နိုဝင်ဘာလတွင်  ကူမင်တန်တပ်များ   ကျိုင်းတုံနယ်သို့ ကျူးကျော်ခဲ့ပြီး အမေရိကန်၏ ကူညီထောက်ပံ့မှုများ ရယူဆောင်ရွက် ခဲ့သဖြင့် ကုလသမဂ္ဂထိ တိုင်ကြားခဲ့ရသည်။ ဤအခြေအနေကို အခွင့် ကောင်းယူ၍ ဗကပတို့သည် အစိုးရ၏အားနည်းချက်နှင့် နိုင်ငံရေး အကျပ်အတည်းအပေါ်    ယင်းတို့၏တပ်များကို    တပ်မတော်ထဲသို့ ပူးပေါင်းထည့်သွင်းဖွဲ့စည်းပေးရန်အထိ        တောင်းဆိုလာခဲ့သည်။ ထို့အပြင်    ပဒေသရာဇ်စော်ဘွားအချို့၊   နိုင်ငံရေးပါတီအမတ်အချို့ တို့သည် အင်အားကြီး အနောက်အုပ်စုဩဇာခံ အရှေ့တောင်အာရှ စစ်အုပ်စု ဆီးတိုး(SEATO)နှင့်လျှို့ဝှက်ဆက်သွယ်ပြီး ဆီးတိုး (SEATO) အဖွဲ့ထဲဝင်ရောက်ရေး၊ ပြည်ထောင်စုထဲမှခွဲထွက်ရေး၊ ဖက်ဒရယ်မူဟူ၍ တင်ပြတောင်းဆိုလာခဲ့ကြသည်။  ပထစအစိုးရသည်   ထိုကိစ္စအား ထိရောက်ပြတ်သားစွာ  မဖြေရှင်းခဲ့ဘဲ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြည်မနိုင်ငံရေးခေါင်းဆောင်များ နှီးနှောဖလှယ်ပွဲ ကျင်းပ၍    နှစ်သိမ့်ရန်ကြိုးပမ်းခဲ့သည်။   သန့်ရှင်းဖဆပလ၊   ပထစ အစိုးရ၏   နိုင်ငံရေးဦးဆောင်မှုအပိုင်းနှင့်       ပါလီမန်အမတ်များ၏ အရည်အချင်းနှင့် ဆောင်ရွက်မှု          အားနည်းချက်များကြောင့် ပြည်ထောင်စုကြီးပြိုကွဲပြီး    လွတ်လပ်ရေးနှင့်   အချုပ်အခြာအာဏာ ထိပါးဆုံးရှုံးနိုင်သည်အထိ ဖြစ်ခဲ့ရသည်။ သို့ဖြစ်၍ တပ်မတော်သည် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီကိုဖွဲ့စည်း ပြီး နိုင်ငံတော်အာဏာကို ရယူခဲ့ရသဖြင့် ပါလီမန်ဒီမိုကရေစီစနစ်လည်း ချုပ်ငြိမ်းသွားခဲ့သည်။ 
တော်လှန်ရေးကောင်စီသည် ၁၉၆၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမြုတေပါတီအဖြစ် ဖွဲ့စည်းခဲ့ပြီး ၁၉၆၄ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် အမျိုးသားစည်းလုံးညီညွတ်ရေး ဥပဒေကို  ပြဋ္ဌာန်းကာ  နိုင်ငံရေးပါတီအားလုံးကို  ဖျက်သိမ်းခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို  ပြည်သူ့ပါတီ အဖြစ်ဖွဲ့စည်းခဲ့သည်။  ၁၉၇၄  ခုနှစ်တွင်  ပြည်ထောင်စု ဆိုရှယ်လစ်  သမ္မတမြန်မာနိုင်ငံတော်     ဖွဲ့စည်းပုံအခြေခံဥပဒေကို      ပြဋ္ဌာန်း၍  တစ်ပါတီစနစ်ဖြင့်   ၁၉၈၈  ခုနှစ်အထိ  ၂၆  နှစ်  ကြာမြင့်ခဲ့သည်။ စီးပွားရေးမူဝါဒများ    ယိုယွင်းလာပြီး    ဆင်းရဲကျပ်တည်းမှုများကို အကြောင်းပြု၍    ကွန်မြူနစ်တို့၏   မြေပေါ်မြေအောက်   လှုပ်ရှား ဆောင်ရွက်မှုများနှင့်    အနောက်နိုင်ငံများမှ    ဝင်ရောက်သွေးထိုး စွက်ဖက်မှုများကြောင့် အရေးအခင်းများ ပေါ်ပေါက်လာခဲ့သည့်အတွက် နိုင်ငံတော်တွင်   အဘက်ဘက်မှ   ယိုယွင်းပျက်စီးခဲ့ရသဖြင့် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈  ရက်နေ့တွင်  တပ်မတော်က  နိုင်ငံတော် အာဏာကို ထိန်းသိမ်းတာဝန်ယူခဲ့ရသည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ရန် ရွေးကောက်ပွဲများ ကျင်းပပေးနိုင်ရေးအတွက် နိုင်ငံရေးပါတီများ ဖွဲ့စည်းထူထောင်ခွင့်ပြု ခဲ့သည်။    နိုင်ငံရေးပါတီမျိုးစုံ     အပြိုင်အဆိုင်တည်ထောင်ခဲ့ကြရာ ပါတီပေါင်း  ၂၉၃   ပါတီအထိ      မှတ်ပုံတင်ခဲ့သည်။    တောတွင်း လက်နက်ကိုင်ကွန်မြူနစ်ပါတီ ဗကပ၏ ဒီမိုကရေစီအရေခြုံပါတီများ၊ ပြည်ပြေးဒေါက်တာစိန်ဝင်း၏ NCGUB ယှဉ်ပြိုင်အစိုးရအဖွဲ့မှ ပုဂ္ဂိုလ် များ  ပါဝင်သည့်   ပါတီများ  စသည်ဖြင့်   လက်ဝဲလက်ယာပါတီမျိုးစုံ ပါဝင်ခဲ့သည်။ ဥပဒေနှင့်ညီညွတ်မှုမရှိသော ပါတီများကို ငြင်းပယ်ခြင်း၊ ရပ်တည်နိုင်မှုမရှိခြင်းကြောင့်   ဖျက်သိမ်းခဲ့ရခြင်း  စသည်ဖြင့် ပါတီ ၁၂၄ ပါတီကို ဖျက်သိမ်းခဲ့ရသည်။ ၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့ တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ၉၃ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၂၇ ပါတီမှ    ကိုယ်စားလှယ်  ၄၇၉ ဦး၊   တစ်သီးပုဂ္ဂလ   ခြောက်ဦး ရွေးကောက်တင်မြှောက်ခံခဲ့ရပါသည်။      ယင်းရွေးကောက်ပွဲသည် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက် ကျင်းပပြုလုပ်သော ရွေးကောက်ပွဲကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းပြီး ဥပဒေ နှင့်အညီ     ပါတီစုံဒီမိုကရေစီအစိုးရများကို    ဖွဲ့စည်းဆောင်ရွက် ကြရန်ဖြစ်သည်။    NLD  ပါတီ   ရွေးကောက်ခံကိုယ်စားလှယ်များက အာဏာလွှဲပြောင်းပေးရန်နှင့်    လွှတ်တော်ခေါ်ယူပေးရန်   အတင်း အကျပ်တောင်းဆို    ဆောင်ရွက်လာပြီး  ဖွဲ့စည်းပုံအခြေခံဥပဒေကို နောက်မှရေးဆွဲမည်ဖြစ်ကြောင်း၊     ယှဉ်ပြိုင်အစိုးရ   ဖွဲ့စည်းရေး ဆွေးနွေးပြင်ဆင်လာကြပြီး အာဏာရယူရေးကို ဆောင်ရွက်လာကြ သည်။ နောက်ပိုင်းတွင် ပြည်ပြေးဒေါက်တာစိန်ဝင်းက  ယှဉ်ပြိုင် အစိုးရကို ဖွဲ့စည်းလာခဲ့သည်။ ၁၉၉၃ ခုနှစ်တွင်   ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေးအတွက် အမျိုးသားညီလာခံကျင်းပခဲ့ရာ အစုအဖွဲ့ ရှစ်ခုတွင် နိုင်ငံတစ်ဝန်းမှ ဒေသစုံ၊  တိုင်းရင်းသားအစုံ၊  လူတန်းစား အလွှာစုံ   ၂၀၇  ဦး၊   ပါတီ ဆယ်ပါတီမှ    ကိုယ်စားလှယ်  ၄၉    ဦး၊ ရွေးကောက်ခံရသော ကိုယ်စားလှယ် ၁၀၇ ဦး ပါဝင်ခဲ့ရာ NLD ပါတီမှ ကိုယ်စားလှယ်  ၈၀ ကျော် ပါဝင်ခဲ့သည်။ တိုင်းရင်းသားလူမျိုးများ ၂၁၅ ဦး၊  အလုပ်သမား ၄၈ ဦး၊  တတ်သိပညာရှင် ၄၁ ဦး၊  တောင်သူ လယ်သမား  ၉၁  ဦး၊    နိုင်ငံ့ဝန်ထမ်း  ၉၂ ဦးနှင့် အခြားဖိတ်ကြား သင့်သောပုဂ္ဂိုလ် ၅၇ ဦးတို့      တက်ရောက်ခဲ့ကြပါသည်။ ၁၉၉၅ ခုနှစ်တွင် NLD  ပါတီကိုယ်စားပြု    ညီလာခံကိုယ်စားလှယ်ငါးဦးနှင့် ရွေးကောက်ပွဲတွင် ရွေးချယ်ခံအစု အဖွဲ့မှ  NLD ပါတီကိုယ်စားလှယ် ၈၁ ဦး စုစုပေါင်း ၈၆ ဦးတို့ ညီလာခံမှ သပိတ်မှောက်၍ ထွက်ခွာခဲ့ကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ ရေး အမျိုးသားညီလာခံသည် ၁၉၉၆ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ရပ်နားခဲ့ရသည့်အတွက် ၁၉၉၀ ပြည့်နှစ်     အထွေထွေရွေးကောက်ပွဲ ရလဒ်များ    ပျက်ပြယ်ခဲ့ရသည်။ ပြည်သူများရွေးချယ်ခဲ့သော  ဆန္ဒမဲ များ အဟောသိကံဖြစ်ခဲ့ရသည်။ ၁၉၉၀  ပြည့်နှစ်     ရွေးကောက်ခံ ကိုယ်စားလှယ် နိုင်ငံရေးသမားများ နိုင်ငံရေးအမြော်အမြင်နည်းပါးမှုနှင့်      လုပ်နိုင်ကိုင်နိုင်စွမ်းမရှိခြင်းကြောင့်    ပါတီစုံဒီမိုကရေစီစနစ်သို့    လျှောက်လှမ်းရာတွင် အချိန်ကြန့်ကြာခဲ့ပြီး လမ်းပျောက်ခဲ့ရသည်။ 
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်         ဖွံ့ဖြိုးရေးကောင်စီ တပ်မတော်အစိုးရသည်    နိုင်ငံတော်ရှေ့ဆက်မည့် ရှေ့လုပ်ငန်းစဉ် ခုနစ်ရပ် ချမှတ်၍ အမျိုးသားညီလာခံကို ၂၀၀၄ ခုနှစ် မေလ ၇ ရက်နေ့ တွင် ပြန်လည်ကျင်းပခဲ့ပြီး  ၂၀၀၈ ခုနှစ်တွင်   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုခဲ့သည်။ စစ်ဘက်အုပ်ချုပ်ရေးမှ အရပ်ဘက်အုပ်ချုပ်ရေးစနစ်ဖြစ်သည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို    လျှောက်လှမ်းနိုင်ရန်အတွက်   ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ များ ကျင်းပပြုလုပ်ခဲ့သည်။ အနိုင်ရရှိခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်    ဖွံ့ဖြိုးရေးပါတီအား  နိုင်ငံတော်အာဏာကို  လွှဲပြောင်းပေးအပ် ခဲ့ပါသည်။ ထိုအချိန်ကာလတွင် နိုင်ငံတစ်ဝန်း အေးချမ်းတည်ငြိမ်မှုများ နှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်ကောင်းများ ရရှိခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံရေးခရီးလမ်းကို ဆက်လက်လျှောက်လှမ်းကြမည့် ပါတီစုံဒီမိုကရေစီအစိုးရများနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အခြေခံလမ်းကြောင်းအတိုင်း  ပြည်သူ များ၏ စားဝတ်နေရေးနှင့် လုံခြုံရေးကိုအာမခံ၍  ဒေသတွင်း စီးပွား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို    အချိန်ကိုက်ဆောင်ရွက်ကြပြီး ဒီမိုကရေစီအခြေခံအုတ်မြစ်များချမှတ်ကာ   အသွင်ကူးပြောင်းရေး လုပ်ငန်းများကို ရေရှည်ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များကို အသားကျ အောင် အခြေချတည်ဆောက်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အဆင့်လိုက် ရေရှည်ပြောင်းလဲ ဖော်ဆောင်ကြရမည်ဖြစ်သော်လည်း ဒီမိုကရေစီနိုင်ငံရေး      အတွေ့အကြုံမရင့်ကျက်မီ      နိုင်ငံတကာ အဖွဲ့အစည်းမျိုးစုံနှင့် Myanmar Egress ကဲ့သို့ ပြည်တွင်းအဖွဲ့အစည်း များ၏ အကြံပေးတိုက်တွန်းမှုအမျိုးမျိုးတို့အပြင်   ပြည်ပနိုင်ငံကြီး များ၏အလိုကျ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အမျိုးသားရင်ကြား စေ့ရေး  စသည်ဖြင့်   ကဏ္ဍစုံတွင်   ယင်းတို့၏  ဩဇာလွှမ်းမိုးနိုင်ရေး အတွက်   ဝင်ရောက်အခြေတည်ဆောင်ရွက်ခဲ့မှုများကြောင့်   အချို့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို     အချိန်မတိုင်မီ ဆောလျင်စွာ ဆောင်ရွက်ခဲ့သည့်အတွက် ဥပဒေပြုလွှတ်တော်များနှင့် အုပ်ချုပ်ရေးအစိုးရအဖွဲ့များအတွင်း သဘောထားကွဲလွဲမှုများနှင့် လွှတ်တော်တွင်း ဥပဒေပြုရေးအဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ   အားပြိုင်မှုများ ဖြစ်ပွားခဲ့ရသည်။     စည်းလုံးညီညွတ်ရေး   ပျက်ပြားသည်သာမက ဆယ်နှစ်တာကာလအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန် လျော့ပါးခဲ့ရသည့်အပြင် NLD အစိုးရလက်ထက်တွင် နိုင်ငံတော်၏ လုံခြုံရေးနှင့် အချုပ်အခြာအာဏာကိုပါ ထိပါးလာနိုင်သည့် လူမျိုးရေး ပြဿနာများမှ နိုင်ငံတကာတရားရုံး (ICJ)  သို့  ရောက်ရှိခဲ့ရသည်။ ထို့အပြင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတကာအဖွဲ့အစည်းအချို့နှင့် နိုင်ငံကြီးအချို့  စွက်ဖက် ဆောင်ရွက်မှုများကြောင့်       ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အခက်အခဲဖြစ်စေမည့် မဲမသမာမှုဖြစ်စဉ်များဖြစ်ပွားခဲ့ရသည်။  NLD ပါတီသည် မဲစာရင်းမှားယွင်းမှုများကို   ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိဘဲ လွှတ်တော်များခေါ်ယူ၍ နိုင်ငံတော်အာဏာကို မတရားရယူ လိုမှုများကြောင့်   ဖွဲ့စည်းပုံအခြေခံဥပဒေ   ၂၀၀၈    ခုနှစ်နှင့်အညီ နိုင်ငံတော်တာဝန်ကို တပ်မတော်မှ  လွှဲပြောင်းရယူဆောင်ရွက်ခဲ့ရ သည်။ NLD ပါတီအနေဖြင့်  နိုင်ငံရေးပြဿနာများကို   ဒီမိုကရေစီ နည်းလမ်းတကျ    နိုင်ငံရေးနည်းဖြင့်မဖြေရှင်းဘဲ    လက်နက်ကိုင် ဆူပူသောင်းကျန်းသည့်  နည်းလမ်းများဖြင့် ဖြေရှင်းခဲ့မှုများကြောင့် မြန်မာ့နိုင်ငံရေးခရီးလမ်းသည်   ယနေ့ထိတိုင်    လက်နက်ကိုင်အဖွဲ့ အစည်းများ၏ တိုက်ပွဲများနှင့်အတူ လျှောက်လှမ်းခဲ့ရပါသည်။
ပါတီစုံဒီမိုကရေစီခေတ် (၂၀၁၀ - ၂၀၂၀ ပြည့်နှစ်) ပထမအကြိမ်နှင့် ဒုတိယအကြိမ်  လွှတ်တော်သက်တမ်းကာလများတွင် လွှတ်တော်ကိုယ်စားလှယ်အချို့အနေဖြင့်   သဘောတရား၊  အယူဝါဒ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲများနှင့် အရည်အချင်းပြည့်မီမှု   လိုအပ်ချက်များကြောင့် လွှတ်တော်အတွင်း   ဥပဒေပြုရာတွင်  လွဲချော်အားနည်းမှုများရှိခဲ့ ကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုအစိုးရကသာ တင်သွင်းခွင့်ရှိသည့် ပြည်ထောင်စု အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊  ဥပဒေကြမ်းများကို လွှတ်တော်တွင် ဥပဒေပြုတင်သွင်းဆောင်ရွက်ခဲ့ပြီး  လွှတ်တော်ကိုယ်စားလှယ်များ၏ လစာ ဆယ်သိန်းကျပ်အထိ တိုးမြှင့်၍ နေ့စဉ်ထောက်ပံ့ကြေး ကျပ် တစ်သောင်းရရှိရန် ဆောင်ရွက်ခဲ့ခြင်းနှင့်  လွှတ်တော်ကိုယ်စားလှယ် များ   ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း  ၁၀၀၀ နှစ်စဉ်ရယူကာ စည်းရုံးရေးလုပ်ငန်းများနှင့်  ရောယှက်သုံးစွဲနိုင်ရန်  ဥပဒေပြုခဲ့ခြင်း အပါအဝင် နိုင်ငံတော်သမ္မတက သဘောမတူခဲ့သည့် ဥပဒေပြဋ္ဌာန်း ချက်များကိုလည်း    အတည်ပြုပြဋ္ဌာန်းခဲ့ကြသည်။    လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့်အဖြစ် ထည့်သွင်းအဓိပ္ပာယ် ဖွင့်ဆိုခဲ့ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်     ညီညွတ်မှုမရှိကြောင်း    နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ   ခုံရုံးက   အဓိပ္ပာယ်ဖွင့်ဆိုခဲ့ခြင်းကို လွှတ်တော်ကိုယ်စားလှယ်များ၏ အကျိုးစီးပွားအတွက် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို စွပ်စွဲပြစ်တင်မှုများ ဆောင်ရွက် ခဲ့ပြီး   လွှတ်တော်များအတွင်း  အများဆန္ဒဖြင့် ဆုံးဖြတ်ခဲ့ခြင်းသည် လွှတ်တော်ကိုယ်စားလှယ်များ၏     ဥပဒေပိုင်းဆိုင်ရာ  အသိအမြင် ကြွယ်ဝမှုနှင့် သုံးသပ်ဆင်ခြင်နိုင်စွမ်းအပေါ် အားနည်းကြောင်း  ပြသ ရာရောက်ခဲ့သည်။   ဥပဒေပြုရေး၊   အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာများကို တတ်နိုင်သမျှ ပိုင်းခြားကျင့်သုံးရန်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အနှစ်သာရကို ဆန့်ကျင်သည့် လုပ်ဆောင်ချက်များ ဖြစ်သကဲ့သို့     ခုံရုံး၏ဆုံးဖြတ်ချက်သည်    ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ    ပြဋ္ဌာန်းချက်များအရ   အပြီးအပြတ်   အတည်ဖြစ်သည့်အတွက် ထိုကိစ္စမှာ     တရားစီရင်ရေးမဏ္ဍိုင်ကို  ဥပဒေပြုလွှတ်တော်များက လွှမ်းမိုးစွက်ဖက်ခြင်းဖြစ်ခဲ့ရသည်။   Rule of Law  ပျက်စီးစေခြင်း အကြောင်းအရင်းတစ်ရပ်ဖြစ်ခဲ့ရသည်။ တရားစီရင်ရေးဆုံးဖြတ်ချက် ကို ဥပဒေပြုအမတ်များက အမှန်အမှားမဲခွဲဆုံးဖြတ်ချက်မှာ မည်သည့် နိုင်ငံတွင်မှ အစဉ်အလာမရှိခဲ့သော ကြီးမားသည့် မှားယွင်းဆောင်ရွက် ချက်ဖြစ်ခဲ့ရသဖြင့်   နိုင်ငံတကာ ဥပဒေပညာရှင်များက လွှတ်တော် ကိုယ်စားလှယ်များအား အထင်သေး အမြင်သေးဖြစ်ခဲ့ရသည်။ အချို့ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ဖြစ်သည့် ဇယား (၁) ပြည်ထောင်စုဥပဒေပြု စာရင်းနှင့် ဇယား (၂) တိုင်းဒေသကြီး/  ပြည်နယ်ဥပဒေပြု စာရင်း၊ ဇယား (၃) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း   သို့မဟုတ်  ဒေသဦးစီးအဖွဲ့ ဥပဒေပြု စာရင်းများကို  သဲသဲကွဲကွဲနားလည်မှုမရှိသောကြောင့်  လွှတ်တော် များတွင် မေးခွန်းနှင့်အဖြေများ   မေးမြန်းဆောင်ရွက်ရာတွင် မိမိ လွှတ်တော်နှင့်  မသက်ဆိုင်သောကိစ္စရပ်များကို မေးမြန်းတင်သွင်းခဲ့ခြင်းများလည်းရှိခဲ့သဖြင့် ဥပဒေပြုရမည့် လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့်     ဥပဒေ၏အခြေခံသဘောတရားများနှင့်   ပြည့်စုံ လုံလောက်သော ပညာအရည်အချင်းများရှိရန် လိုအပ်ကြောင်း တွေ့ရှိ ခဲ့ရသည်။    အထက်ပါဖြစ်စဉ်များကြောင့်     ဒီမိုကရေစီအစိုးရ၏ ပထမအကြိမ်လွှတ်တော်များအတွင်း အုပ်ချုပ်ရေးမဏ္ဍိုင် အစိုးရနှင့် လွှတ်တော်များအကြား     မကျေလည်မှုများဖြစ်ခဲ့ရကာ    ပါတီစုံ ဒီမိုကရေစီစနစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် အဟန့်အတားများ ဖြစ်ပွားခဲ့ရပါသည်။
(၂၀၁၅ - ၂၀၂၀ ပြည့်နှစ်)   ဒုတိယအကြိမ် လွှတ်တော်များတွင် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အတွင်း ရပ်/ကျေးဥပဒေများကို ပြင်ဆင်ခြင်း၊ ဧည့်စာရင်းဥပဒေ၊ နယ်ခြားစောင့် စစ်ဆေးရေးဥပဒေ၊ နောက်ယောင်ခံစောင့်ကြည့်ရေးဥပဒေ၊ အရေးပေါ် စီမံချက်ဥပဒေ၊ နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးသူများ၏ အန္တရာယ် မှ ကာကွယ်စောင့်ရှောက်ရေးဥပဒေများကို အမြော်အမြင်  နည်းပါး စွာဖြင့် ပယ်ဖျက်ခဲ့ကြသည်။ လူမျိုးရေးပဋိပက္ခများတွင် နိုင်ငံခြားသား အကြံပေးများဖြင့် မြန်မာနိုင်ငံ၏ အသက်တမျှအရေးကြီးသော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှုဥပဒေကိုပါ ပြင်ဆင်ပယ်ဖျက်ရန်အထိ ကြိုးစားခဲ့ခြင်းကို   တွေ့မြင်ကြရမည်ဖြစ်ပါသည်။    လွှတ်တော်များ အတွင်း မဲခွဲဆုံးဖြတ်ရာတွင်  တစ်ဦးတစ်ယောက်၏ ညွှန်ကြားချက်များ အတိုင်း လက်ညှိုးထောင် ခေါင်းညိတ် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ခြင်းဖြင့် ဥပဒေပြုလွှတ်တော်များအတွင်း တစ်ပါတီအာဏာရှင် ဆန်ဆန် ဖြစ်ခဲ့ရသည်ကို         သင်ခန်းစာယူကြရမည်ဖြစ်ပါသည်။ ဒီမိုကရေစီအစိုးရများလက်ထက်      နိုင်ငံရေးပါတီ      လွှတ်တော် ကိုယ်စားလှယ်များ၏   အရည်အချင်းနှင့်     ဆောင်ရွက်ချက်များ အားနည်းခဲ့ရသဖြင့်    ဒေသများတွင်      တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ ပျက်ပြားခဲ့ရပြီး တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့်  ပစ်ခတ်တိုက်ခိုက်မှုများ  ပြန်လည်ဖြစ်ပွား လာခဲ့ရသည်။   စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်များလည်း လျော့ပါးခဲ့ရသည်။ 
မြန်မာ့နိုင်ငံရေး ခရီးတစ်လျှောက် ပါလီမန်ဒီမိုကရေစီခေတ်တွင် တိုင်းပြုပြည်ပြုလွှတ်တော်များအတွင်း      သဘောထားကွဲလွဲမှုများ ကြောင့် နိုင်ငံရေးမတည်မငြိမ်ဖြစ်ခဲ့ရသည်။    ပါတီစုံဒီမိုကရေစီခေတ်တွင် လည်း    လွှတ်တော်များအတွင်း  အားနည်းလွဲချော်မှုများနှင့် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲများကြောင့် မဲများရာ အနိုင်ရသည့် ဒီမိုကရေစီအာဏာရှင်စနစ်မျိုးဖြစ်ခဲ့ရသည်။   လွှတ်တော်ကိုယ်စားလှယ်များ၏  အရည် အချင်းနှင့်ဆောင်ရွက်နိုင်စွမ်းမှာ ပါတီနိုင်ငံရေး ရင့်ကျက်တည်ငြိမ်မှု၏ အဓိကအကြောင်းအရင်း ဖြစ်ပါသည်။ 
ကမ္ဘာ့နိုင်ငံများတွင်  လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အရည်အချင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်းပြဋ္ဌာန်း၍ သတ်မှတ်ထားရှိပါသည်။    အိမ်နီးချင်း  ထိုင်းနိုင်ငံတွင်   ဥပဒေပြု လွှတ်တော်ကို    အမျိုးသားညီလာခံ    (National    Assembly)ဟုခေါ်ဆိုသည့် လွှတ်တော်နှစ်ရပ်ဖြင့် ဖွဲ့စည်းထားပါသည်။ ၂၀၁၇ ခုနှစ် ထိုင်းနိုင်ငံဖွဲ့စည်းပုံ   အခြေခံဥပဒေပုဒ်မ ၉၇ အရ အောက် လွှတ်တော်   (House  Of   Representatives) ၏   ကိုယ်စားလှယ် အရည်အချင်းမှာ    မွေးဖွားစဉ်တွင်      ထိုင်းနိုင်ငံသားဖြစ်ရမည်။ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် ၂၅ နှစ်အောက် မငယ်သူ ဖြစ်ရမည်။ သတ်မှတ်ချက်နှင့်အညီ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေး ပါတီတစ်ခု၏       ပါတီဝင်ဖြစ်ရမည်။       မဲဆန္ဒနယ်ကိုယ်စားပြု ကိုယ်စားလှယ်လောင်းဖြစ်ပါက ဝင်ရောက်ယှဉ်ပြိုင်မည့် ခရိုင်တွင် မွေးဖွားသူဖြစ်ရမည်။      ယင်းခရိုင်တွင်        အနည်းဆုံးငါးနှစ် တစ်ဆက်တည်းနေထိုင်လျက်ရှိသည့် အိမ်ထောင်စုဇယားရှိသူဖြစ်ရ မည်။ ခရိုင်တစ်ခုခုရှိ တက္ကသိုလ်များတွင် အနည်းဆုံးငါးနှစ် တစ်ဆက် တည်း ပညာသင်ကြားဖူးသူဖြစ်ရမည်။   ယင်းခရိုင်ရှိ   အစိုးရအဖွဲ့ အစည်းတစ်ခုခု    သို့မဟုတ်    အစိုးရအဖွဲ့အစည်း     အသိအမှတ်ပြု အဖွဲ့အစည်းတစ်ခုခုတွင်     တာဝန်ထမ်းဆောင်ဖူးသူဖြစ်ရမည်။ အထက်လွှတ်တော် (Senate)  ၏   ကိုယ်စားလှယ်အရည်အချင်း သတ်မှတ်ချက်မှာ မွေးဖွားစဉ်တွင် ထိုင်းနိုင်ငံသားဖြစ်ရမည်။ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ သို့မဟုတ် အလားတူဘွဲ့ထက် မနိမ့်သော ပညာအရည်အချင်း ရှိသူဖြစ်ရမည်။  ရွေးကောက်ပွဲကျင်းပသည့်နေ့တွင်  အသက် ၄၀ အောက် မငယ်သူဖြစ်ရမည်။ သက်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ပြည့်စုံပြီး အတွေ့အကြုံရင့်ကျက်သူ၊ သက်ဆိုင်ရာ နယ်ပယ်တွင် အသိပညာ    ပြည့်ဝသူဖြစ်ရမည်။   သက်ဆိုင်ရာ  ဥပဒေနှင့်အညီ ဝင်ရောက်အရွေးခံမည့်ဒေသတွင်  မွေးဖွားသူ သို့မဟုတ် အမြဲတမ်း နေထိုင်သူ သို့မဟုတ် အလုပ်လုပ်ကိုင်သူဖြစ်ရမည်။
(ဆက်လက်ဖော်ပြပါမည်)