ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုနိုင်ငံများ၏ အဆင့်မြင့်ညီလာခံသို့ ပါဝင်တက်ရောက်

နေပြည်တော်    ဇွန်    ၂၄


နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယမန်နေ့ ညနေ ၆ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့်  အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ  ရပ်ဝန်းနှင့်ပိုးလမ်းမ  ပူးပေါင်းဆောင် ရွက်မှုနိုင်ငံများ၏ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးနှင့် စဉ်ဆက်မပြတ်  စီးပွားရေးပြန်လည်နာလန်ထူရေးဆိုင်ရာ     အဆင့်မြင့်ညီလာခံသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ခဲ့သည်။


တက်ရောက်


ညီလာခံတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စတာ ဝမ်ယိက သဘာပတိအဖြစ် ဆောင်ရွက်ပြီး ကိုလံဘီယာနိုင်ငံ သမ္မတ၊ ဖီဂျီနိုင်ငံ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၊  ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၊  ကာဇက်စတန်နိုင်ငံ  ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၊ ကာဂျီစတန်နိုင်ငံ အစိုးရအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဝန်ကြီး၊   ထိုင်းနိုင်ငံ   ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၊ တာ့ခ်မင်နစ္စတန်နိုင်ငံ အစိုးရအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးဝန်ကြီး၊ အခြားနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများ၊ ဘာသာရပ်ဆိုင်ရာဝန်ကြီးများ အပါအဝင် စုစုပေါင်းနိုင်ငံ  ၂၉ နိုင်ငံမှ    ကိုယ်စားလှယ်များ၊   ကုလသမဂ္ဂအဖွဲ့အစည်းများမှ အဆင့်မြင့်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
ညီလာခံသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များက ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ စိန်ခေါ်မှုများ ဖြေရှင်းနိုင်ရေးနှင့် ကူးစက် ရောဂါအလွန်ကာလ၌ စဉ်ဆက်မပြတ် စီးပွားရေးပြန်လည်နာလန် ထူရေးအတွက် နိုင်ငံအလိုက် ကြိုးပမ်းအားထုတ်မှုများကို ဖလှယ်ခဲ့ ကြသည်။ ထို့အပြင် သဟဇာတဖြစ်သည့် ဂေဟစနစ်ကို ထိန်းသိမ်းခြင်း၊ စိမ်းလန်းသော အခြေခံအဆောက်အဦဖွံ့ဖြိုးမှုမြှင့်တင်ခြင်း၊ ရာသီဥတု ပြောင်းလဲမှုကို စုပေါင်းအင်အားဖြင့် တုံ့ပြန်ခြင်း၊ သဘာဝပတ်ဝန်းကျင် နှင့် လိုက်လျောညီထွေမှုရှိသည့် စီးပွားရေးအသွင်ကူးပြောင်းခြင်း စသည့်ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။


ညီလာခံတွင်    ပြည်ထောင်စုဝန်ကြီး   ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံ၌  “မည်သူတစ်ဦးတစ်ယောက်မျှ  မကျန်ရှိစေရေးမူ”နှင့် အညီ အစီအမံများချမှတ်၍ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် အဆိုပါ ရောဂါ၏ စီးပွားရေးအပေါ် သက်ရောက်မှုများကို တုံ့ပြန်လျက်ရှိမှုကို  ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက  ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ခွဲဝေမှုစနစ်သည်  မျှတပြီးပွင့်လင်းမြင်သာရန် လိုအပ်ကြောင်း၊ ဖွံ့ဖြိုးမှုအနည်းဆုံးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကာကွယ်ဆေးများရရှိရေးအတွက် အပြည်ပြည် ဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများအနေ ဖြင့်  တတ်နိုင်သရွေ့ နည်းလမ်းများဖြင့်  ဘဏ္ဍာငွေထောက်ပံ့မှုများ ပြုလုပ်စေလိုကြောင်း   အလေးထားတိုက်တွန်းခဲ့သည်။   ထို့အပြင် ပြည်ထောင်စုဝန်ကြီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ မြန်မာ နိုင်ငံ၏ ကိုဗစ်-၁၉ ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် အကူအညီ အထောက်အပံ့များ ပေးအပ်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ 
ယင်းနောက်  ပြည်ထောင်စုဝန်ကြီးက  စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိမ်းရောင်ပိုးလမ်းမ (Green Silk Road) ဖော်ဆောင်ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် စဉ်ဆက်မပြတ်  ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ၂၀၃၀ အာဂျင်ဒါနှင့်အညီ နိုင်ငံအတွင်း ရေရှည် ဖွံ့ဖြိုးတိုးတက်သော အစိမ်းရောင်စီးပွားရေးဖော်ဆောင်နေမှုအခြေ အနေများကို မျှဝေခဲ့သည်။ ထို့အပြင် ဖွံ့ဖြိုးတိုးတက်သော အစိမ်း ရောင်ပိုးလမ်းမတစ်ရပ် တည်ထောင်နိုင်ရေးအတွက် ရပ်ဝန်းနှင့်ပိုးလမ်းမ  ပူးပေါင်းဆောင်ရွက်မှုနိုင်ငံများအနေဖြင့် ဖွံ့ဖြိုးရေးစီမံကိန်းများကို ဆက်လက်ဖော်ဆောင်ရန်၊ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သည့် စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် တိုက်တွန်းပြောကြားခဲ့သည်။


ညီလာခံသို့ တက်ရောက်လာသည့် ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်နိုင်ငံများမှ “ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ် ဆေးပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ရပ်ဝန်းနှင့်ပိုးလမ်းမ မိတ်ဖက် နိုင်ငံများ၏ ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ်”နှင့် “အစိမ်းရောင်ဖွံ့ဖြိုး တိုးတက်မှုအတွက် ရပ်ဝန်းနှင့်ပိုးလမ်းမ မိတ်ဖက်နိုင်ငံများ၏ ဦးဆောင်  ဦးရွက်ပြုမှုအစီအစဉ်”တို့ကို ပူးတွဲထုတ်ပြန်ခဲ့ကြသည်။ 


အဆိုပါညီလာခံသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။                                                                

 သတင်းစဉ်