အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း၌ ၂၈ ဦး လိုက်ပါလာသည့်စက်လှေ ပျောက်ဆုံး

 

ဂျကာတာ   ဒီဇင်ဘာ   ၂၁


အင်ဒိုနီးရှားနိုင်ငံ      အရှေ့ပိုင်း အနောက် ဆူလာဝေစီပြည်နယ်  မာမူဂျူကမ်းလွန်တွင်   ဒီဇင်ဘာ ၂၀ ရက်က ပျောက်ဆုံးခဲ့သည့် လူ ၂၈ ဦးထက်မနည်း  လိုက်ပါလာ သည့်စက်လှေကို ကယ်ဆယ်ရေး သမားများက ရှာဖွေနေကြောင်း အရာရှိတစ်ဦးက  ပြည်တွင်းမီဒီ ယာများကို ဒီဇင်ဘာ ၂၁ ရက်တွင် ပြောသည်။ 


မင်္ဂလာဆောင်    ဧည့်သည် ၂၈  ဦးကို  တင်ဆောင်လာသည့် စက်လှေမှာ အမ်ဘိုကျွန်းရေပြင် တွင် အဆက်အသွယ်ပြတ်တောက် သွားခဲ့ခြင်းဖြစ်သည်ဟု မာမူဂျူ ဒေသ ရှာဖွေရေးနှင့်ကယ်ဆယ်ရေး အကြီးအကဲဖြစ်သူ    မူဟာမက် ရီဇယ်က ပြောသည်။


ဒီဇင်ဘာ ၂၀ ရက်ညပိုင်းတွင် စက်လှေပျောက်ဆုံးသွားကြောင်း သတင်းပို့မှုရရှိခဲ့သည်ဟု ၎င်းက ပြောသည်။ အဆိုပါ စက်လှေမှာ အမ်ဘိုကျွန်းမှ  နံနက်  ၁၀ နာရီ ဝန်းကျင်တွင်  ထွက်ခွာလာခဲ့ခြင်း ဖြစ်ပြီး   ဆူမာရီဆိပ်ကမ်းသို့ ညနေ၄နာရီတွင် ရောက်ရှိလာမည် ဟု ခန့်မှန်းခဲ့ကြသည်။ 


စက်လှေဆိုက်ရောက်ရမည့် အချိန်ထိ ရောက်ရှိလာခဲ့ခြင်းမရှိ ကြောင်း၊ ထို့ကြောင့်  ကယ်ဆယ် ရေးလှေနှင့် ကယ်ဆယ်ရေးအဖွဲ့ ကို  စေလွှတ်ခဲ့ကြောင်း   ၎င်းက ဆက်ပြောသည်။ အင်ဒိုနီးရှားနိုင်ငံ တွင်  ပင်လယ်ရေကြောင်းသွားလာ စဉ်  မတော်တဆမှုများ  ဖြစ်ပွား လေ့ရှိသည်။                

ဆင်ဟွာ