နယူးကာဆယ်ကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့်နိုင်ပြီး ချယ်ဆီး ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်တက်ရောက်

 

ကာရာဘောင် ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်မှ အကောင်းဆုံးပွဲစဉ်တစ်ပွဲ ဖြစ်သည့်  ချယ်ဆီးနှင့်  နယူးကာဆယ်အသင်းပွဲစဉ်ကို  ဒီဇင်ဘာ ၂၀ ရက်  နံနက် ၂ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့ရာ  ချယ်ဆီးအသင်းက   ပယ်နယ်တီအဆုံးအဖြတ်ဖြင့်  အနိုင်ယူပြီး   ဆီမီးဖိုင်နယ်သို့  တက်လှမ်း နိုင်ခဲ့သည်။ 
အဆိုပါပွဲစဉ်တွင်   နယူးကာဆယ်အသင်းသည်   ပွဲချိန် ၁၆ မိနစ်တွင်  ရရှိခဲ့သော    ဝီလ်ဆင်၏သွင်းဂိုးဖြင့်    မိနစ်   ၉၀   အထိ ဦးဆောင် ကစားနိုင်ခဲ့သော်လည်း  နာကျင်အချိန်ပိုတွင်   မူဒရစ်၏သွင်းဂိုးကြောင့် တစ်ဖက်တစ်ဂိုးစီ  သရေကျနေခဲ့သည်။    ထို့ကြောင့်   ပယ်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရပြီး ပယ်နယ်တီအဆုံးအဖြတ်တွင်  ချယ်ဆီးအသင်းက လေးဂိုး-နှစ်ဂိုးဖြင့်   အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ 
ချယ်ဆီးအသင်းသည် နယူးကာဆယ်အသင်းကို ဘောလုံးပိုင်ဆိုင်မှု အသာ၊ ဂိုးကန်သွင်းမှုအသာဖြင့် တစ်ဖက်သတ် ထိန်းချုပ်ကစားနိုင်ခဲ့ သည်။ နယူးကာဆယ်အသင်း၏ ကစားဟန်မှာ ချယ်ဆီးအသင်း၏ ဖိအားပေးကစားမှုအောက် ပုံစံကောင်းပျောက်ဆုံးခဲ့ပြီး ရံဖန်ရံခါမှသာ  ထိုးဖောက်တိုက်စစ်ဆင်ကစားနိုင်ခဲ့သည်။ 
နယူးကာဆယ်အသင်းသည်     ကာရာဘောင်ဖလားပြိုင်ပွဲအပြင် ချန်ပီယံလိဂ်ဖလားပြိုင်ပွဲမှလည်း   ထွက်ခွာခဲ့ရပြီဖြစ်သဖြင့်   ယခုနှစ်  ၎င်းတို့၏ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးရေးနှင့် ကာရာဘောင်ဖလား ဆွတ်ခူးရေးအိပ်မက် အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။ 
ကာရာဘောင်ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်မှ အခြားသော ပွဲစဉ် ရလဒ်တွင် မစ်ဒယ်ဘရော့က ပေါ့သ်ဗေး ကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့သည်။ အဲဗာတန်နှင့် ဖူလ်ဟမ်အသင်းပွဲစဉ်တွင် သာမန်ပွဲကစား ချိန်အတွင်း တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့်အတွက် ပယ်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး ပယ်နယ်တီအဆုံးအဖြတ်တွင် ဖူလ်ဟမ် အသင်းက ခုနစ်ဂိုး-ခြောက်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။    
အောင်ဇော်