
ဂန်ဆု ဒီဇင်ဘာ ၁၉
တရုတ်နိုင်ငံ ဂန်ဆုပြည်နယ်တွင် ငလျင်ကြီးလှုပ် ခဲ့ပြီးနောက် အနည်းဆုံး ၁၂၇ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ပျောက်ဆုံးနေခဲ့ကာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက် ရှိသည်။
ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ခုသည် ဂန်ဆုပြည်နယ် လင်ရှာဟွေကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဒေသစံတော်ချိန် ည ၁၁ နာရီ ၅၉ မိနစ်က လှုပ်ခဲ့ကြောင်း တရုတ်အာဏာပိုင်များက ပြောကြား ခဲ့သည်။
ပြည်နယ်အစိုးရက ဂန်ဆုပြည်နယ်တွင် လူပေါင်း ၁၁၃ ဦး သေဆုံးခဲ့ပြီး ၅၃၆ ဦးပျောက်ဆုံး ခဲ့ကြောင်း အတည်ပြုခဲ့သည်။ ထို့ပြင် အဆောက် အအုံပေါင်း ၁၅၅၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း ပြည်နယ်အစိုးရက ဆက်လက်ပြောကြားသည်။
အိမ်နီးချင်း ချင်ဟိုင်းပြည်နယ်မှ အရာရှိများက မိမိတို့ပြည်နယ်တွင် ငလျင်လှုပ်မှုကြောင့် ၁၄ ဦး သေဆုံးခဲ့ပြီး ၁၉၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြု ခဲ့သည်။ ထို့ပြင် ငလျင်လှုပ်ပြီး မြေပြိုကျမှု ကြောင့် ၂၀ ခန့် ပျောက်ဆုံးခဲ့ကြောင်း ပြောကြား ခဲ့သည်။
ရုပ်သံဖိုင်ထဲတွင် ငလျင်မှ လွတ်မြောက်လာသူ များသည် အနုတ် ၁၀ ဒီဂရီ ဆဲလ်စီးယပ်စ်အောက် အလွန်အေးသည့်ရာသီဥတုဒဏ်ကို အန်တုရန် မီးပုံ ဘေးတွင် မီးလှုံနေသည်ကို တွေ့မြင်နိုင်သည်။ လျှပ်စစ်နှင့် ရေပေးဝေရေးထောက်ပံ့မှုမှာ နှောင့်နှေး လျက်ရှိသည်။
တနင်္လာနေ့ နံနက်ပိုင်းအထိ အဆိုပါဒေသ တစ်ဝိုက် ငလျင်ငယ်ပေါင်း ၃၀၀ ကျော်လှုပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြထားသည်။
တရုတ်အစိုးရသည် စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ် များကို ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အခင်းဖြစ်ပွားရာနေရာသို့ စေလွှတ်ထားကြောင်း သိရသည်။
ဆင်ဟွာ