မေတ္တာလွှမ်းသော မိသားစုထမင်းဝိုင်း

Type
5

 

သိန်းထွန်း (IR) 

ပျော်ရာမှာမနေ တော်ရာမှာနေရသူဆိုတော့ ရန်ကုန်မှာလာပြီး အလုပ်လုပ်နေတာ သုံးလကျော်ပြီ။ ကျွန်တော့်အလုပ်က ရန်ကုန်မှာဆိုပေမယ့် ကလေးတွေက ကျောင်းတစ်ဖက်နဲ့မို့ မိသားစုကို ကျွန်တော်တို့ မြို့မှာပဲ ထားခဲ့ရတယ်။ ရန်ကုန်မှာ တစ်ယောက်တည်းပဲပေါ့။ အဲဒီလို မိသားစုနဲ့ခွဲပြီးနေရတဲ့ဘဝက ကျွန်တော့်အတွက် အထူးအဆန်းမဟုတ်တော့ပါဘူး။ သားသမီးတွေ သိတတ်စအရွယ်ကတည်းက အခုလိုပဲ မိသားစုနဲ့ နီးလိုက်ဝေးလိုက်။ အရင်ကတော့ မိသားစုနဲ့ခွဲနေရတာကို သိပ်သတိမထားမိခဲ့ဘူး။ အသက်အရွယ်လေးရလာမှ သတိထားမိတာတွေရှိလာတယ်။ 

အခုလည်း ရန်ကုန်မှာ အလုပ်လုပ်ရပြီဆိုတော့ မိသားစုနဲ့  ခွဲရပြန်ပြီပေါ့။   ဘာလိုလိုနဲ့    ရန်ကုန် ရောက်တာ သုံးလကျော်ပြီ။ နေထိုင်ရေးအတွက် ပူစရာမလိုဘူး။   ရုံးက နေစရာအခန်းပေးတယ်။ ကျွန်တော်နေတဲ့အဆောက်အအုံမှာ ရုံးကဧည့်သည် တွေတည်းဖို့အတွက်       အိပ်ခန်းတွေအများကြီး ရှိတယ်။   ကျွန်တော့်လို   မိသားစုမပါတဲ့ဝန်ထမ်း တွေနေဖို့အတွက် အဲဒီမှာ   စီစဉ်ပေးထားတယ်။ လတ်တလော အဆောင်မှာနေတာက ကျွန်တော်နဲ့ တခြားတစ်ယောက်ပဲရှိတယ်။   ကျန်တဲ့သူတွေက တော့ ရုံးကိစ္စအတွက် နယ်ကနေ ရန်ကုန်ကိုလာတဲ့ ဧည့်သည်တွေပဲရှိတယ်။ သူတို့က ခဏတည်းလိုက်၊ ပြန်သွားလိုက်နဲ့။ အမြဲရှိမနေကြဘူး။ အဆောင်မှာ ကျွန်တော့်လို   အမြဲနေနေတဲ့   တခြားတစ်ယောက် က အလုပ်များတဲ့သူဆိုတော့ အဆောင်မှာမရှိတာ ကများတယ်။   ဒီတော့ အဆောင်မှာ ကျွန်တော် တစ်ယောက်တည်းပဲနေတာများပါတယ်။


ကျွန်တော့်အလုပ်က မနက် ၈ နာရီအရောက် ရုံးသွားရတော့ ၅ နာရီခွဲရင် အိပ်ရာထ၊ ထမင်းအိုး တည်၊ ပြီးရင် ရေချိုး၊ ဘုရားရှိခိုး။ ပြီးရင် ရုံးသွားဖို့ ပြင်စရာရှိတာပြင်ပေါ့။ ရုံးမသွားခင် မနက်စောစာ ကို မနက်ကချက်တဲ့ထမင်းကို အိမ်ကယူလာတဲ့ ဟင်းနဲ့ စားလိုက်တယ်။ ရုံးကို ထမင်းချိုင့်ထည့်ရင် လည်း အိမ်ကယူလာတဲ့ အခြောက်အခြမ်းဟင်းကိုပဲ ထည့်ယူသွားတယ်။ ညနေရုံးက   ပြန်ရောက်ရင် ဟင်းထပ်မချက်ဖြစ်တာများတယ်။ ပုံမှန်ကတော့ ရှိတဲ့ဟင်းနဲ့ပဲ စားလိုက်တာပဲ။ တစ်ခါတလေမှ အပြင်ကဟင်း ဝယ်စားဖြစ်တယ်။ ဟင်းရည်သောက် ကိုတော့ စွန်တန်ခြောက်ကို   ရေနွေးနဲ့  ချဉ်စပ် ဟင်းရည်လုပ်လိုက်ရင်ရပြီ။  ချဉ်စပ်ဟင်းရည်က ကိုယ်ပဲကြိုက်လို့ပဲလားမသိဘူး၊ စားလို့ အဆင်ပြေ တယ်။ အဲဒီလိုနေလာတာ သုံးလကျော်ပြီ။


ထမင်းဝိုင်းရဲ့ အရသာ


အခုနောက်ပိုင်း ဒီလိုချည်း နေ့တိုင်းစားနေရ တော့ ထမင်းစားချိန်ဆို   စိတ်က ထွေလာတယ်။ ထမင်းစားချင်စိတ်ကိုမရှိဘူး။ ကိုယ့်မှာရှိတာလေး တွေ မစားချင်လို့ရှိရင် အဆောင်နားက ထမင်းဆိုင် လေးတွေမှာ သွားစားလည်းရတယ်။ ပါဆယ်ဝယ် လည်းရတယ်။ အသား၊ ငါး၊ အသီးအရွက် အတော် ဖွယ်ဖွယ်ရာရာ တွေ့ရတယ်။ ရောက်ခါစကတော့ ဝယ်စားဖြစ်သေးတယ်။ အပြောင်းအလဲဖြစ်အောင် စားချင်တဲ့ဟင်းအမယ်တွေဝယ်စားပေါ့။ နောက်ပိုင်း အဲဒီဟင်းတွေလည်း မစားချင်တော့ဘူး။ ကြာတော့  ထမင်းစားချိန်ဆို စိတ်ညစ်လာတယ်။ ဟင်းကောင်း တာ မကောင်းတာနဲ့မဆိုင်ဘူး။ ထမင်းစားချင်စိတ် ကို မရှိဘူးဖြစ်နေတာ။    ထမင်းစားလို့မြိန်တယ် ဆိုတာက ဟင်းကောင်းတွေချည်း နေ့တိုင်းစားနေ ရမှ မဟုတ်ဘူး။ ဟင်းအစပ်အဟပ်တည့်ရင်   စားလို့ မြိန်တယ်။ ထမင်းသိပ်ဆာနေတဲ့အချိန် ဘာဟင်းနဲ့ ဖြစ်ဖြစ် စားလိုက် ... စားလို့ကောင်းပြန်ရော။ မြိန်ရာ ဟင်းကောင်း ခင်ရာဆွေမျိုးလိုပဲ။    နောက်ပြီး တစ်ယောက်တည်း ထမင်းစားရတာက မိသားစုနဲ့ ထမင်းလက်ဆုံစားရသလို စိုစိုပြည်ပြည်မဟုတ်ဘူး။ ထမင်းဝိုင်းက တိတ်ဆိတ်ခြောက်သွေ့နေတယ်။ ဗိုက်ဆာလို့သာ စားလိုက်ရတယ်။    တာဝန်အရ စားရသလိုပဲ။   ဗိုက်ပြည့်ပြီးရော။ ဘာအရသာမှ မရှိဘူး။ အဲဒီတော့ ဟင်းတွေပြောင်းပြီးစားလည်း ထမင်းဝိုင်းရဲ့ အရသာကတော့ ပြောင်းမသွားဘူး။ 


ကျွန်တော်တို့ ငယ်ငယ်ကဆို မေမေက  ဟင်း ချက်ရင် သေချာစီစဉ်ချက်ပေးတယ်။ သေချာစီစဉ် ချက်ပေးတယ်ဆိုတာက      ဟင်းကောင်းတွေပဲ ချက်ပေးတယ်လို့ ပြောတာမဟုတ်ဘူး။ မေမေက ဟင်းကို ပတ်ပတ်နပ်နပ်လေးနဲ့ အစပ်အဟပ်တည့် အောင် စီစဉ်ချက်ပေးတာကို ပြောတာပါ။ အဲဒီတော့ မောင်နှမတစ်တွေ ခေါင်းမဖော်နိုင်အောင် လွေးကြ ပြီပေါ့။ အသားဟင်းမပါလည်း တောဓလေ့အတိုင်း ရှိတဲ့ ဟင်းလေးနဲ့ မိသားစုဝိုင်းစားကြတာ မြိန်လည်း မြိန်၊   ပျော်စရာလည်းကောင်း။       ဘယ်အချိန် ပြန်တွေးတွေး လွမ်းစရာထမင်းဝိုင်းလေးပါ။ 


မိသားစုထမင်းဝိုင်း


အိမ်မှာက  ဖေဖေ၊     မေမေနဲ့  မောင်နှမ ခြောက်ယောက်ရှိတယ်။         ထမင်းဝိုင်းစားရင် တပျော်တပါးကြီး။ ဟင်းချက်ရင် မေမေပဲ စီစဉ် တာများပါတယ်။ အိမ်ရှင်မဆိုတော့ စီးတဲ့ရေ ဆယ်တဲ့ ကန်သင်း၊ မကုန်သင့်တာမကုန်အောင်၊   အဖိတ် အစဉ် အလေအလွင့်မရှိအောင်၊ ဟင်းအစပ်အဟပ် တည့်အောင် ချက်ပေးတယ်။  လူရှစ်ယောက်စာ အတွက် ဆန်  နို့ဆီဘူး  ဘယ်နှဘူးချက်ရမယ်၊ အသားဟင်းဆိုရင် တစ်ယောက်ကို  ဘယ်နှတုံး ရမယ်ဆိုတာကအစ တွက်ပြီးမှချက်တာ။ အသား တုံးရင်လည်း အားလုံးအညီအမျှပဲ။   အသားတုံးမညီ ရင်   မောင်နှမတွေ   လုနေကြမှာလေ။ ဒီတော့ ချိန်ခွင်နဲ့မချိန်ရုံတစ်မယ် ပိုင်းထားလိုက်တာများ ငြင်းစရာကိုမလိုတာ။        အဲဒီလိုချက်မှလည်း မောင်နှမများတဲ့ထမင်းဝိုင်းမှာ     အဆင်ပြေမှာ မဟုတ်လား။ ထမင်းစားမယ်ဆိုရင် ဟင်းလောက်င အောင်လို့ အားလုံးစုပြီး စားခိုင်းတယ်။ တစ်ယောက် တစ်ပေါက် စားနေရင် ဟင်းက မလောက်မငဖြစ်မှာ။ ဖေဖေနဲ့အစ်ကိုကြီးအတွက်ကို မေမေက ဟင်းခွက် နဲ့ သီးသန့်ခပ်ထားပေးထားတယ်။ ဖေဖေနဲ့ အစ်ကို ကြီးက အိမ်ရဲ့အိမ်ဦးနတ် မဟုတ်လား။ ဒီတော့ ဟင်းကို ဦးဦးဖျားဖျား ခပ်ပေးထားတယ်။


နေ့ခင်းထမင်းစားချိန်မှာ ဖေဖေနဲ့အစ်ကိုကြီးက အလုပ်ကြောင့် မအားတာကလွဲရင် ကျန်တဲ့မိသားစု တွေ ဝိုင်းစားကြတယ်။ ညနေပိုင်းထမင်းစားရင်တော့ မိသားစုအကုန်ပါတယ်။ မိသားစုအားလုံး   ထမင်း ဝိုင်းစားအောင် မေမေက    ပြောထားပြီးသား။ တစ်ယောက်ယောက်က ထမင်းစားမယ်ဆို ကျန်တဲ့ သူတွေပါ တစ်ခါတည်းစားဖို့ မေမေက ပြောတယ်။ မဖြစ်မနေ     တစ်ယောက်ချင်းစားရမယ်ဆိုရင် တစ်ယောက်ကို     ဟင်းဘယ်နှတုံးထည့်စားလို့ မေမေက တစ်ခါတည်းပြောလိုက်တယ်။  ပုံမှန် ကတော့ နှစ်တုံးပဲ။ မေမေအားရင်  သူကိုယ်တိုင် ဟင်းထည့်ပေးတယ်။ ဟင်းထည့်ပေးရင်း ပြောလိုက် သေးတယ်။ အသားတုံးထပ်မတောင်းနဲ့၊ ဟင်းအနှစ် လိုချင်ရင် ထပ်ယူတဲ့။ အပြတ်ပဲ။ အဲဒီတော့ အားလုံး အညီအမျှ စားရတယ်၊    ထမင်းစားပြီးရင်လည်း ပိုလို့ကျန်နေတာ၊   မကုန်လို့   လွှင့်ပစ်လိုက်ရတာ မရှိဘူး။ မိသားစုအားလုံး အတူတူစားရင် ဖေဖေနဲ့ အစ်ကိုကြီးဟင်းလည်း ပေါင်းပြီးစားတယ်။ အဲဒါဆို ကျွန်တော်တို့အကြိုက်ပဲ။ ဖေဖေနဲ့အစ်ကိုကြီးက သူတို့ဟင်းကို ကျွန်တော်တို့ကို ထည့်ပေးတာကိုး။ ကျွန်တော်တို့ရတဲ့ဟင်းတုံးရော ဖေဖေတို့ပေးတဲ့ ဟင်းတုံးရောဆိုတော့   ကျွန်တော်တို့မောင်နှမ အချင်းချင်းမျက်စပစ်ပြီး စားတော့တာပဲ။ အဲဒါဆို ဖေဖေနဲ့မေမေက   သဘောကျပြီး    ပြုံးပြုံးကြီး ကြည့်နေတာ။ ကျွန်တော်တို့   သိတတ်စအရွယ် ကတည်းက မိသားစုနဲ့  ထမင်းဝိုင်းစားနေကျဆို တော့ ကျွန်တော်တို့တစ်တွေ   အရွယ်ရောက်လာ တော့လည်း မိသားစုနဲ့ဝိုင်းစားတာက အိမ်ရဲ့ဓလေ့ တစ်ခုလို ဖြစ်နေတယ်။ ထမင်းဝိုင်းမှာ မိသားစုဝင် တစ်ယောက်ယောက်များမပါရင် တစ်ခုခုလိုနေသလို ပဲ။ ဟာတာတာနဲ့။    


အဖိုးဖြတ်မရတဲ့ ဟင်းတစ်ခွက်


ကျွန်တော်တို့အိမ်မှာ  မိသားစုထမင်းဝိုင်းစားရင် အတော်ပျော်စရာကောင်းတယ်။ မောင်နှမတစ်တွေ စလိုက်ပြောင်လိုက်နဲ့။   အဲဒီအချိန်မှာ   ဖေဖေ၊ မေမေတို့က   အမြင်မတော်တာရှိရင်    ဆုံးမကြ၊ သင်ပေးကြ။ အစ်ကိုကြီးကလည်း ပြောစရာရှိတာ ပြော။ ကျွန်တော်တို့အစ်ကိုကြီးဆိုတာက မောင်နှမ ခြောက်ယောက်မှာ အကြီးဆုံး။ ဖေဖေ၊ မေမေပြီးရင် အကြောက်ရဆုံး။   အကြီးဆုံးလည်း ပီသတယ်၊ ညီငယ်ညီမငယ်တွေကိုလည်း ချစ်လိုက်တာ၊ အလို လည်း လိုက်ရဲ့၊ အမြင်မတော်လည်းရိုက်ရဲ့။ အဲဒီ တော့ ချစ်ကြောက်ရိုသေပေါ့။   ထမင်းဝိုင်းလူစုံရင် မိသားစုကိစ္စ၊ ကျွန်တော်တို့   ကျောင်းကိစ္စတွေ ပြောကြပေါ့။ အခုနေ ပြန်တွေးကြည့်တော့ အော် ... မိသားစုထမင်းဝိုင်းမှာ   မိသားစုသံယောဇဉ်၊ မောင်နှမသံယောဇဉ်တွေ အများကြီးရခဲ့တာပါလား လို့လေ။ မိသားစုသံယောဇဉ်က ထမင်းဝိုင်းရဲ့ အဖိုး ဖြတ်မရတဲ့ ဟင်းတစ်ခွက်ဆိုရင်လည်း    မမှားပေ ဘူး။
အရွယ်ရောက်လာတော့   မောင်နှမတစ်တွေ လည်း ကိုယ့်အိုးကိုယ့်အိမ်၊ သူ့အိုးသူ့အိမ် သူ့မိသားစု နဲ့ဖြစ်သွားကြတော့ ကျွန်တော်တို့မိသားစုထမင်းဝိုင်း မှာ လူမစုံတော့ဘူး။ 


ကျွန်တော်တို့    မိသားစုထမင်းဝိုင်းလေးဟာ ကျွန်တော်တက္ကသိုလ်ပြီးတဲ့အချိန်အထိ မိသားစု စုံစုံလင်လင်ပါပဲ။ မိသားစုထမင်းဝိုင်း  မပျက်ခဲ့ဘူး။ ကျွန်တော်တက္ကသိုလ်ပြီးလို့ လုပ်ငန်းခွင်ဝင်လိုက် တဲ့အချိန်မှာ အလုပ်က တစ်နယ်တစ်ကျေး အဝေးမို့ မိသားစုနဲ့ ကျွန်တော်စတင်ခွဲခွာခဲ့ရပါတယ်။ အဲဒီ အချိန်ကစလို့ မိသားစုထမင်းဝိုင်းနဲ့    ကျွန်တော် စတင်ဝေးကွာသွားခဲ့တာပါ။   ဖေဖေ၊   မေမေနဲ့ ကျန်တဲ့မောင်နှမတစ်တွေကတော့ အရင်အတိုင်းပဲ ပေါ့။ မိသားစုတစ်တွေ ထမင်းလက်ဆုံစားနေကျစမြဲ။ နွေးထွေးနေကျဆဲပဲ။ မိသားစုထမင်းဝိုင်းနဲ့ ဝေးကွာ နေတဲ့ ကျွန်တော့်ရဲ့ လက်တစ်စုံကတော့ မီးဝေးချိပ် လို အေးစက်နေခဲ့ပါတယ်။ 


အမှတ်ရစရာ မိသားစုပုံရိပ်တွေ


အဲဒီအချိန်ကတည်းက မိသားစုထမင်းဝိုင်းနဲ့ ဝေးကွာခဲ့တဲ့ ကျွန်တော်ဟာ ရံဖန်ရံခါ အိမ်ပြန်ရောက် မှ ထမင်းဝိုင်းထဲ ဝင်နိုင်ပါတော့တယ်။ ဒါပေမယ့် မိသားစုမစုံတော့ပါဘူး။ ဖေဖေ၊ မေမေနဲ့ အစ်ကိုကြီး တို့က ဘဝသံသရာရထားကြီးပေါ်ကနေ    ထာဝရ ဆင်းသွားခဲ့ကြပါပြီ။ အိမ်ထောင်ကျတဲ့  မောင်နှမ တွေကလည်း သူ့အိုး သူ့အိမ် သူ့မိသားစုနဲ့ မိသားစု ထမင်းဝိုင်းဖြစ်နေပါပြီ။ တွေ့ကြုံ၊ ဆုံကွဲဆိုတာက လူတိုင်းကြုံတွေ့ကြရတဲ့     လောကဓမ္မတာပါ။ ရှောင်ကွင်းလို့ မရပါဘူး။           စာမျက်နှာ  ၁၇ သို့

စာမျက်နှာ  ၁၆ မှ


ဒါပေမယ့် တွေ့ဆုံကြုံကြိုက်လို့ အတူနေကြရတဲ့ အချိန်ခဏလေးမှာ ဘယ်လောက်ချစ်ခင်ခဲ့ကြတယ်၊ နွေးထွေးခဲ့ရတယ်၊ ကြည်နူးခဲ့ရတယ်၊                 ပျော်ရွှင် ခဲ့ရတယ်၊  မေတ္တာတွေ    မျှဝေပေးနိုင်ခဲ့ကြတယ် ဆိုတာက အမှတ်ရစရာ မိသားစုပုံရိပ်တွေနဲ့ ချစ်စရာ ဓလေ့တွေပဲ မဟုတ်လား။


အခုဆို ကျွန်တော့်ရဲ့မိသားစုမှာ    စုစုပေါင်း လေးယောက်ရှိပါတယ်။ ဒါပေမယ့် လေးယောက်လုံး ထမင်းလက်ဆုံစားဖို့ မနည်းလုပ်ယူနေရတယ်။ ဇနီး ဖြစ်သူက အိမ်မှာအမြဲရှိပေမယ့်    ကျွန်တော်က အလုပ်ကိစ္စနဲ့ ထမင်းစားချိန်  အိမ်မှာမရှိ၊    သမီး နှစ်ယောက်ကလည်း ကျောင်းသွား၊ ကျူရှင်သွားနဲ့ အိမ်မှာဧည့်သည်လိုပဲ။ ကျောင်းနဲ့  ကျူရှင်ပြီးလို့ အိမ်ပြန်ရောက်တော့   ည  ၉   နာရီကျော်နေပြီ။ မိသားစုအကုန်လုံး  မျက်နှာချင်းဆိုင်တဲ့အချိန်က ခဏပဲ။    ရုံးပိတ်ရက်၊    ကျောင်းပိတ်ရက်တွေမှာ မိသားစုအားလုံးစုံလားဆိုတော့ ဒီလိုပဲမထူးပါဘူး။ ခေတ်က   အရင်လိုမဟုတ်တော့ဘူး။   မိသားစု စားဝတ်နေရေးက  အိမ်ထောင်ဦးစီးလုပ်စာတစ်ခု တည်းနဲ့ မလုံလောက်နိုင်တော့ဘူး။   လက်လှုပ်မှ ပါးစပ်လှုပ်ရမယ့်အခြေအနေ။ 


သားသမီးတွေကလည်း   မိုးလင်းကတည်းက ထမင်းချိုင့်နဲ့ ကျောင်းသွားလိုက်ကြတာ အိပ်ချိန်မှ အိမ်ပြန်ရောက်တော့တယ်။ ခေတ်အခြေအနေတွေ က အဲဒီလိုပြောင်းသွားပြီ။ မိသားစုအားလုံး လက်ဆုံ ထမင်းစားဖို့မပြောနဲ့၊  မျက်နှာချင်းဆိုင်ဖို့တောင် မနည်းအချိန်လုနေရတယ်။ ဒါတောင် အမေလုပ်တဲ့ သူက စီးပွားရှာရင် ပိုဆိုးသေး။   သူဝင်ကိုယ်ထွက် နဲ့ အိမ်မှာ မိသားစု စုံကိုမစုံနိုင်ဘူး။


အဲဒီလိုအခြေအနေအောက်မှာ ကျွန်တော်ဟာ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် မိသားစုနဲ့ဝေးရာမှာ အခုချိန်ထိ ကျင်လည်နေရဆဲပဲ။ ဒီတော့ ကျွန်တော် တို့မိသားစုရဲ့  ထမင်းဝိုင်းလေးဟာ   လူစုံလိုက်၊ မစုံလိုက်နဲ့ပဲ ရှိသေးတယ်၊ ကျွန်တော်က သပ်သပ်၊ မိသားစုသုံးယောက်က သပ်သပ်နဲ့။ အခု ရန်ကုန်မှာ အလုပ်လုပ်တော့လည်း ထိုနည်းလည်းကောင်းပဲ ပေါ့။ မိသားစုမစုံတဲ့ ထမင်းဝိုင်းက ကျွန်တော့်အတွက် တိတ်ဆိတ်လွန်း၊    ခြောက်သွေ့လွန်း၊   အရသာ ကင်းမဲ့လွန်းလှပါတယ်။ နေ့လယ် ရုံးမှာထမင်းစား ရင် နည်းနည်းတော်သေးတယ်ပြောရမယ်။ ထမင်း စားချိန်ဆို ဝိုင်းဖွဲ့ပြီးစားကြတယ်။   ဝိုင်းဖွဲ့စားကြ တော့   ထမင်းဝိုင်းလေးက    စိုစိုပြည်ပြည်နဲ့။ တစ်ယောက်နဲ့တစ်ယောက် ပြောလိုက်ဆိုလိုက်၊ နောက်လိုက်စလိုက်နဲ့   ရင်းရင်းနှီးနှီးစားဖြစ်ကြ တယ်။ နွေးထွေးတဲ့ အသိုက်အဝန်းလေးတစ်ခုလို   ခံစားရတယ်။   ရုံးမှာ  ထမင်းစုစားရင်းနဲ့တောင်   ပြောဖြစ်ခဲ့သေးတယ်။ ကျွန်တော်တို့အိမ်က မိသားစု ထမင်းဝိုင်းကို သတိရလိုက်တာလို့။


နီးလျက်နဲ့ဝေးရတဲ့ ထမင်းဝိုင်း


အဲဒါနဲ့ဆက်စပ်ပြီး ခေတ်ရဲ့ပုံရိပ်တစ်ခုလို့ ဆိုရ မယ့် မကြုံစဖူး ကြုံမိတာလေးတွေ့မိသေးတယ်။ မိတ်ဆွေမိသားစုရဲ့ ထမင်းဝိုင်းလေးမှာပါ။  မိသားစု လေးယောက်သား ထမင်းဝိုင်းမှာ အတူတူစားနေ ကြပါတယ်။ ကိုယ်စီက ထမင်းစားရင်း ဖုန်းကြည့် နေကြပါတယ်။ ထမင်းစားလိုက် ဖုန်းကြည့်လိုက်နဲ့။ ထမင်းဝိုင်းက တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဖုန်းကြည့် မပျက်ကြဘူး။ စကားကလည်း   တစ်ယောက်နဲ့ တစ်ယောက် မေးထူးပြန်ဖြေ တစ်ခွန်းစနှစ်ခွန်းစ လောက်ပဲ။ နီးလျက်နဲ့ဝေးရတဲ့ ထမင်းဝိုင်းလိုပါပဲ။ ခေတ်ရေစီးထဲက ဓလေ့တစ်ခုလား မပြောတတ်ဘူး။ 


အဲဒီလိုဆိုပြန်တော့ ကျွန်တော်တို့ ဖြတ်သန်းခဲ့ ရတဲ့ မိသားစုထမင်းဝိုင်းဆိုတာလေးကို ပြန်စဉ်းစား ကြည့်မိတယ်။   ကြည်နူးစရာကောင်းလိုက်တာ၊ နွေးထွေးတဲ့ မိသားစုဘဝအချိန်တစ်ခုဆိုရင်လည်း မမှားပေဘူး။ မိဘနဲ့သားသမီး၊ ညီအစ်ကို မောင်နှမ တွေအကြား      မိသားစုစိတ်ဓာတ်ဖြစ်ဖို့ဆိုတာ တည်ဆောက်ယူရတာတွေရှိပါတယ်။ မိသားစုဆို တာက ဘဝသံသရာရထားကြီးပေါ်က ခရီးသည် တွေဆိုပေမယ့် အရင်းနှီးဆုံးခရီးသည်တွေပါ။ ဒါပေ မယ့် မိသားစု၊ မောင်နှမသားချင်း ဘယ်လောက်ပဲ ရင်းပါတယ်ပြောပြော၊  အနေဝေးရင် စိမ်းသွားတတ် တာ၊ အေးသွားတတ်တာ သဘာဝပဲလေ။ အဲဒီတော့ မိသားစုစိတ်၊ မောင်နှမသားချင်းစိတ်ဖြစ်ဖို့က အနေ နီးတာ၊ ဝေးတာအပြင် မေတ္တာနှောင်ဖွဲ့တာတွေနဲ့ တည်ဆောက်ယူရတာလို့ ထင်တာပဲ။ 


အဲဒီလို      မေတ္တာအနွေးဓာတ်တွေပါဝင်တဲ့ မိသားစုထမင်းဝိုင်းကနေ ခွဲခွာနေရဆဲ ကျွန်တော့်ရဲ့ လက်တစ်စုံဟာ အဲဒီထမင်းဝိုင်းဆီ ပြန်မရောက်နိုင် သေးဘူး။ ငယ်စဉ်က မိသားစုထမင်းဝိုင်းမှာ မိဘတွေ ပေးအပ်ခဲ့တဲ့ နွေးထွေးမှုမျိုးကို    ကျွန်တော့်မိသားစု ကို ကျွန်တော်မပေးအပ်နိုင်သေးပါဘူး။ မိသားစု အတွက်  ကျွန်တော့်ရဲ့  လက်တစ်စုံဟာ အေးစက်လို့ နေဆဲပါ။                ။