
တိုကျို ဒီဇင်ဘာ ၁၅
ဂျပန်နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉ ကူးစက်မှုများမှာ တတိယမြောက် သီတင်းပတ်အဖြစ် ဆက်လက် များပြားလျက်ရှိသည်ဟု ဂျပန် ကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။
တစ်နိုင်ငံလုံးအနှံ့ ဆေးဘက် ဆိုင်ရာ အဖွဲ့အစည်းပေါင်း ၅၀၀၀ ခန့်တွင် ခုနစ်ရက်တာကာလ အတွင်း လူနာပေါင်း ၁၇၃၉၇ ဦး ရှိသည်ဟု သိရသည်။ အဆိုပါ အရေအတွက်မှာ ပြီးခဲ့သည့် သီတင်းပတ်နှင့် နှိုင်းယှဉ်လျှင် ၃၇၉၆ ဦး တိုးလာခြင်း ဖြစ်သည်။ နိုင်ငံအတွင်း ခရိုင် ၄၇ ခုတွင် ပျမ်းမျှအားဖြင့် ကိုဗစ် - ၁၉ ကူးစက်မှုများ တိုးလျက်ရှိသည်။ ဟော်ကိုင်းဒိုးတွင် ကူးစက်မှု အများဆုံးဖြစ်ကာ ယင်းနောက် ယာမာနာရှီ၊ နာဂိုနို၊ ဂီဖုနှင့် အိုက်ချီတို့တွင်လည်း အသီးသီး ကူးစက်မှုများပြားလျက်ရှိသည်။
တစ်ပတ်အတွင်း ကိုဗစ်-၁၉ ကြောင့် ဆေးရုံတက်ရသူ ၁၄၆၈ ဦးရှိပြီး ပြီးခဲ့သည့်သီတင်းပတ်ကနှင့်နှိုင်းယှဉ်လျှင် ၄၄၅ ဦး တိုးလာ ခြင်းဖြစ်သည်။ ပြည်သူများအနေ ဖြင့် ကူးစက်မှုကာကွယ်ရေးနည်း လမ်းများကို ကျင့်သုံးကြရန်လည်း အာဏာပိုင်များက တောင်းဆို ထားသည်။
အင်န်အိတ်ချ်ကေ