ပြည်တွင်းစက်သုံးဆီဖူလုံမှုအခြေအနေအရ စက်သုံးဆီပြတ်လပ်နိုင်ခြင်းမရှိကြောင်းနှင့် တရားမဝင်စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရောင်းချမှုများအား သတင်းပို့တိုင်ကြားနိုင်

 

နေပြည်တော်  ဒီဇင်ဘာ  ၁၂


“အများပြည်သူအနေဖြင့်   မကြာမီစက်သုံးဆီပြတ်လပ်မည်” ဆိုသည့်    လူမှု ကွန်ရက်များတွင် လတ်တလောဖြစ်ပေါ်နေသည့် ကောလာဟလသတင်းများ ကြောင့် စိုးရိမ်ပူပန်မှုဖြင့် ပုံမှန်သုံးစွဲမှုပမာဏထက် ပိုမိုဝယ်ယူကြခြင်း၊ မတော် လောဘဖြင့် စက်သုံးဆီအရောင်းဆိုင်များတွင် အခေါက်ခေါက်အခါခါတန်းစီ၍ ထုတ်ယူပြီး  တစ်ဆင့်ပြန်လည်ရောင်းချခြင်းများကြောင့်  တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် ဖြည့်တင်းပေးနိုင်မှုစွမ်းအား ကျော်လွန်သည်အထိ စက်သုံးဆီများကို ဝယ်ယူလျက်ရှိရာ စက်သုံးဆီဖြည့်တင်း သည့် ဆီတင်ယာဉ်(Bowser)များ မရောက်ရှိမီ ခေတ္တအချိန်ပိုင်း  အရောင်း ရပ်ဆိုင်းရသည့်အခြေအနေအချို့ ဖြစ်ပေါ်ခဲ့သည်။ 


အများပြည်သူခရီးသွားလာမှုနှင့်    အထွေထွေလုပ်ငန်းကိစ္စရပ်များ လုံလောက်စွာ   သုံးစွဲနိုင်ရန်အတွက်   ပြည်ထောင်စုနယ်မြေ   နေပြည်တော်၊  ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ စက်သုံးဆီအရောင်းဆိုင် များသို့ ယခုဒီဇင်ဘာလအတွင်း 
၁၁-၁၂-၂၀၂၃  ရက်နေ့တွင်   92 Ron  ဂါလန်  (ခြောက်သိန်းကျော်)၊ 95 Ron ဂါလန် (လေးသိန်းခန့်)၊    ဒီဇယ်ဆီ   ဂါလန်  (လေးသိန်းကျော်)၊ ပရီမီယမ်ဒီဇယ်ဆီ ဂါလန် ငါးသိန်းကျော် စုစုပေါင်း စက်သုံးဆီ  ဂါလန်   (၂သန်းခန့်) ဖြန့်ဖြူးခဲ့သဖြင့် ယခင်ထက် (၃)ဆခန့် ပိုမိုဖြန့်ဖြူးပေးခဲ့ သော်လည်း အမှန်တကယ် ပုံမှန်အသုံးပြုရန် လိုအပ်သည့် ပြည်သူများ အနေဖြင့် လူမှုရေး၊ ကျန်းမာရေးကိစ္စများအပါအဝင် လုပ်ငန်းဆောင်တာ အရေးတကြီးဆောင်ရွက်ရမည့်ကိစ္စရပ်များအတွက်     လိုအပ်သည့် စက်သုံးဆီများကို  ယနေ့အထိ  စက်သုံးဆီအရောင်းဆိုင်အချို့တွင် တန်းစီဝယ်ယူနေရကြောင်း တွေ့ရှိရသည်။ 


လက်ရှိပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေနှင့် ပြည်ပမှ မှာယူထားသည့် စက်သုံးဆီများ စဉ်ဆက်မပြတ်  ဆက်လက်ဝင်ရောက် နေမှုကြောင့်  နိုင်ငံတော်အတွင်း စက်သုံးဆီပြတ်လပ်နိုင်သည့် အခြေ အနေမရှိသဖြင့်  အများပြည်သူအနေဖြင့် စိုးရိမ်စရာမလိုဘဲ စက်သုံးဆီ များကို မိမိတို့လိုအပ်သလောက်  စိတ်အေးချမ်းသာစွာ  ဝယ်ယူသုံးစွဲ နိုင်မည်ဖြစ်သည်။ 


စက်သုံးဆီအမှန်တကယ်လိုအပ်သည့် အများပြည်သူများ လွယ်ကူ လျင်မြန် အချိန်ကုန်သက်သာစွာဖြင့် လိုအပ်သည့် မည်သည့်စက်သုံးဆီအမျိုးအစားကိုမဆို နေရာမရွေး၊  အချိန်မရွေး  ပုံမှန်လိုအပ်သည့် ပမာဏအတိုင်း ဝယ်ယူရရှိနိုင်ရန်အတွက် စီမံဆောင်ရွက်လျက်ရှိသည့် အပြင် စက်သုံးဆီအရောင်းဆိုင်များတွင် အကြိမ်ကြိမ်  တန်းစီဝယ်ယူ ကာ တစ်ဆင့်ပြန်လည်ရောင်းချမှုများနှင့် တရားမဝင်သိုလှောင်ရောင်းချ ခြင်းများကိုလည်း   စစ်ဆေးဖော်ထုတ်ဖမ်းဆီး၍   ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြည်သူများ အနေဖြင့်လည်း ထိုကဲ့သို့ ဆောင်ရွက်မှုများကို တွေ့ရှိပါက ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊  သက်ဆိုင်ရာ  တိုင်းဒေသကြီး/ပြည်နယ် ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးများသို့ သတင်းပို့တိုင်ကြား ခြင်းဖြင့်    ဝိုင်းဝန်းကူညီဆောင်ရွက်ကြပါရန်   စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ မေတ္တာရပ်ခံ နှိုးဆော်တိုက်တွန်းထားကြောင်း သတင်းရရှိသည်။          

သတင်းစဉ်