တော်လှန်ရေးလား အကြမ်းဖက်လား ကွဲကွဲပြားပြား ဖြစ်လာပါတော့မယ်

Type

 

စွမ်းပြည့်
 

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အကြမ်းဖက်မှုအားလုံးရဲ့ထက်ဝက်ခန့်ဟာ PDF  အမည်ခံ အကြမ်းဖက်အဖွဲ့တွေက ကျူးလွန်နေခြင်းဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ Country reports on terrorism 2022 ဟာ  ထူးခြားအံ့သြစရာ   မဟုတ်ပေမယ့် အလေးအနက် ထားစရာတစ်ခုတော့ ဖြစ်ခဲ့ပါတယ်။ 
အမေရိကန်အစိုးရအနေနဲ့  ကမ္ဘာတစ်ဝန်း အကြမ်းဖက်မှုများနဲ့ ပတ်သက်ပြီး ဘယ်လောက်အလေးအနက်ထားတယ်၊ သတင်းအချက် အလက်တွေကို ဘယ်လိုမျှဝေတယ်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးမူဝါဒ ကို ဘယ်လိုပုံဖော်တယ်ဆိုတာ ယခုထုတ်ပြန်ချက် ကြည့်ရုံနဲ့ အကဲခတ် နိုင်ပါတယ်။   အံ့ဩစရာမဟုတ်ဘူးဆိုတဲ့အချက်က   မြန်မာနိုင်ငံက PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေ (အကြမ်းဖက်စစ်စစ်တွေ) ရဲ့  ကြမ်းကြုတ်ရက်စက်မှုပုံစံမျိုးစုံနဲ့  အတိမ်အနက်ကို ပြည်သူအများစု ကြီးက မူလကတည်းက  သိရှိလက်ခံပြီးဖြစ်တဲ့အတွက် ဒါဟာဘာမှ ထူးခြားတဲ့အရာ မဟုတ်တဲ့အတွက်ကြောင့်ပါ။ 
အလေးအနက်ထားရမယ့်အချက်က  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဒီသုတေသနပြုချက်ကို ယခုအချိန်ကျမှ ဘာကြောင့် ထုတ်ပြန်ရပါသလဲ၊၊ သူတို့ကိုယ်တိုင် Burma Act  အမည်နဲ့  ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့အမည်ခံ         တော်လှန်ရေးတပ်ဖွဲ့တွေဆိုပြီး အမွှမ်းတင် ထောက်ပံ့ခဲ့ကြတာပဲ။ report အရ သူတို့ထောက်ခံနေတဲ့ တော်လှန်ရေးအဖွဲ့တွေဟာ   အကြမ်းဖက်တွေမှန်း   သူတို့ကိုယ်တိုင် ကွဲကွဲပြားပြားသိလာတဲ့အခါ အနာဂတ်မှာ ဖြစ်လာမယ့်အကြမ်းဖက် ဇာတ်လမ်းတွေဟာ     ဘယ်လိုစခန်းသိမ်းသွားမလဲဆိုတဲ့အချက်က ပိုပြီးစိတ်ဝင်စားဖို့ ကောင်းလာပါတယ်။
အရှိန်အဟုန်နှင့်ဖြစ်နေဆဲ မဆုံးနိုင်သေးတဲ့ လွန်ကျူးမှုများ
နိုင်ငံတော်အစိုးရနဲ့ပြည်သူတွေအတွက်ကတော့ နောက်တောင် ကျနေပြီဖြစ်တဲ့ ယခု ထုတ်ပြန်ချက်ဟာ အထူးခြားကြီးတော့ မဟုတ် ပါဘူး။ မြန်မာနိုင်ငံက အပြစ်မဲ့ ပြည်သူတွေ၊ နိုင်ငံ့ဝန်ထမ်းတွေဟာ PDF အမည်ခံအကြမ်းဖက်အဖွဲ့နဲ့ သူတို့ကို ထောက်ပံ့ထားတဲ့ NUG နဲ့ EAOs တွေရဲ့ ဆိုးရွားလွန်းတဲ့ အကြမ်းဖက်မှုဒဏ်ရာဒဏ်ချက်မျိုးစုံကို နင့်နေအောင်ခံစားခဲ့ကြရတာ သုံးနှစ်ရှိပါပြီ။ အိုအိုငယ်ငယ် အရွယ် မရွေး၊  ရဟန်းသံဃာမချန် ငါနဲ့မတူငါ့ရန်သူ  အကုန်သတ်၊ အကုန် ဖျက်၊ အတော့်ကို  ဆိုးရွားရက်စက်လွန်းလှတဲ့  သတ်ဖြတ်ဖျက်ဆီးမှု ပေါင်းစုံဟာ ယခုအချိန်အထိ အတောမသတ်သေးပါဘူး။ 
လမ်းပန်းဆက်သွယ်ရေးတွေပြတ်တောက်အောင် လမ်းတံတား တွေ မိုင်းထောင် ဗုံးခွဲဖျက်ဆီး၊ စာသင်ကျောင်းတွေ၊ လျှပ်စစ်တာဝါတိုင် တွေဖျက်ဆီးခံရ၊ ဆရာ ဆရာမတွေ ပြန်ပေးဆွဲ၊ ဆက်ကြေးခွဲခံရတဲ့အထိ မိုက်တွင်းနက်နေကြဆဲပါ။  မိမိတို့အိမ်တွေ၊ ရွာတွေ၊  ပြည်သူပိုင်ဈေး တွေ ဖျက်ဆီးခံရပြီး   စစ်ဘေးရှောင်ဘဝရောက်ကြရ၊   ပစ္စည်းတွေ လုယက်အခိုးခံကြရနဲ့ ဆိုးရွားလွန်းပါတယ်။ 
သတင်းတု၊  သတင်းမှား၊ ကောလာဟလတွေနဲ့ ပြည်သူကို အဆိပ် ခတ်နေကြဆဲ ဖြစ်ပါတယ်။  အရှေ့မြောက် တရုတ်၊ ထိုင်း၊  အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးဇုန်နဲ့ ကုန်သွယ်ရေးလမ်းကြောင်း အားလုံးဖျက်ဆီးပြီး စီးပွားရေးကို ရိုက်ချိုးဖို့ လုပ်နေကြတယ်။ ပြည်သူ အမြောက်အမြား အတိဒုက္ခဖြစ်ရပြီး လူမှုစီးပွားဘဝများစွာ ယိုယွင်း ပျက်စီးရတယ်။     လူထုအကျပ်အတည်းဖန်တီးပြီး    မြေပေါ် အုံကြွမှုဖြစ်အောင် ဇာတ်လမ်းဆင်ကြပြန်တယ်။ ဒါတွေ ဘယ်သူ့ လက်ချက်လဲ၊ ဘယ်သူကနောက်ကွယ်က အားပေးနေလဲ စဉ်းစား တတ်သူတိုင်း သိကြမယ်၊  ဆင်ခြင်နိုင်သူတိုင်း  ရိပ်မိကြမယ်ထင်ပါ တယ်၊၊ ကမ္ဘာကျော် CIA အဖွဲ့ကြီးရှိနေတဲ့ အမေရိကန်နိုင်ငံလို မသိချင် ယောင် ဆောင်တာသာဖြစ်ချင်ဖြစ်မယ်၊  အမြဲမပြတ်စောင့်ကြည့်ပြီး အဖြစ်အပျက်အများစုကို မသိမဟုတ် သိနေတဲ့နိုင်ငံများစွာလည်း ရှိနေပါတယ်။ 
ကိန်းဂဏန်းစာရင်းများနဲ့ တိတိကျကျ အကြမ်းဖက်အချက်အလက်များ
အမေရိကန်နိုင်ငံ   မေရီလန်းပြည်နယ်   ဘီတက်စ်ဒါမြို့  ကမ္ဘာ့ အကြမ်းဖက်မှု    အလားအလာနှင့်    သုတေသနပြုစင်တာကနေ နိုင်ငံခြားရေးဝန်ကြီးဌာန အကြမ်းဖက်တိုက်ဖျက်ရေးဗျူရိုအတွက်  ယခုနှစ်ထုတ်ပြန်ချက်က ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ  ကမ္ဘာ့ အကြမ်းဖက်မှုနဲ့ သေကျေမှု ၃၉၁ မှုနဲ့ ၁၀ နိုင်ငံစာရင်းထဲမှာ နံပါတ် ရှစ်နေရာက ပါဝင်နေတယ်လို့  ဆိုထားပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်မှုကြောင့် သေဆုံးမှုစုစုပေါင်း ၂၁၃၀  ရှိခဲ့ရာမှာ ကမ္ဘာမှာ အကြမ်းဖက်သေဆုံးမှုအားလုံးရဲ့  ၁၀ ရာခိုင်နှုန်းကို မြန်မာ PDF အကြမ်းဖက်များက ကိုယ်စားပြုထားပါတယ်တဲ့။ 
 ၂၀၂၁ ခုနှစ်ထက်စာရင် အကြမ်းဖက်မှုတွေပိုများလာကြောင်းလည်း ပြသနေပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုအားလုံးရဲ့ ၅၀  ရာခိုင်နှုန်းခန့်ကို ကျူးလွန်နေတဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကို တော့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အဖြစ် တံဆိပ်ခတ်လိုက်ပြီး ချင်းကာကွယ်ရေးအဖွဲ့ (CDF) က ခုနစ်ရာခိုင်နှုန်း၊ ကရင်နီလူမျိုးစု သောင်းကျန်းသူများက ခုနစ်ရာခိုင်နှုန်းအသီးသီးနဲ့  ကိုယ်စီကိုယ်င အကြမ်းဖက်လူမိုက် စာရင်းဝင်များ ဖြစ်သွားကြပါပြီ။  အကြမ်းဖက်မှု အရေအတွက်  အမျိုးအစားနဲ့ ဒေသအလိုက်ဖြစ်ပွားမှုအများဆုံးကို အသေးစိတ်ဖော်ပြရာမှာ တပ်မတော်နဲ့ပတ်သက်ပြီး အကောင်းအဆိုး အကြောင်းအကျိုးအချက်အလက်များမပါခဲ့ဘဲ PDF အကြမ်းဖက် အဖွဲ့တွေ နဲ့ပတ်သက်ပြီး  ယခင်က မကြုံခဲ့ဖူးတဲ့  ကိန်းဂဏန်းစာရင်း များကိုသာ တိတိကျကျနဲ့ ထုတ်ပြန်လာတာ တွေ့ရပါတယ်။
အမှန်မှာ မြန်မာနိုင်ငံက  လက်နက်ကိုင်အကြမ်းဖက်မှုတွေဟာ အခြေခံ အကြောင်းတရားက တစ်ခုတည်းရှိပါတယ်။ ကိုယ်ကျိုးစီးပွား သက်သက်ပါပဲ။ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးနဲ့ ကိုယ့်လူမျိုးစု၊  ကိုယ့်ဒေသ၊   ကိုယ့်ပြည်နယ်   ကိုယ့်ဘာသာသာသနာ၊   စီးပွားရေး၊  လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးဘာတစ်ခုမှ  အခြေမခံပါဘူး။  မိမိနဲ့မိမိ အမျိုး တစ်စုကောင်းစားရေး၊   ကိုယ်ကျိုးစီးပွားတည်ဆောက်ပြီး ချမ်းသာကြွယ်ဝရေးသက်သက်ပါပဲ။  ဒါကြောင့်လည်း ဒေသအလိုက် တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးအတွက်    နိုင်ငံတော်အစိုးရက လုပ်ပေးထားတဲ့  အခြေခံအဆောက်အအုံမှန်သမျှ အဖျက်သက်သက် ဖျက်ဆီးနေကြခြင်းဖြစ်ပါတယ်၊၊ 
နိုင်ငံကို ရရင်ရသလောက် နိုင်ရာစားဘဝနဲ့ တစ်စစီတစ်ဖဲ့စီ ဖဲ့ယူ ကြမယ့်သူတွေသာ ဖြစ်ပါတယ်။ ရခဲ့ရင်လည်း ပြည်နယ်တစ်ပြည်နယ် ထဲမှာကို လက်နက်ကိုင်အဖွဲ့က အနည်းဆုံး နှစ်ဖွဲ့သုံးဖွဲ့ရှိနေတာကြောင့် နောက်ဆုံး ပြိုကွဲပျက်စီးဖို့ပဲ ရှိပါတော့တယ်။ နိုင်ငံမှာ ထိန်းမနိုင်သိမ်းမရ အစိတ်စိတ်အမြွှာမြွှာပြိုကွဲပျက်စီးပြီး တစ်နိုင်ငံလုံးအလုံးစုံ ပျက်သုဉ်း ရေးသည်ပင် သူတို့ရဲ့အန္တိမရည်မှန်းချက်ဖြစ်ပါတယ်။
သက်ရောက်မှုနှင့်အတူ အနာဂတ်အိပ်မက်ဆိုးများ
ဒါကြောင့် နောက်ဆက်တွဲ  အမေရိကန်နောက်လိုက် အနောက် EU အဖွဲ့အစည်းများနဲ့ UN အဖွဲ့တွေအနေနဲ့က ယခုလို တရားမဝင် လက်နက်ကိုင်အားလုံးကို  အကြမ်းဖက်များလို့ ကြေညာလိုက်သလို ဖြစ်သွားစေတဲ့ ဒီစာရင်းဇယားရဲ့ သက်ရောက်မှုအပေါ်မှာ နှာစေးနေလို့ ရမယ်   မထင်တော့ပါဘူး။  နိုင်ငံနဲ့ပြည်သူအပေါ်  ရက်စက်ပြနေတဲ့ လက်နက်ကိုင်မှန်သမျှသည် အကြမ်းဖက်အဖွဲ့တွေသာဖြစ်သည်ဆိုတဲ့ အချက်အလက်တွေဟာ နောင်မှာယခုထက်ပိုပြီး ကွဲကွဲပြားပြား ဖြစ်လာမယ်လို့ သုံးသပ်မိပါတယ်။ 
မူလကတည်းက  ဘယ်လိုမှ  လက်ခံလို့မရတဲ့ အကြမ်းဖက်တွေ အတွက် ပြည်ပထောက်ပို့တွေမှာ  အကန့်အသတ်တွေ  ရှိလာနိုင်ပြီး အကြမ်းဖက်ခြင်းကို လုံးဝလက်မခံလောက်တဲ့ ထိုးနှက်ချက်တွေအဖြစ် ရုပ်လုံးပေါ်လာနိုင်ပါတယ်။   သူတို့အဆိုအရ  အနာဂတ်ဒီမိုကရေစီ တော်လှန်ရေးကြီးမှာ   အိပ်မက်ဆိုးတွေ  မလွဲမသွေ  ကြုံရတော့မှာ ဖြစ်ပါတယ်။ လုပ်ခဲ့တဲ့၊ ဖြစ်ခဲ့တဲ့အကြမ်းဖက်မှုတွေအတွက် တာဝန်ရှိ တဲ့သူတွေသည်  တာဝန်ခံကြရတော့မှာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ဖြစ်စဉ် တွေအရလည်း   အကြမ်းဖက်နဲ့   ထမင်းလုံးတစ္ဆေခြောက်ခံနေရတဲ့ အမေရိကန်ဟာ သူအစာကျွေးထားတဲ့လက် ကိုယ်ပြန်ကိုက်ခံရမှာ တော့ ကြောက်တတ်သူပါ။ အချိန်တန်ရင် အိမ်ရှင်ကမောင်းထုတ်ခံရတဲ့ ဧည့်သည်တွေလို တစ်ခါသေဖူးပျဉ်ဖိုးနားလည်သူတွေလည်း ဖြစ်ပါ တယ်။ ဒါကြောင့် သူ့အတွက်  အကျိုးမရှိဘူးထင်ရင် သန်းနဲ့ချီပြီး ရင်းထားရတဲ့ Burma Act ကတောင် ပြန်လည်နောက်ဆုတ်ဖို့ ဝန်မလေး၊ ဘုရားပြီးငြမ်းဖျက်မယ့်အလားအလာများရှိတယ်ဆိုတာ ယနေ့ PDF အမည်ခံအကြမ်းဖက်အဖွဲ့နဲ့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ (EAOs )  က တွက်ချက်နားလည် သဘောပေါက်ထားကြဖို့ပဲ ဖြစ်ပါ တယ်။  
ကိုယ့်အကျိုးစီးပွားနဲ့ကိုယ်၊  ကိုယ်ကျိုးသက်သက်သာ
ဘယ်လိုပဲဖြစ်ဖြစ် ယခုလို ထုတ်ပြန်ချက်အပေါ်မှာ အပြုသဘော ဆောင်တဲ့ ခြေလှမ်းတစ်ခုအဖြစ်နဲ့တော့ တရားသေမှတ်ယူလို့မရပါဘူး။ နိုင်ငံတော်နဲ့  တပ်မတော်အပေါ်  ဘက်ပေါင်းစုံအင်အားချည့်နဲ့အောင် လုပ်နေတဲ့ အနောက်အုပ်စုရဲ့ မီးစတစ်ဖက်၊  ရေမှုတ်တစ်ဖက် နိုင်ငံရေး ကစားကွက်အောက်မှာ အလုံးစုံပျက်သုဉ်းရေး အဖျက်လုပ်ရပ်တွေ ဟာ တစိုက်မတ်မတ်ရှိနေဆဲဖြစ်တယ်ဆိုတာ နားလည်ထားရပါမယ်။ 
ယခုအစီရင်ခံစာကြောင့်  ပြည်တွင်းအကြမ်းဖက် EAOs များနဲ့ PDF      အမည်ခံအကြမ်းဖက်အဖွဲ့တွေအပေါ်     အနည်းနဲ့အများ သက်ရောက်မှုများရှိလာနိုင်မှာဖြစ်ပြီး     သူတို့ရဲ့  မီးစာကုန်   ဆီခန်း၊  အဆုံးသတ်အကြမ်းဖက်မှုတွေကို ပိုပြီးလည်း လုပ်လာနိုင်ပါတယ်။ ဘိန်းဘုရင်တွေ နယ်မြေသိမ်းဖို့ လုပ်နေကြသလို အကြမ်းဖက်လက်နက် ကိုင် အားလုံးဟာ သူ့ရည်ရွယ်ချက်နဲ့သူပါ။ နောက်ကွယ်က ကူညီသူ အားလုံးလည်း သူ့အကြံနဲ့သူ၊ သူ့အကျိုးစီးပွားနဲ့သူပါ။ 
မနေ့တစ်နေ့ကပဲ     ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ   အစ္စရေး- ဟားမားစ်စစ် တစ်ခဲနက်အပစ်ရပ်တောင်းဆိုချက်အမိန့်ကို အမေရိကန် ဘက်က မလေးမစား ဗီတိုသုံး ပယ်ချလိုက်တာကြည့်ရင် သိနိုင်ပါတယ်။ မိမိတို့ပြည်သူတွေသိဖို့က အမေရိကန်ဟာ   မြန်မာ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေအပေါ် အကြမ်းဖက်တံဆိပ်တပ်နေစဉ် တစ်ချိန် တည်းမှာ  ဂါဇာစစ်မှာ အစ္စရေးကို လက်နက်အကြီးအကျယ်ထောက်ပံ့ပြီး လူ့အခွင့်အရေးကျူးလွန်မှုတွေမှာ  ကြံရာပါအဖြစ် ရပ်တည်နေတယ် ဆိုတာပါပဲ။ 
အမေရိကန်နဲ့ အနောက်အုပ်စုဟာ သူတို့ ရေရှည်အကျိုးစီးပွားထိခိုက်မှာကို ဘယ်တော့မှ မစွန့်လွှတ်တတ်ဘူး၊  ဘယ်တော့မှလည်း မရပ်တန့်တတ်ဘူးဆိုတာ သိသာတဲ့အချက်ဖြစ်ပြီး အမေရိကန်တွေ ဟာ သူတို့ထောက်ပံ့ခဲ့တာတွေအတွက် အတိုးရောအရင်းပါ ပြန်ယူ တတ်တဲ့သူတွေဆိုတာကိုလည်း သိထားဖို့လိုပါတယ်။
ဒီလိုအချိန်မှာ ပြည်တွင်းပြည်ပ  ကောက်ကျစ်မှုနဲ့ကြမ်းကြုတ်မှုတွေ အပေါ် နိုင်ငံတော်၊  တပ်မတော်နဲ့ ပြည်သူများရဲ့ ခံနိုင်ရည်အားက များစွာအရေးကြီးလာပြီဖြစ်ပါတယ်။ ယုတ်မာတဲ့သူဆိုတာ ပြုပြင်နိုင်ခဲ လှပါတယ်။ စေတနာမေတ္တာနဲ့အချိန်ပေးခဲ့တာ တန်ရဲ့လား၊ သူယုတ်မာ နဲ့သူတော်ကောင်းအကြား   ပြည်သူတွေရဲ့  သုံးသပ်ချက်ဟာ   ကွဲကွဲ ပြားပြားရှိလာပြီလို့လည်း ယူဆမိပါတယ်။  အဓိကအချက်က ဘယ်သူ တွေ ဘာပြောပြော၊  ဘာသုတေသနပဲလုပ်လုပ် နိုင်ငံအကျိုးအခြေခံတဲ့ ဘုံရည်မှန်းချက် တူညီဖို့က အရေးကြီးဆုံးပါပဲ။ 
တည်ငြိမ်ရေးက ယခုအချိန်မှာ အရေးကြီးဆုံးဖြစ်တဲ့အတွက် တည်ငြိမ်အေးချမ်းရေးနဲ့ ထာဝရငြိမ်းချမ်းရေးမှာ တတ်နိုင်တဲ့ဘက်က ပံ့ပိုးကူညီပေးဖို့ဖြစ်ပါတယ်။   ဘုံရန်သူက ဘယ်သူလဲ၊   ပြည်သူကို လက်တွေ့ ကာကွယ်စောင့်ရှောက်နေသူကဘယ်သူလဲ၊ ဘယ်သူ့ကို ယုံကြည်သင့်ပါသလဲဆိုတာ သိနားလည်ပြီးသကာလ ရည်မှန်းချက် လည်းတူမယ်    ညီညွတ်မှုလည်းရှိကြမယ်ဆိုရင်   အချိန်မီကုသဖို့ ဆေးလည်း ပေါ်လာမှာဖြစ်ပါတယ်။ 
အကြမ်းဖက်နဲ့ အကြမ်းဖက်အားပေးများအတွက် ယခုလိုအချိန် ဟာ  မိမိတို့အတွက် အလှည့်အပြောင်း turning point တစ်ခုဖြစ် ကြောင်း    အစီရင်ခံစာအပေါ်   များစွာအလေးထားသတိမူပြီး အကြမ်းဖက်မှုတွေကို လုံးဝစွန့်လွှတ်ချိန်တန်ပြီလို့သာ တိုက်တွန်းချင် ပါတယ်။ အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်များ၊ ပညာဉာဏ်ပြည့်တဲ့ တိုင်းရင်းသားပြည်သူများနဲ့အတူ  အကြမ်းဖက်တွေအနေနဲ့ မိမိတို့ရဲ့ လုပ်ရပ်များကို  သုံးသပ်အဖြေရှာပြီး ပြည်သူ့အသံနားစွင့်ကာ အေးချမ်းမှု ကို အတူရှာဖွေကြဖို့ပဲဖြစ်ပါတယ်လို့ ဆိုလိုက်ပါရစေ။       ။