၂၀၂၃ ခုနှစ် အာရှ အကောင်းမွန်ဆုံးဖန်တီးမှုများ အကယ်ဒမီဆုချီးမြှင့်ပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

 

စင်ကာပူ  ဒီဇင်ဘာ  ၈


ရုပ်ရှင်၊ ရုပ်သံလောကတွင် ဂုဏ်သိက္ခာမြင့်မားသောဆုတစ်ခုဖြစ်သည့် ၂၀၂၃ ခုနှစ် အာရှအကောင်းမွန်ဆုံး  ဖန်တီးမှုများ အကယ်ဒမီဆု (2023 Asian Academy Creative    Awards)  ချီးမြှင့်ပွဲကို   ယမန်နေ့က စင်ကာပူနိုင်ငံ   ဝိတိုရိယလမ်း   အမှတ်  (၃၀)  ရှိ  CHIJMES  ခန်းမ၌  ကျင်းပရာ  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား  ညွှန်ကြားရေးမှူးချုပ်  ဦးရဲနိုင်နှင့် ညွှန်ကြားရေးမှူး  ဦးစောမြင့်ဇော်တို့ ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။


အဆိုပါ ဆုချီးမြှင့်ပွဲကို CHIJMES ခန်းမတွင် ယမန်နေ့နံနက်  ၁၁  နာရီခွဲမှ  မွန်းလွဲပိုင်းအထိ ထူးချွန်ဆု ၁၆ ဆုကိုလည်းကောင်း၊ ညနေ ၅ နာရီမှ ည ၁၀ နာရီအထိ နောက်ဆုံးဆန်ခါတင် ထူးချွန်ဆု ၂၀  ကိုလည်းကောင်း   လုပ်ဆောင်မှုများအလိုက် အကောင်းဆုံးပြကွက်များ ပြသပြီး အာရှတစ်ဝန်းရှိ အနုပညာလောကမှ ထင်ပေါ်ကျော်ကြားသူများက ထူးချွန်ဆုရရှိသူများကို      ဖွင့်ဖောက်ကြေညာ၍ ရွှေရောင်   နတ်မိမယ်ရုပ်တု   (Golden   Goddess Statue) ဆုများအား ချီးမြှင့်ပေးသည်။


အဆိုပါဆုချီးမြှင့်ပွဲကို အာရှပစိဖိတ်ဒေသအတွင်း ၁၆   နိုင်ငံမှ   ရုပ်ရှင်နှင့်    ရုပ်သံနယ်ပယ်တွင် အကောင်းဆုံးပြသခဲ့မှုများမှ ရွေးချယ်၍ ၂၀၁၈ ခုနှစ်မှ စတင်ကာ စင်ကာပူနိုင်ငံ Capitol ပြဇာတ်ရုံ တွင် ဆုချီးမြှင့်ပေးခဲ့ခြင်းဖြစ်ပြီး နှစ်စဉ်ဒီဇင်ဘာလ များ၌   ပုံမှန်ကျင်းပခဲ့ရာမှ   ၂၀၂၀    ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် Virtual စနစ်ဖြင့် ကျင်းပခဲ့ရကြောင်း၊  ယင်းဆုများကို  သက်ဆိုင်ရာ နယ်ပယ်များတွင် အနည်းဆုံးသက်တမ်း ငါးနှစ်ရှိသည့် ကျွမ်းကျင်ပညာရှင်များအား  ဒိုင်အဖွဲ့ အဖြစ်   ရွေးချယ်ပြီး   ဆုအမျိုးအစား   ၃၈   မျိုးကို ဆုချီးမြှင့်ခြင်းဖြစ်သည်။


ယင်းသို့ မြန်မာနိုင်ငံမှ ၂၀၁၉ ခုနှစ်တွင် လိပ်ပြာ စံအိမ်ဇာတ်ကား  (The  Only  Mom  by  Brave Empire Entertainment) ဖြင့် ကလေးသရုပ်ဆောင် ပြည့်ပြည့်က အကောင်းဆုံးဇာတ်ပို့ဆု (Best Actress in  a  Supporting  Role)  ကိုလည်းကောင်း၊ အကောင်းဆုံးဇာတ်လမ်းတိုဆု (Best Short Film Content Role)ကို မွန်ကြီး ထုတ်လုပ်ရေးမှ (Still / Life) ဖြင့်လည်းကောင်း၊ ဝတ်မှုန်ရွှေရည်က အမျိုး သမီး  ဇာတ်ဆောင်ဆု   (National Winner)   ကို လည်းကောင်း၊   ၂၀၂၀   ပြည့်နှစ်တွင်   လိပ်ပြာ (Lakepyar) ရုပ်သံဇာတ်လမ်းတွဲမှ   ရုပ်ရှင်ခေါင်းစဉ် အမည်နှင့်  ဇာတ်ဝင်တေးသီချင်းဆု (The Best  Theme Song or Title Theme)ကို ဒယ်နီရယ်စောက လည်းကောင်း၊ ယခု ၂၀၂၃ ခုနှစ်တွင် တမြေ့မြေ့မိုး ဇာတ်လမ်းတွဲဖြင့် အေးချမ်းမောင်နှင့် ပန်းရောင်ချယ် တို့က လည်းကောင်း၊  ချိုခါးဆိမ့်သက်  အချစ်တစ်ခွက် ဇာတ်လမ်းတွဲဖြင့် ဆုထက်ကလည်းကောင်း၊ ရန်ကုန် ညများ ဇာတ်လမ်းတွဲဖြင့် ဒါရိုက်တာ စိုင်းဉာဏ်လင်း ဆက်က လည်းကောင်း (National Winner)ဆုများ အသီးသီးရရှိကြသည်။


အဆိုပါပြိုင်ပွဲသို့   မြန်မာနိုင်ငံကိုယ်စားပြုပြီး ရုပ်ရှင်/ရုပ်သံဖန်တီးမှုများ ပေးပို့ယှဉ်ပြိုင်ခွင့် ရရှိခြင်း ဖြင့် နိုင်ငံတကာတွင် မြန်မာတို့၏ ဖန်တီးမှုစွမ်းရည် များကို ပြသနိုင်ကြောင်း၊ မြန်မာကိုယ်စားလှယ်အဖွဲ့ အနေဖြင့်လည်း ဒေသအတွင်းရှိ နိုင်ငံပေါင်း ၁၆ နိုင်ငံမှ   အကောင်းဆုံး   ဖန်တီးမှုလက်ရာများနှင့် ၎င်းတို့၏ အကဲဖြတ်စနစ်များကို လေ့လာခွင့် ရရှိခဲ့ သည့်အပြင် နိုင်ငံတကာ  အဖွဲ့အစည်းများနှင့်လည်း  ချိတ်ဆက်မှုများရရှိခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်